အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရှော့တိုက်ဒုံးအပစ်ခံရသော လားရှိုးမြို့တွင် အမျိုးသမီး ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

လားရှိုးမြို့ရှောင်လမ်းဘက်မှ လာသည်ဟု ယူဆရသည့် ရှော့တိုက်ဒုံးများ မြို့ပေါ် ရပ်ကွက်နှစ်ခုရှိ လူနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့စဉ် သေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည်။

စစ်တပ်က ပြန်လည်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့တွင် ယမန်နေ့ (ဇူလိုင်လ ၉ ရက်) ညနေက ရှော့တိုက်ဒုံး လေးလုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံများထံက သိရသည်။

လားရှိုးမြို့ရှောင်လမ်းဘက်မှ လာသည်ဟု ယူဆရသည့် ရှော့တိုက်ဒုံး လေးလုံးထက်မနည်းမှာ ယမန်နေ့ ညနေ ၆ နာရီခွဲခန့်က လားရှိုးမြို့ပေါ် အမှတ် (၁၀) ရပ်ကွက်နှင့် အမှတ် (၆) ရပ်ကွက်ရှိ လူနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဆိုကြသည်။

ပေါက်ကွဲမှုကြောင့် စစ်တပ်၏အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အနီးရှိ အမှတ် (၁၀) ရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး မြို့လယ်ကောင်ရှိ အမှတ် (၆) ရပ်ကွက်နေ အမျိုးသမီးတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“အဲဒီညီမလေး (သေဆုံးသူ) က အိမ်ထဲမှာ အိပ်နေတာ။ ရှော့တိုက်ဒုံးက အိမ်ထဲကိုကျတော့ အစတွေမှန်ပြီး ဆေးရုံပို့တဲ့အချိန် ဆုံးသွားတာ” ဟု သေဆုံးသူနှင့် နီးစပ်သည့် တစ်ရပ်ကွက်တည်းနေ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ရှော့တိုက်ဒုံးကျရောက်သည့် ဖြစ်စဉ်မှာ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းတွင် လားရှိုးမြို့အား ကိုးကန့်တပ် (MNDAA) က သိမ်းပိုက်ရန် တိုက်ပွဲဖော်ဆောင်ခဲ့သည့် နှစ်နှစ်ပြည့်ကာလနှင့် တိုက်ဆိုင်နေ၍ မြို့ခံများကြား ထိတ်လန့်ခဲ့ရသည်။

“၂၀၂၄ တုန်းကလည်း အချိန်က ဒီလိုပဲ ရှော့တိုက်ဒုံးတွေ ကျပြီး တိုက်ပွဲတွေ ဖြစ်ခဲ့တာ။ အကုန်လုံးလည်း ဒီအချိန်ပဲ စစ်ရှောင်ခဲ့ရတာဆိုတော့ စိုးရိမ်ကြတာပေါ့ဗျာ။ တိုက်ပွဲပြန်ဖြစ်ပြီလားလို့ စိုးရိမ်နေရတာ” ဟု လားရှိုးမြို့ခံ နောက်တစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ခဲ့သည့် ယမန်နေ့ ညနေတွင် မြို့တွင်း၌ အခြေအနေများ ရှုပ်ထွေးသွားခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင်မူ  မြို့တွင်း ပြန်လည်စည်ကားနေပြီး အရောင်းအဝယ်များ ပုံမှန်အတိုင်းရှိကြောင်း မြို့ခံများထံက သိရသည်။

စစ်တပ်ထောက်ခံသူများက အဆိုပါပစ်ခတ်မှုမှာ မြို့ပြင်တွင်ရှိနေသည့် MNDAA တပ်ဖွဲ့၏ လက်ချက် ဟု စွပ်စွဲပြောဆိုနေကြသော်လည်း MNDAA တပ်ဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူများကမူ ငြင်းဆိုထားသည်။

ယမန်နေ့ဖြစ်စဉ်နှင့်ပတ်သက်၍ မြို့ပေါ်ရပ်ကွက်များကို ထိန်းချုပ်ထားသည့် စစ်တပ်နှင့် မြို့ပြင်နေရာများကို ထိန်းချုပ်ထားသည့် MNDAA နှစ်ဖွဲ့လုံးက ယနေ့ မွန်းလွဲပိုင်းအထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း လားရှိုးမြို့ပေါ် ရပ်ကွက်အချို့တွင် ရှော့တိုက်ဒုံးအချို့ ကျရောက် ပေါက်ကွဲခဲ့မှု ဖြစ်ပွားထားသည်။ ထိုပေါက်ကွဲမှုများတွင် လူထိခိုက်မှုမရှိခဲ့ဘဲ မည်သည့်အဖွဲ့ လက်ချက်ဖြစ်သည်ကိုလည်း မသိရပေ။

လားရှိုးမြို့မြောက်ဘက် မိုင် ၁၀၀ ကျော်အကွာ မူဆယ်မြို့အရှေ့ဘက် ခြောက်မိုင်ကျော်အကွာ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ အဖွဲ့ဝင်များဖြစ်သော  အာရက္ခတပ်တော် (AA) နှင့် MNDAA တပ်များ အခြေချလှုပ်ရှားသည်။ 

စစ်တပ်က ပြန်အုပ်ချုပ်နေသော လားရှိုးမြို့ပေါ်တွင် ၂၀၂၃ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းများအရ ရပ်ကွက် (၁၂) ရပ်ကွက်တွင် လူ ၁၄၀,၀၀၀ ကျော် နေထိုင်ပြီး လားရှိုးမြို့နယ် အတွင်းရှိ ကျေးရွာ ၇၅ ခုတွင် လူတစ်သိန်းခွဲခန့် နေထိုင်သည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် လားရှိုးမြို့ကို MNDAA နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့က စတင်တိုက် ခိုက်ခဲ့ပြီး ဩဂုတ်လ ၃ ရက်တွင် လားရှိုးတစ်မြို့လုံးကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ကူမင်းမြို့၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲအရ လားရှိုးမြို့ကို MNDAA က စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးရန် သဘောတူခဲ့သည်။ 

ထို့နောက်၂၀၂၅ ခုနှစ် ဧပြီလ ၂၂ ရက်တွင် လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုနှင့် ဟူးမွန်ကျေးရွာအုပ်စု တစ်ခုအား MNDAA က စစ်တပ်ထံ လွှဲပြောင်းပေးခဲ့သည်။ လားရှိုးမြို့ရှောင်လမ်းအပါအဝင် မြို့ပတ်လည်ရှိ ကျေးရွာများနှင့် မိုင်းရယ်၊ သီပေါလမ်းပိုင်းများကို MNDAA က ဆက်လက်ထိန်းချုပ်ထားသည်။

ထိုသို့ နှစ်ဖက် အပစ်ရပ်ပြီးနောက် လားရှိုးမြို့၌ စစ်တပ်နှင့် MNDAA တို့ လစဉ် တွေ့ဆုံဆွေးနွေးမှုများ ရှိနေသည်။

လားရှိုးမြို့ထဲမှ စစ်တပ်က ၎င်းတို့ထွက်ပေါက်ရရန် သီပေါ-မိုင်းရယ် လမ်းပိုင်းမှ MNDAA တပ်ဖွဲ့များ ဆုတ်ခွာပေးရန် မကြာခဏ တောင်းဆိုခဲ့သော်လည်း ပြေလည်မှုမရခဲ့ကြောင်း MNDAA နှင့် နီးစပ်သူများထံက သိရသည်။

လားရှိုးမြို့ပေါ်တွင် MNDAA နှင့် ဆက်ဆံရေးရုံးဖွင့်နိုင်ရေးအတွက် နှစ်ဖက် သဘောတူညီမှုများ ရှိသော် လည်း ယနေ့အထိ အကောင်အထည် မပေါ်သေးကြောင်းလည်း MNDAA နှင့် နီးစပ်သူများက ဆိုသည်။

လားရှိုးမြို့လယ် ရပ်ကွက် (၆) မှ နေအိမ်တစ်လုံးအနီး ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့စဉ်။ (ဓာတ်ပုံ-Screengrab) 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button