မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် ရေဘေးနှင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် သုံးနှစ်ကလေးတစ်ဦးအပါအဝင် ခုနစ်ဦး သေဆုံးခဲ့ပြီး ရွာပေါင်း ၂၀၀ ကျော်မှ ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။
ဇူလိုင်လ ၅ ရက်ကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေခြင်းဖြစ်ကာ နေအိမ်များအတွင်း ရေဝင်ရောက်လာ သဖြင့် ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မောင်တော၊ ဘူးသီးတောင်၊ မောင်တောနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ဘေးဒုက္ခဖြစ်သည့် အခြေအနေ ရောက်ရှိလာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။
ရခိုင်ဒေသအချို့နေရာများ၌ ခုနစ်ပေအထက် ရေမြင့်တက်နေပြီး ရေကြီးမှုကြောင့် ဘူးသီးတောင် မြို့နယ်၌ လူတစ်ဦးသေဆုံးကာ ကျောက်တော်မြို့နယ်၌ လူသုံးဦး သေဆုံးသွားသည်၊ လူအများအပြား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေသည်ဟု ရခိုင်အခြေစိုက်လူထု ဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့ (ACRO)ထံက သိရသည်။
ယနေ့ နံနက် ၁၀ နာရီခန့်က ရခိုင်တောင်ပိုင်း ဂွမြို့နယ်အား ဗုံးကြဲခဲ့ရာ ကုလားချောင်းရွာမှ ဖိုးသားလေး (သုံးနှစ်) ၊ ဦးညွန့်မောင်( ၅၃ နှစ်)၊ ဒေါ်မမလေး (၅၇ နှစ်) တို့ သေဆုံးခဲ့ပြီး နှစ်ဦး အပြင်းအထန်ဒဏ်ရာရကြောင်း ဒေသအခြေစိုက် အာရက္ခမင်းသမီး မီဒီယာတွင် ဖော်ပြထားသည်။
ရေကြီးမှုတွင် ရခိုင်ဒေသ လေးမြို့နယ်၌ အဆိုးဆုံးဖြစ်နေသည်ဟု ACRO အဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုဇော်ဇော်ထွန်းက ပြောသည်။
“အခု ရေကြီးနေတာက ရခိုင်ပြည် အလယ်ပိုင်းက မြို့နယ်တွေ ရေကြီးနေတယ်။ အထူးသဖြင့် မင်းပြားက အဆိုးဆုံးလို့ ပြောလို့ရတယ်။ ပြီးရင်ကျောက်တော်ပေါ့။ မြောက်ဦး၊ ပုဏ္ဏားကျွန်းပေါ့။ ဒီဟာက မိုးရာသီမှာ မိုးရွာသွန်းလို့ ပုံမှန်ဖြစ်နေကျအတိုင်းအတာလို့ ပြောလို့မရဘူး။ ဒါက အရင်ကဖြစ်နေကျပဲလို့ မယူဆဘဲနဲ့ သဘာဝဘေးကို ပိုလို့ သတိချပ်သင့်တယ်”ဟု ၎င်းက ဆိုသည်။
ရေကြီးမှုကြောင့် လယ်ယာ၊ စိုက်ပျိုးရေးဥယျာဥ်များပျက်စီးခြင်း ကြုံနေရကာ သောက်သုံးရေကန်များ ရေလွှမ်းမိုးမှုရှိနေပြီး ရေမသန့်ရှင်းမှုကြောင့် ဒေသခံများ ဝမ်းရောဂါဖြစ်ပွားနေကြောင်း ပြောသည်။
“ရေကြီးမှုကြောင့် တောတောင်ကိုသွားပြီး ဟင်းရှာ၊ ထင်းရှာ လုပ်စားနေကြတဲ့သူတွေ ဘာမှအလုပ်လုပ်လို့ အဆင်မပြေတော့ဘူး။ စားဖို့၊ သောက်ဖို့ (ပိုက်ဆံ၊ စားနပ်ရိက္ခာ)မရှိ ဖြစ်သွားတယ်။ ပြီးရင် တစ်နေရာနဲ့ တစ်နေရာ သွားလာလို့ မရတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေ တချို့နေရာတွေမှာ ပြတ်ထွက်သွားတာ မြင်ရတယ်။ ပြီးရင် ငွေထုတ်လို့ မရ။ ငွေအလွှဲအပြောင်းလုပ်လို့ မရတာကိုလည်း ကြားနေရတယ်”ဟု ACRO အဖွဲ့ ဒါရိုက်တာက ဆိုသည်။
မြောက်ဦးမြို့တွင် မြို့အနှံ့ ရေကြီးနေသောကြောင့် တစ်နေရာမှ တစ်နေရာသို့ သွားလာရမှု အခက်အခဲ ဖြစ်နေကြောင်း ထိုမြို့သို့ ကုန်ပစ္စည်းများဝယ်ယူရန်လာရောက်သည့် မြောက်ဦးမြို့နယ် ဒေသခံ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
“မိုးကလည်း သိပ်ရွာနေတော့ ဖုန်းအားသွင်းရတာလည်း အဆင်မပြေ ။ မီးစက်ရှိတဲ့အိမ်တွေကို သွားမယ် ဆိုလည်း ရေပြည့်နေတော့ အဲဒီနေရာတွေကိုသွားဖို့ အဆင်မပြေတော့ဘူး။ ကိုယ်က တခဏတာ အလည်လာတဲ့သူဖြစ်လို့ ဒီလောက်ကြုံတွေ့ရတာ။ ဒီမှာနေတဲ့သူတွေ တစ်ရက်လုပ်မှတစ်ရက်စားရတဲ့ လက်လုပ်လက်စားတွေကတော့ သိပ်ခက်ခဲမယ်။ စျေးကလည်းပိတ်တယ်။သွားလို့ငါးရှာဖို့ကလည်း အဆင်မပြေတော့ဘူး။တစ်နေရာကနေ တစ်နေရာကို သွားပြီးရောင်းဖို့ကလည်း အဆင်မပြေတော့ဘူး”ဟု ၎င်းက ပြောသည်။
အလားတူ စစ်ဘေးရှောင်စခန်းများလည်း ရေနစ်မြုပ်နေပြီး အရေးအပေါ်အကူအညီလိုအပ်နေသည်ဟု သိရသည်။
အာရက္ခတပ်တော်(AA)သည် ရခိုင်ပြည်နယ် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဖွဲ့စည်းကာ အုပ်ချုပ်ရေးယန္တရား လည်ပတ်လျက်ရှိသည်။ ထို့အပြင် အရေးပေါ်အခြေအနေများ ဆောင်ရွက်ရန် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) ကိုလည်း ဖွဲ့စည်းထားပြီး လက်ရှိရေကြီးနေမှုအား တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေဖြစ်ကြောင်း ယမန်နေ့က ကြေညာထားသည်။
AA က ဦးဆောင်ပြီး လူမှုကူညီရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်းကာ ကူညီဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း စာရေးဆရာ ဝေဟင်အောင်က ပြောသည်။
“လက်ရှိ ရခိုင်မှာ မိုးအဆက်မပြတ် ရွာတာက လေး၊ ငါးရက်လောက်ရှိပြီ။ အဲဒီမိုးအရမ်းရွာတော့ မြစ်ရေတွေက မြင့်တက်လာပြီးတော့ မြေနိမ့်ပိုင်းဒေသက ရွာတွေအများစုဟာ ရေဘေးဒဏ်ကိုခံနေရတယ်။ အဲဒီမှာ အဆိုးဝါးဆုံးလို့ ပြောမယ်ဆိုရင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား ဒီသုံးမြို့က မြို့ပေါ် ရပ်ကွက်တချို့လည်း ရေမြုပ်နေတယ်။ နယ်တွေလည်း ရေမြုပ်နေတယ်ဗျ”ဟု ၎င်းက ဆိုသည်။
သို့ရာတွင် AA အနေဖြင့် ရခိုင်အခြေစိုက်အရပ်ဘက်အဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ရှိသော်လည်း နည်းပါးနေသေးကြောင်း ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များထံက သိရသည်။
ရခိုင်ပြည်နယ်တွင် AA နှင့် အာဏာသိမ်းစစ်တပ်တို့သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းကပင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ရာ ထိုအချိန်ကစ၍ ဒေသတွင်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက် သွားခဲ့ရသဖြင့် ဆက်သွယ်ရေးအတွက် လက်ရှိတွင် စတားလင့်ခ် (Starlink) အင်တာနက်ကိုသာ အမှီပြု နေရသည်။
သို့သော် စတားလင့်ခ် (Starlink)အင်တာနက်ကို လူတိုင်းသုံးနိုင်သည့် အခြေအနေ မဟုတ်သောကြောင့် ပြည်သူလူထုများ မိုးလေဝသဆိုင်ရာသတင်းအချက်အလက်ရရှိနိုင်မှု နည်းပါးနေကြောင်း ဒေသခံများက ဆိုကြသည်။
ကိုဇော်ဇော်ထွန်းကလည်း “လောလောဆယ်မှာ လူတွေက ကိုယ်တို့ရဲ့ အတွေ့အကြုံပေါ့။ အတွေ့အကြုံက ပေးလာတဲ့အသိတွေနဲ့လည်း သူတို့ဆုံးဖြတ်ပြီး နေကြရတယ်။ ဥပမာ မိုးဆက်တိုက်ရွာနေတယ်၊ မြစ်မှာ ရေတက်လာတယ်၊ အဲဒီလိုဆိုရင် ရေပြည့်လာနိုင်တယ်။ အဲဒီလို သူတို့ရဲ့ဘဝပေးအတွေ့အကြုံနဲ့ပဲ နေကြရတယ်”ဟု ပြောသည်။
“သတင်းအချက်အလက်တွေကလည်း သိပ်မရနိုင်ကြတော့ ဘာကြောင့်မိုးရွာနေတာလဲ၊ ဘယ်လောက်ထိ ရွာမယ့် အခြေအနေရှိလဲ၊ ရေဘယ်လောက်ထိ ကြီးမယ့်အခြေအနေရှိလဲ။ လက်ရှိတိကျတဲ့ သတင်းအချက် အလက်တွေကို သိတဲ့လူတွေက နည်းကြတယ်။ ဒါဟာ အန္တရာယ်များတဲ့အခြေအနေလို့ယူဆရတယ်”
လက်ရှိတွင် ရေကြီးမှုကြောင့် လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကို ဆက်သွယ်ရေးအခြေအနေများကြောင့် အတည်ပြုနိုင်ရန် ခက်ခဲကြောင်း ကူညီရေးဆောင်ရွက်နေသည့် စာရေးဆရာ ဝေဟင်အောင်ကလည်း ပြောသည်။
ရခိုင်ပြည်နယ်တွင် ဇူလိုင်လ ၅ ရက်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တွင် လူနေအိမ် ၂၄၀ လုံး ပျက်စီးခဲ့သည်။
ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့တွင် စစ်တပ်နှင့် AA တို့တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲမရှိသည့် AA ထိန်းချုပ်ထားသည့် မြို့နယ်များကိုလည်း စစ်တပ်က လေကြောင်းမှ မကြာခဏ ဗုံးကြဲ တိုက်ခိုက်နေသည်။
ရေကြီးမှု၊ လေကြောင်းကြောင့် လူသေဆုံးမှုအခြေအနေများနှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် အသေးစိတ် မေးမြန်း၍ မရသေးပေ။



