ကချင်ပြည်နယ်မိုးကောင်းမြို့နယ်ဆားမှော်တိုက်နယ်ကျေးရွာရှိ ကချင်နှစ်ခြင်းအသင်းတော် (KBC) ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ သင်းအုပ်ဆရာများအပါအဝင် ဒေသခံ ၃၀ ခန့်ကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က ဖမ်းဆီးသွားရာ ကလေးများနှင့် အမျိုးသမီးအချို့ကို ပြန်လွှတ်လိုက်သော်လည်း အများစုကို ဆက်လက်ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်၊ ညနေ ၅ နာရီခန့်တွင် SNA တပ်ဖွဲ့ဝင်များသည် KBC ဘုရားကျောင်းကို ရောက်ရှိလာပြီး သင်းအုပ်ဆရာ နှစ်ဦး၊ လူငယ်အချို့၊ အသက် ၁၀ နှစ်အောက်အရွယ် ကလေးနှစ်ဦးနှင့် အမျိုးသမီးများကို ဖမ်းဆီးသွားခြင်းဖြစ်သည်။
“KBC ဘုရားကျောင်းဝင်းထဲအထိ ဝင်ပြီးတော့ ဖမ်းသွားတာ၊ သင်းအုပ်ဆရာ နှစ်ယောက်လည်း ပါသွားတယ်။ အယောက် ၃၀ နီးပါးလောက် အဖမ်းခံရတယ်” ဟု မိုးညှင်းဒေသရှိ ကချင်လွတ်လပ်ရေးတပ် KIA မှ သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။
ထို့နောက် ယင်းနေ့ ည ၁၁ နာရီခန့်တွင် ကလေးငယ်များနှင့် အမျိုးသမီးကြီးအချို့အပါအဝင် အရပ်သား ၁၂ ဦးကို ပြန်လွှတ်ပေးလိုက်သော်လည်း ကျန်သူများအား ဆက်လက်ဖမ်းဆီးထားသည်ဟု အထက်ပါ အမျိုးသားက ဆိုသည်။
ဆက်လက်ဖမ်းဆီးခံထားရသူများထဲတွင် သင်းအုပ်ဆရာ နှစ်ဦးနှင့် သမ္မာကျမ်းစာသင်ကြားနေသူအချို့ အပါအဝင် ၁၇ ဦး၊ ဘုရားကျောင်း၌ မူးယစ်ဆေးဖြတ်နေကြသူအချို့ပါဝင်သည်ဟု သိရပြီး လူ ၂၀ ထက်မနည်း ဆက်လက်ဖမ်းဆီးခံထားရသည်။

မိုးကောင်းမြို့ ကညင်မြိုင်ရွာတွင် အခြေစိုက်သည့် SNA တပ်မဟာ(၅၆၅)က ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးရသည့် အကြောင်းအရင်း၊ မည်သည့်နေရာတွင် ဖမ်းဆီးသွားကြောင်းလည်း မသိရကြောင်း KIA နှင့် နီးစပ်သူ ဆားမှော်ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“ဘယ်ကိုဖမ်းသွားလဲမသိရသေးပါဘူး အခုထိ။ ဆွဲတာက ပေါ်တာပုံစံလည်းမဟုတ်ဘူး၊ စဉ်းစားရခက်နေတယ်။ မိုးကောင်းရှမ်းနီအရာရှိသား မင်းရဲကျော် ဦးဆောင်တဲ့အဖွဲ့ကဆွဲတာ” ဟု ၎င်းက ဆိုသည်။
သို့ရာတွင် ကချင်အသင်းတော်အတွင်း SNA တပ် ဝင်ရောက်ဖမ်းဆီးမှုသည် ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်က အင်းတော်ကြီးဒေသ၊ နန့်မီးလောင်ကျေးရွာမှ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့မှ အဖွဲ့ဝင် လေးဦးကို KIA က ဖမ်းဆီးသွားမှုနှင့်ဆက်စပ်နိုင်သည်ဟု ဒေသခံများက ယူဆကြသည်။
SNA နှင့် ရှမ်းနီသတင်းများ ဖော်ပြနေသော The Voice of Shan-Ni သတင်းဌာနက ရှမ်းနီယဉ်ကျေးမှု အကအဖွဲ့ခေါင်းဆောင် ဖမ်းဆီးခံရပြီးနောက် ဆားမှော်ကျေးရွာရှိ KBC ဝင်းအတွင်းနေထိုင်သူများ စစ်ဆေးခံနေရကြောင်း သတင်းဖော်ပြထားသည်။
အထက်ပါ KIA စစ်ရေးသတင်းရင်းမြစ်က “သူတို့ (ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့) ကိုတော့ ဖမ်းထားတာ ငါးရက်၊ ခြောက်ရက်လောက်ရှိသွားပြီ။ အဓိက က ဟိုဘက် (SNA)ကို သတင်းပေးတာ ရှိလို့၊ SNA နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတာရောကြောင့် သူတို့ကို မသင်္ကာမှုနဲ့ ဖမ်းထားတာ” ဟု ပြောသည်။
ထို့ကြောင့် SNA က လက်တုံ့ပြန်သည့်အနေဖြင့် KBC အသင်းဝင်များကို ဖမ်းဆီးသည်ဟု သတင်းများ ထွက်နေကြောင်း၊ အဖွဲ့အစည်းနှစ်ဖက် အပြန်အလှန်ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။
အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး SNA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းနှင့် ဗိုလ်မှူးကြီးဆေးစိုင်းထွန်း၊ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူတို့ကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
KBC အဖွဲ့ဝင်များ ပြန်လည်လွတ်မြောက်ရေး တောင်းဆိုရန် ကချင်ခရစ်ယာန်သင်းအုပ်ဆရာများနှင့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)တို့ ဦးဆောင်ကာ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းမှူးနှင့် တွေ့ဆုံရန် ယမန်နေ့ (ဇူလိုင်လ ၉ ရက်)တွင် သွားရောက်ခဲ့သည်ဟု KIA စစ်ရေး သတင်းရင်းမြစ်အဆိုအရ သိရသည်။
PCG အဖွဲ့မှာ စစ်တပ်နှင့် KIA အကြား ငြိမ်းချမ်းရေးကိစ္စများဆွေးနွေးရန် ကြားခံအဖြစ် ဆက်သွယ် ဆောင်ရွက်ပေးလေ့ရှိသည့်အဖွဲ့ဖြစ်ပြီး ယမန်နေ့က တိုင်းမှူးနှင့် တွေ့ဆုံခဲ့မှု ရှိမရှိ သိရှိနိုင်ရန် PCG တာဝန်ရှိသူအချို့နှင့် KBC တာဝန်ရှိသူတို့ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။
SNA တပ်မဟာ(၅၆၅) မှာ မိုးကောင်း၊ မိုးညှင်းနှင့် အင်းတော်ကြီးဒေသ၌ လှုပ်ရှားပြီး ထိုဒေသများ၌ အလားတူ အခြေချလှုပ်ရှားသော KIA တပ်မဟာ(၈) လက်အောက်ခံတပ်များနှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ အထူးသဖြင့် မိုးကောင်းမြို့နှင့် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် စစ်တပ်နှင့် ၎င်းတို့လက်အောက်ခံ ရှမ်းနီပြည်သူ့စစ်အဖွဲ့များနှင့် SNA တပ်များ ပူးပေါင်း၍ စစ်ရေးလှုပ်ရှားနေသည်။
SNA သည် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်တပ်ကို လက်နက်ကိုင်ခုခံလိုသူများအား သင်တန်းများ ပေးခဲ့သော်လည်း နောက်ပိုင်း စစ်တပ်နှင့်ပူးပေါင်းကာ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အတွင်း အခြေချလှုပ်ရှားနေသည်။
လက်ရှိတွင် ကချင်ပြည်နယ်အတွင်း အင်းတော်ကြီးဒေသအပြင် ဗန်းမော်မြို့နှင့် ရွှေကူမြို့တို့တွင်လည်း စစ်တပ်၊ SNA ပူးပေါင်းတပ်များနှင့် KIA ၊ ကချင်ဒေသကာကွယ်ရေးတပ်များ (KPDF) တိုက်ပွဲများ ဖြစ်ပွားနေသည်။



