အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းကင်းပအဖ အချုပ်ထောင်မှ ကျောင်းသားတော်လှန်ရေးတပ်ခေါင်းဆောင် ထွက်ပြေးပြီးနောက် ဆက်စပ်သူအချို့ဖမ်းခံရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲတွင် လှုပ်ရှားနေသည့် ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) သည် လူသတ်မှုအပါအဝင် အမှု ၈မှုအတွက် တာဝန်ရှိကြောင်း မင်းကင်းပအဖ ကစွပ်စွဲထားပြီး အဖွဲ့ခေါင်းဆောင် ကိုစံတင်ထွန်းကို ပြီးခဲ့သည့် မေလကတည်းက ဖမ်းဆီးထားသည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မင်းကင်း ပအဖ) အဖွဲ့က ဖမ်းဆီးထားသည့် ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ခေါင်းဆောင် ဇူလိုင် ၇ ရက်နေ့က ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ၎င်းနှင့်ဆက်စပ်သူအချို့ကို ခေါ်ယူစစ်ဆေးနေသည်ဟု မင်းကင်း ပအဖ က ဆိုသည်။

SRF အဖွဲ့သည် ၎င်းတို့အခြေစိုက်ရာဒေသများတွင် ဥပဒေမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်ကျေးရွာ အဆင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)များအားဖမ်းဆီး သတ်ဖြတ်ခြင်း၊ ကိုယ်ပိုင်တရားစီရင်ရေးဖြင့် တရားစီရင်ခြင်း၊ အသက် ၁၈ နှစ်မပြည့်သေးသူများကို အဓမ္မစစ်မှုထမ်းခိုင်းခြင်း အပါအဝင် အမှု ၈ မှုဖြင့် တရားစွဲတိုင်ကြားခံထားရသည် ဟု  မင်းကင်း ပအဖ က စွပ်စွဲထားသည်။ 

ထိုအတွက် SRF ခေါင်းဆောင်ကိုစံတင်ထွန်းကို မေလကတည်းက မင်းကင်းပအဖ ကဖမ်းဆီးထားခြင်းဖြစ်သည်။

SRF ခေါင်းဆောင်အချုပ်မှ ထွက်ပြေးနိုင်ရန်အတွက် အချုပ်တာဝန်ခံက အကူအညီပေးခဲ့သည်ဟု မင်းကင်းပအဖ တာဝန်ခံ ဦးဝင်းမင်းစိုးကပြောသည်။ ၎င်းကိုချုပ်နှောင်ထားခဲ့သည့် နေရာကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ထုတ်ဖော်ပြောဆိုခြင်းမရှိပါ။ 

SRF ခေါင်းဆောင်လွတ်မြောက်သွားပြီးနောက်၊ မထွက်ပြေးမီ ထောင်ဝင်စာသွားတွေ့ခဲ့သည့် အသက် ၂၀ အရွယ် အမျိုးသမီးတဦးကို ပူးပေါင်းကြံစည်မှု သံသယဖြင့် မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(မင်းကင်း ပကဖ) ကဖမ်းဆီးလိုက်သည်ဟု SRF တပ်ဖွဲ့နှင့် နီးစပ်သူများကပြောသည်။ 

အဖမ်းခံထားရသည့် အမျိုးသမီးသည် SRF ခေါင်းဆောင်၏ ချစ်သူရည်းစားဖြစ်ပြီး၊ အမျိုးသားညီညွတ်ရေးအစိုရ NUG ပညာရေးတွင် Grade 12 တက်နေသည့် အခြေခံပညာ ကျောင်းသားသမဂ္ဂ အထွေထွေအတွင်းရေးမှူးဟောင်းဖြစ်ကြောင်း အထက်ပါ SRF တပ်ဖွဲ့နှင့် နီးစပ်သူကပြောသည်။ ယင်းအချက်အလက်များအတွက် Myanmar Now က သီးခြားအတည်မပြုနိုင်သေးပါ။

မင်းကင်းပအဖဘက်ကမူ SRF ခေါင်းဆောင်ထွက်ပြေးသွားပြီးနောက် အမျိုးသမီးငယ်တဦးနှင့် သူ၏ဖခင်ကို ခေါ်ယူမေးမြန်းနေသည်ဟုဆိုပြီး ဖမ်းဆီးခြင်းမဟုတ်ဟုဆိုသည်။

“ …နောက်ထပ်လည်း ဒီတရားခံနဲ့ပတ်သက်ပြီးတော့ သိရှိနိုင်မယ့်သူတွေ၊ ဆက်သွယ်မှုရှိတဲ့သူတွေ လိုအပ်ရင် လိုအပ်သလို ခေါ်ယူစစ်ဆေးသွားဖို့ကတော့ ကျွန်တော်တို့လုပ်ရမယ့် အလုပ်ဖြစ်တဲ့အတွက်လုပ် သွားမှာပေါ့”ဟု မင်းကင်းမြို့နယ် ပအဖ တာဝန်ခံ ဦးဝင်းမင်းစိုးက ပြေသည်။ 

ယမန်နေ့က ဖမ်းဆီးမှုတွင် SRF ရဲဘော်တစ်ဦးလည်း ဖမ်းဆီးခံခဲ့ရပြီး၊မည်သည့်အကြောင်း ကြောင့် ဖမ်းဆီးသည်ကိုမသိရသေးကြောင်း ၎င်းကဆက်ပြောသည်။ ထို့ပြင်ကိုစံတင်ထွန်း၏ ဖခင်ဖြစ်သူကိုလည်း ဖမ်းဆီးရန်လုပ်ဆောင်နေသည်ဟုလည်း ကြားသိရကြောင်း SRF တပ်ဖွဲ့နှင့် နီးစပ်သူများပြောသည်။ 

“အလိုရှိသူကိုမရလို့ သက်ဆိုင်သူမို့ ဖမ်းတယ်ဆိုတဲ့ လုပ်ရပ်က စစ်ကောင်စီရဲ့လုပ်ရပ်နဲ့ တစ်ထေရာ တည်းတူနေတယ်။ တော်လှန်ရေးအဖွဲ့အစည်းဖြစ်ပြီး စစ်ကောင်စီနည်းတူ လုပ်ဆောင်လာတာဟာ အင်မတန်မှ ရှက်စရာကောင်းတဲ့လုပ်ရပ်ပါ”ဟု ၎င်းကဆိုသည်။

ကိုစံတင်ထွန်းကို ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း အမှုတစ်ခုချင်းစီနှင့်ပတ်သက်ပြီး မေးမြန်းနေ ဆဲဖြစ်ပြီး တရားရုံးသို့ စွဲဆိုတင်ပို့ရန်ပြင်ဆင်နေဆဲဖြစ်ကြောင်း မင်းကင်းပအဖ တာဝန်ခံက ပြောသည်။ 

ယခုကဲ့သို့ ထွက်ပြေးလွတ်မြောက်သွားသည့်အတွက် ဝရမ်းထုတ်ထားပြီး ဖမ်းဆီးရမိရေးဆက်လက် ဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။ 

“ NUG အစိုးရရဲ့ စိုးမိုးနယ် မြေမှာပဲဆိုဆို၊ မဟာမိတ်တွေရှိတဲ့ နယ်မြေမှာရှိတာပဲဆိုဆို ဥပဒေကြောင်းအရ ဝရမ်းကပ်မယ်။ တွေ့တဲ့နေရာမှာ ဖမ်းဆီးထိန်းသိမ်းမယ်။ အမှုဆိုတာ ဆွေးတယ်လို့မှမရှိတာ။ ကြုံတဲ့နေရာမှာတစ်နေ့တစ်ကွေ့တော့ အဖမ်းခံရမှာပါပဲ။ကျွန်တော်တို့ဘက်ကလည်း အခုလတ်တလော ဖြစ်စဉ်အနေနဲ့ကတော့ ရှာဖွေနေတယ်။ သက်ဆိုင်ရာ ခရိုင်၊ တိုင်း၊ ပြည်နယ်တွေကို ဖြန့်ထားတာ ရှိတယ်။ ဒီနေ့မဖမ်းမိရင်လည်းနောက်နေ့ပေါ့”ဟု ဦးဝင်းမင်းစိုးကပြောသည်။ 

ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)သည် မင်းကင်းအခြေစိုက် သီးခြားရပ်တည်လှုပ်ရှားနေ သည့် အဖွဲ့ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပသုံးလုံးယန္တရားနှင့်ပွတ်တိုက်မှုများ မှာ ယခင်နှစ်များကတည်းကစတင်ခဲ့ပြီး ယခုနှစ်ဆန်းပိုင်းတွင် ပဋိပက္ခများမှာ ပိုမိုပြင်းထန်လာခဲ့သည်။ 

ထို့နောက် SRF အဖွဲ့ဝင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ မင်းကင်းမြို့နယ် ပကဖ၊ ပအဖ နှင့် ကလေးခရိုင်တပ်ရင်းများမေလအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့် တပ်ဖွဲ့ဝင်များအား ပြန်လွှတ်ပေးရန်၊ အမှုဖွင့်တိုင်ကြားခံထားရသည့် SRF တပ်ဖွဲ့ဝင်များ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဥပဒေဘောင်အတွင်းမှ ဖြေရှင်းရန်နှင့် ပြစ်မှု ကျူးလွန်ထားခြင်းမရှိသည့် တပ်ဖွဲ့ဝင်များအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အမိန့်ပေးကွပ်ကဲမှု (Chain of command) အောက်သို့ဝင်ရန် အချက်တို့ကို နှစ်ဖက် သဘောတူခဲ့ကြသည်။ 

SRF အဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တိုက်ခိုက်ရေး တပ်ရင်းအဖြစ် ရပ်တည်ရန် မေလဆွေးနွေးပွဲအတွင်းသဘောတူညီချက်ရရှိခဲ့ပြီးနောက် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ်ကို ထုတ်ပြန်ပြော ကြားထားခြင်းမရှိသေးပေ။ 

ပကဖ အဖြစ် ရပ်တည်ရန် သဘောတူညီချက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေနှင့်ပတ်သက်ပြီးသိရှိနိုင်ရန် SRF ပြောရေးဆိုခွင့်ရှိသူ၊ အမျိုးသားညီညွတ်ရေး အစိုးရ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူတို့ကိုကို Myanmar Now က ဆက်သွယ်မေးမြန်း ထားသော်လည်း တုံ့ပြန်ဖြေကြားခြင်းမရှိသေးပါ။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button