ဒီမိုကရေစီကျင့်စဉ်ကို မလေးစား၊ ၎င်းတို့ကိုယ်တိုင် စိတ်တိုင်းကျရေးဆွဲခဲ့သည့် အခြေခံဥပဒေကိုပင် ခြေဖြင့်နင်းဖျက်ခဲ့သည့် တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သူ၏ လက်ညှိုးထောင်ခေါင်းညိတ် လွှတ်တော်ကို ခုတုံးလုပ်၍ ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ကိုယ့်ကိုယ်ကိုယ် သမ္မတတင်မြှောက်ကာ ကျမ်းသစ္စာကျိန်ဆိုသည်။
စစ်ဗိုလ်ဝတ်စုံကိုချွတ် ရွှေစလွယ်၊ မောင့်ကျက်သရေခေါင်းပေါင်း၊ တောင်ရှည်ပုဆိုးတို့ဖြင့် ပွဲထွက်လာခဲ့သည့် မြန်မာနိုင်ငံ၏ ၁၁ ယောက်မြောက် သမ္မတဟုဆိုသောပုဂ္ဂိုလ်သည် နေပြည်တော် ပြည်ထောင်စုလွှတ်တော် စင်မြင့်ထက် ပြောကြားသည့် ပထမဆုံးမိန့်ခွန်း၌ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနေပြီဟု ကြေညာခဲ့သည်။
“ကျွန်တော်တို့အစိုးရသစ်အနေနဲ့ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့ ရည်ရွယ်ချက်လုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု အသက် ၇၀ အရွယ် ဦးမင်းအောင်လှိုင် တစ်ဖြစ်လဲ အာဏာသိမ်း စစ်ခေါင်းဆောင်က အစိမ်းရောင်လွှမ်းသော လွှတ်တော်နှစ်ရပ်ပေါင်း ရှေ့တွင် မိန့်ခွန်းပြောသည်။
ထို့နောက် ၁၀ ရက်အကြာ၊ ဧပြီလ ၂၀ ရက်တွင် ရက်ပေါင်း ၁၀၀ အတွင်း အစိုးရအဖွဲ့ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ သို့မဟုတ် ရက် ၁၀၀ စီမံကိန်းကို ကြေညာသည်။
အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်မည်ဟုဆိုကာ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကဏ္ဍများတွင် အကောင်အထည်ဖော်မည့် အစီအစဉ်များကိုလည်း ထုတ်ပြန်ခဲ့သည်။
သို့သော် အစိုးရသစ်ဟုဆိုသော စစ်အရေခွံလဲ အစိုးရလက်ထက် ရက် ၁၀၀ တွင် ဦးမင်းအောင်လှိုင် ပြောသကဲ့သို့ “ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိ”ဖို့ မဆိုထားနှင့်၊ ဒီမိုကရေစီနှင့် ယောင်ယောင်လေးဆင်တူသော လမ်းသွယ်လမ်းကျဉ်း တစ်ခု ဖောက်နေသည်ကိုပင် မည်သူမျှ မမြင်ကြရသေးပါ။
ပြီးခဲ့သည့် ငါးနှစ်တာ စစ်အုပ်ချုပ်ရေးကာလအတွင်း ပြည်သူများအပေါ် ဖိနှိပ်ကန့်သတ်မှုများက အရပ်သားအစိုးရသစ်ဟုဆိုသောအဖွဲ့၏ ရက် ၁၀၀ စီမံကိန်းကာလ အတွင်း ပို၍သာဆိုးရွားလာသည်။
ညအချိန် အကြောက်တရား
မြန်မာနိုင်ငံရှိ မြို့ကြီးအချို့တွင် စစ်ဆေးရေးဂိတ်အရေအတွက် အနည်းငယ်လျော့နည်းလာသော်လည်း စစ်တပ်က လူထုအပေါ် ချမှတ်ထားသည့် တင်းကျပ်သော ကန့်သတ်မှုများမှာ သိသိသာသာ ပြောင်းလဲသွားခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။
၎င်းတို့ အဓိကထောက်ပြသည့် အချက်မှာ နေအိမ်၌ ညအိပ်ဧည့်သည်ရှိပါက သက်ဆိုင်ရာ အာဏာပိုင်များထံ အိမ်ရှင်က ဧည့်စာရင်းတိုင်ကြားရသည့် စနစ် ဆက်လက်အသက်ဝင်နေခြင်း ဖြစ်သည်။ ယင်းသည် စစ်အုပ်ချုပ်ရေးအဆက်ဆက် ကျင့်သုံးခဲ့သည့် ဖိနှိပ်ရေးဥပဒေတစ်ခုဖြစ်ပြီး ၂၀၁၆ နှစ်ကုန်မှ ၂၀၂၀ ပြည့်နှစ်အတွင်းသာ ရပ်ဆိုင်းခဲ့ဖူးသည်။
စစ်ခေါင်းဆောင်သည် အရပ်သားအစိုးရကို အဓမ္မဖြုတ်ချ၍ အာဏာသိမ်းပြီး မကြာမီ ရက်သတ္တနှစ်ပတ်အကြာတွင် ယင်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်။ ထို့နောက် ညအချိန်များတွင် စစ်သားနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက နေအိမ်များသို့ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်စစ်ဆေးကာ ညအိပ်ဧည့်သည် ရှိ၊ မရှိနှင့် အိမ်ရှင်က ဧည့်စာရင်း တရားဝင်တိုင်ကြားထားခြင်း ရှိ၊ မရှိကို စစ်ဆေးခြင်းကို ပြန်လည် အသက်သွင်းခဲ့သည်။ ဦးမင်းအောင်လှိုင်ဦးဆောင်သော အသွင်ပြောင်းအစိုးရသည် မိမိကိုယ်မိမိ ဒီမိုကရေစီအစိုးရသစ်ဟု ကြွေးကြော်နေသော်လည်း ဒီမိုကရေစီနှင့် မကိုက်ညီသော ထိုဥပဒေကို ဆက်လက်ကျင့်သုံးလျက်ရှိသည်။
“ဇွန်လကဆိုရင် အမတို့အိမ်မှာ ဧည့်စာရင်းလာစစ်တယ်။ စစ်သားတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက အိမ်ထောင်စုဇယားပြခိုင်းပြီး လူဦးရေစာရင်း စစ်တယ်။ လက်ရှိနေတဲ့သူ၊ မနေတဲ့သူ စာရင်းတွေ ရေးမှတ်သွားတယ်” ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
မန္တလေးတွင် ဧည့်စာရင်းစစ်ဆေးစဉ် ဧည့်စာရင်းမတိုင်ထားဘဲ နေအိမ်၌ ရှိနေသည့် လူငယ်အချို့ကို ဖမ်းဆီးကာ အဓမ္မစစ်သားစုဆောင်းမှုများ ဆက်လက်ပြုလုပ်နေကြောင်းလည်း ၎င်းက ဆိုသည်။
အလားတူ အခြားမြို့ကြီးမြို့ငယ်များတွင်လည်း ရဲနှင့်စစ်သားများ ဧည့်စာရင်းစစ်ဆေးချိန်၌ ဧည့်စာရင်းမတိုင်ထားသည့် လူငယ်အမျိုးသားများကို ဖမ်းဆီးပြီး အဓမ္မစစ်သားသစ်စုဆောင်းနေကြောင်း ဒေသခံများက လူမှုကွန်ရက်များတွင် ဆက်တိုက်ရေးသားဝေဖန်နေကြသည်။
နေပြည်တော် ဒေသခံများ၏ ပြောဆိုချက်အရ အရပ်သားအသွင်ပြောင်းအစိုးရ တက်လာပြီးနောက် နေပြည်တော်မြို့တွင်းရှိ စစ်ဆေးရေးဂိတ်အချို့ လျော့နည်းသွားသော်လည်း မြို့အဝင်အထွက်နှင့် အဓိကလမ်းကြောင်းများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တင်းကျပ်သော စစ်ဆေးမှုများမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။
ခရီးသွားများသည် မှတ်ပုံတင်ပြသရခြင်း၊ မိုဘိုင်းဖုန်းစစ်ဆေးခံရခြင်းနှင့် တော်လှန်ရေးကို ထောက်ခံသည်ဟု သံသယရှိပါက ခေါ်ယူစစ်ဆေးခံရခြင်းများကို ကြုံတွေ့နေရကြောင်း၊ တိုက်ပွဲများ ပြင်းထန်လာသည့်ကာလများတွင် စစ်ဆေးမှုများမှာ ပိုမိုတင်းကျပ်လာကြောင်း ဒေသခံများက ပြောသည်။ စစ်ဆေးရေးဂိတ်များ၌ ဖမ်းဆီးခံရပြီး အဓမ္မစစ်သားစုဆောင်းခံရသူများလည်း ရှိသည်ဟု ဆိုကြသည်။
အာဏာမသိမ်းမီက လွတ်လပ်စွာ သွားလာနိုင်ခဲ့သော်လည်း လက်ရှိတွင် ညအချိန် သွားလာရန်ပင် စိုးရိမ်နေရပြီး လွတ်လပ်စွာ သွားလာခွင့်မဲ့လာခြင်း၊ ဧည့်စာရင်းတိုင်နေရခြင်းနှင့် ဝရမ်းမပါဘဲ ဖမ်းဆီးခြင်းကဲ့သို့သော ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်များအပေါ် ကန့်သတ်မှုများမှာ ဆက်ရှိနေဆဲဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

လူပေါင်း ၁၈၀၀ ကျော်ကို ယခုနှစ်တွင် စစ်တပ်ကဖမ်းခဲ့
လွပ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေကလည်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ အုပ်ချုပ်မှုအောက်တွင် ဆက်လက်ဆိတ်သုဉ်းနေသည်။ လူမှုကွန်ရက်တွင် မှတ်ချက်လေးတစ်ကြောင်းရေးရုံဖြင့် အဖမ်းခံရနိုင်ပြီး ထောင်နန်းစံရနိုင်သည်မှာ အာဏာသိမ်းစဉ်မှ ယနေ့ထက်ထိ ဖြစ်သည်။
ဧပြီလနှောင်းပိုင်းတွင် ရန်ကုန်မြို့၌ စာရေးဆရာ ဦးတင်ညွန့်နှင့် သားဖြစ်သူ ကိုနေထွန်းတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ဇွန်လ ၁၈ ရက်တွင် ၎င်းတို့နှစ်ဦးစလုံးကို ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။
၎င်းတို့အပေါ် စွဲဆိုသည့်အမှုမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းမီက ဦးတင်ညွန့် ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များသည် တပ်မတော်၏ အကျိုးစီးပွားကို ပျက်စီးစေသည်ဟူသော စွပ်စွဲချက်ဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် သားအဖနှစ်ဦးစလုံးကို ထောင်ချခဲ့ခြင်းဖြစ်သည်။

စစ်တပ်ကို လှောင်ပြောင်ဝေဖန်ထားသည့် ဦးတင်ညွန့်၏ ထုတ်ဝေပြီးသား စာအုပ်တစ်အုပ်ကို အမျိုးသမီးတစ်ဦးက TikTok လူမှုကွန်ရက်မှတစ်ဆင့် ရောင်းချရာမှ စာရေးသူ ဦးတင်ညွန့်နှင့် သားဖြစ်သူတို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ သတင်းစာအယ်ဒီတာဟောင်းတစ်ဦးက Myanmar Now ကို ပြောသည်။
ထို့ပြင် အာဏာသိမ်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ အဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးကို ခန့်အပ်လိုက်ကြောင်း ရေးထားသည့် Facebook သတင်း တစ်ပုဒ်အောက်တွင် လှောင်ပြောင်သည့် မှတ်ချက်ရေးခဲ့သည့် ပဲခူးမြို့နေ အသက် ၆၈ နှစ်အရွယ် ဒေါ်ကျင်စိုးကို ဇွန်လ ၄ ရက်တွင် ရဲက ဖမ်းဆီး၍ အမှုဖွင့်ခဲ့သည်။
အင်တာနက်ပေါ်က ရေးသားပြောဆိုမှုများကို ၂၄ နာရီစောင့်ကြည့်နေကြောင်း ဇွန်လ ၁၈ ရက် တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ စစ်အစိုးရ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ် မင်းသူက ပြောသည်။
လူမှုကွန်ရက်မှတစ်ဆင့် အကြမ်းဖက်မှုလှုံ့ဆော်ခြင်း၊ တိုင်းရင်းသားများအကြား သွေးခွဲလှုံ့ဆော်ခြင်းနှင့် နိုင်ငံဂုဏ်သိက္ခာကျစေသည့် သတင်းအမှားများ ဖြန့်ဝေသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) တို့ဖြင့် အရေးယူလျက်ရှိကြောင်း ၎င်းက ပြောသည်။ ၎င်း၏ ပြောကြားချက်အရ ၂၀၂၆ ခုနှစ်ဆန်းမှ မေလအထိ အဆိုပါဥပဒေများဖြင့် အစိုးရဆန့်ကျင်သူ ၁,၈၀၀ ကျော်ကို အရေးယူခဲ့သည်ဟု ဆိုသည်။
အင်တာနက်ပေါ်၌ သတင်းတု သတင်းမှားများတင်ခြင်း ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် မဖွယ်မရာပုံများ၊ ဗွီဒီယိုများတင်ခြင်း လိင်အသားပေးကိစ္စများတင်ခြင်း နိုင်ငံရေးအရတိုက်ခိုက်ခြင်းများကို ဥပဒေကြောင်းအရ တားမြစ်ဖော်ထုတ်အရေးယူနိုင်ရေးအတွက် ဦးမင်းအောင်လှိုင်အမိန့်ဖြင့် ကော်မတီတစ်ရပ်ဖွဲ့ထားကြောင်း ၊ ယင်းကော်မတီအောက်တွင် သီးခြားအဖွဲ့များဖွဲ့၍ ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဒုဝန်ကြီးက ဆိုသည်။
ရက် ၁၀၀ အတွင်း သတင်းရယူခွင့်နှင့် အင်တာနက်လွတ်လပ်ခွင့်မှာလည်း တိုးတက်လာခြင်းမရှိဘဲ စစ်အစိုးရလက်ထက်က ကန့်သတ်မှုများ ဆက်လက်ရှိနေသည်။ ဦးမင်းအောင်လှိုင်စိတ်ကြိုက် ရွေးထားသည့် ကြံ့ခိုင်ရေးအစိုးရ တာဝန်ယူပြီးနောက် သတင်းဌာန သုံးခုကို ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို၊ အာဏာသိမ်းချိန်မှစ၍ Myanmar Now ၏ ဓာတ်ပုံသတင်းထောက် ဦးစိုင်းဇော်သိုက်အပါအဝင် သတင်းသမား ၁၈ ဦးလည်း သံတိုင်များနောက်မှာ နေနေရဆဲဖြစ်သည်။
စစ်တပ်ထိန်းချုပ်နယ်မြေများတွင် ဒေသခံပြည်သူများသည် Facebook ကဲ့သို့ လူမှုကွန်ရက်များကို VPN အသုံးပြုမှသာ ဝင်ရောက်နိုင်ပြီး အင်တာနက်လိုင်းများ နှေးကွေးခြင်း၊ VPN များကို ထပ်မံပိတ်ဆို့ခြင်းတို့ကြောင့် ပြည်သူများ၏ သတင်းအချက်အလက် လွတ်လပ်စွာ ရယူပိုင်ခွင့်မှာ ဆက်လက်ကန့်သတ်ခံနေရဆဲ ဖြစ်သည်။
အရပ်သားအသွင်ပြောင်းအစိုးရတက်လာပါက လွတ်လပ်မှုအနည်းငယ် ရလာမည်ဟု စစ်တပ်ထိန်းချုပ်နယ်မြေတွင် နေထိုင်သည့် ပြည်သူများက မျှော်လင့်ခဲ့သော်လည်း အဆိုပါအချက်မှာ လုံးဝ ဖြစ်မလာကြောင်း ရန်ကုန်မြို့နေ နိုင်ငံရေးအကျဉ်းသားဟောင်း အသက် ၇၀ ဝန်းကျင် အမျိုးသားတစ်ဦးက Myanmar Now ကိုပြောသည်။
“၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကို ဖမ်းထားတဲ့အပြင် ၂၀၂၀ အထိ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဝန်ကြီးချုပ် တစ်ဆယ်ကျော်လောက်ဟာလဲ အခု ထိ ဖမ်းခံထားနေရဆဲ ဖြစ်တယ်”ဟု ထိုအမျိုးသားကဆိုသည်။
သို့သော် ရှားရှားပါးပါးအပြောင်းအလဲအနေဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရာတွင် လူထုဆန္ဒကိုတောင်းသည့် ရွေးချယ်ပွဲများကို ဇွန်လအတွင်း နေရာဒေသအချို့တွင် ပြုလုပ်သည်ကို မြင်ရကြောင်းကိုတော့ ၎င်းကဆိုသည်။
“သို့သော်လည်းပဲ ရပ်/ကျေးရွေးကောက်ပွဲတွေမှာ သူတို့ (စစ်အစိုးရ) လက်အောက်ခံ ပျူစောထီး ၊ ကြံ့ခိုင်ရေးပါတီတွေကပဲ ကြီးစိုးနေတာပါ။ စစ်တပ်ကို မကြိုက်လို့ မထောက်ခံ သူတွေကတော့ သွားပြီးပူးပေါင်း ကြမှာမဟုတ်ပါဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။
ဦးသိန်းစိန် အစိုးရတက်လာစဉ်ကာလ ပြည်သူများလွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်အတွက် ဥပဒေပြဋ္ဌာန်းပေးခဲ့သည်။ ပြည်သူတို့၏ ထိုအခြေခံရပိုင်ခွင့်သည် ၂၀၂၁ အာဏာသိမ်းပြီးနောက် နေ့ချင်းညချင်း ရုပ်သိမ်းခံခဲ့ရကာ ငြိမ်းချမ်းစွာဆန္ဒပြသူများကို ရက်ရက်စက်စက် ပစ်သတ်ခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့်ငါးနှစ်တာအတွင်း စစ်တပ်က မြို့ကြီးများပေါ်တွင် လျှပ်တပြက်ဆန္ဒထုတ်ဖော်မှုများကိုလည်း သဲကြီးမဲကြီး လိုက်လံနှိမ်နင်းခဲ့သည်။
သို့သော် ကိုယ့်ကိုယ်ကိုယ် အရပ်သားအစိုးရသစ်ပါဟု ကြွေးကြော်နေသော ဦးမင်းအောင်လှိုင်တို့အဖွဲ့သည် ရက်ပေါင်း ၁၀၀ အတွင်း လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ကို ပြန်ပေးဖို့မဆိုထားနှင့် လူမှုကွန်ရက်တွင် ၎င်းတို့ကိုဝေဖန်လျှင်ပင် ချက်ချင်း လိုက်လံရှာဖွေ ဖမ်းဆီးလျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် နှင်းဆီပန်းရောင်းလျှင်ပင် အဖမ်းခံရနိုင်သည်အထိ အခြေခံလွတ်လပ်ခွင့်များ ရိုက်ချိုးခံထားရသည်။
လွန်ခဲ့သည်လက အချုပ်အနှောင်ထဲ၌ပင် အသက် ၈၁ နှစ်ပြည့်သွားသည့် ဒေါ်အောင်ဆန်းစုကြည်အား ရည်စူး၍ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအား ဆွမ်းလောင်းခဲ့သည့်အကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည့် NLD ပါတီအမတ်ဟောင်း တစ်ဦးကိုလည်း စစ်တပ်က ဖမ်းဆီးခဲ့သည်။

( GSCB/ Facebook)
မြန်မာနိုင်ငံတွင် လူပေါင်းများစွာ၏ ဘဝလုံခြုံမှုကို ဒုက္ခပေးနေသည့် ကိစ္စရပ်ဖြစ်သော စစ်မှုထမ်းဥပဒေမှာလည်း အရပ်သားဟန်အသွင်ပြောင်း စစ်အုပ်ချုပ်ရေးအောက်တွင် ဆက်လက်အကောင်အထည်ဖော်နေဆဲဖြစ်သည်။
ထိုဥပဒေကြောင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် လူငယ်များတိုင်းပြည်မှ ရရာနည်းလမ်းဖြင့် ဆက်လက်ထွက်ခွာနေပြီး မထွက်ခွာနိုင်သူတို့မှာ မည်သည့်ပြစ်မှုမှ မကျူးလွန်ထားဘဲ ရာဇဝတ်မှုကျူးလွန်သည့်အလား စိုးရိမ်ကြီးစွာဖြင့် နိုင်ငံအတွင်း အသက်ရှင်သန်နေရသည်။
ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင်ပါ စစ်အစိုးရ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက သူတို့ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများကိုပင် မလိုက်နာဘဲ အဓမ္မစစ်သားစုဆောင်းမှုများ ပြုလုပ်နေသဖြင့် လူငယ်များသည် မိမိအိမ်တွင် နေထိုင်သည့်တိုင် မည်သည့်အချိန်တွင် ဖမ်းဆီးခေါ်ဆောင်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရသောကြောင့် ဖြစ်သည်။
မကြာသေးသည့် မေလအတွင်း လူမှုကွန်ရက် TikTok ပေါ်တွင်လည်း အဓမ္မ စစ်သားစုဆောင်းခံလိုက်ရသူများ၏ မိသားစုဝင်များက ရင်ဖွင့်ပြောသည့် ရုပ်သံဖိုင်များ ဆက်တိုက်တွေ့ရသည်။
စစ်တပ်အနေဖြင့်မှု စစ်အုပ်ချုပ်ရေးကြောင့် မြန်မာနိုင်ငံသားတို့ ဆုံးရှုံးနေရသည့် အခြေခံလူ့အခွင့်အရေးများထက် ၎င်းတို့အုပ်ချုပ်မှုကြောင့် အခြေခံအဆောက်အအုံများနှင့် စီးပွားရေးလုပ်ငန်းများ မည်မျှတိုးတက်လာကြောင်းသာ အာရုံစိုက်နေသည်။
သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကမူ ရက် ၁၀၀ စီမံချက်အတွင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ပြင်ဆင်ခဲ့ပြီး ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ရမည့် စီမံကိန်းများမှာ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပြီးနေကြောင်း နေပြည်တော်တွင် ဇွန်လ ၃၀ ရက်က ကျင်းပသည့် သမ္မတရုံး၏ ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲ၌ ဆိုသည်။
ဒေါ်ခိုင်ခိုင်စိုးက ရက် ၁၀၀ စီမံကိန်းအတွင်း လူစိတ်ဝင်စားမှုအများဆုံးမှာ မြန်မာ့မီးရထားဖြစ်ပြီး အောင်မြင်သည့် လုပ်ငန်းဟု ပြော၍ ရကြောင်း သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
ရထားများသည် သန့်ရှင်း၍ လေအေးပေးစက် ပါဝင်ကာ အချိန်တိကျကြောင်း ၊ ကျပ်နှစ် သောင်းပေးရုံဖြင့် ရန်ကုန်မြို့လယ်မှ မန္တလေးမြို့လယ်အထိ ရောက်နိုင်ကြောင်း ဒေါ်ခိုင်ခိုင်စိုးကဆိုသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ပြည်တွင်းစစ်ကြောင့် အတော်ပင် ပျက်စီးနေပြီး ယခုထက်ပျက်စီးစရာ သိပ်မကျန်တော့ကြောင်း ရန်ကုန်ရှိ နိုင်ငံရေးအကျဥ်းသားဟောင်း အမျိုးသားကဆိုသည်။
“ထပ်ပြီး ပျက်စရာလည်း သိပ်မကျန်တော့ပါဘူး။ ဒါဆိုရင် မကြာခင်နှစ်တွေမှာ ပြန်ပြီးတက်လာဖို့ဘဲ ရှိတော့တယ်လို့ စဥ်းစားကြည့်ဖို့ သင့်တယ်လို့ ပြောချင်တယ်။ မတရားတဲ့ စစ်တပ်ဟာ အမြဲမနိုင် နိုင်ပါဘူး။ တစ်ခုခုက သူ့ကို ဆုံးမပါလိမ့်မယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။



