လူနာအပြည့်နှင့် ဆေးရုံအဆောင်တစ်ခုအတွင်း ခုတင်များကို ခပ်စိပ်စိပ်နေရာချထားသဖြင့် လူတစ်ကိုယ်စာသွားလို့ရရုံသာရှိသည်။ လူနာခုတင်တစ်လုံးထက်တွင် ဗုံးစထိမှန်ဒဏ်ရာမှ ပြန်သက်သာလာနေပြီဖြစ်သည့် အသက် ၄၃ နှစ်အရွယ် ကိုမျိုး လှဲနေသည်။ သူ့ဘေးနားမှာ ခြောက်နှစ်အရွယ် သမီးငယ်က ခွေခွေလေး လျောင်းနေသလို ဇနီးသည် မဖြူကတော့ ခုတင်ဘေး ခုံတန်းလျားပေါ် ထိုင်ရင်း ခင်ပွန်းသည်၏ ခုတင်ပေါ် ခေါင်းတင်မှေးစက်နေသည်။
ကိုမျိုးတို့မိသားစုသည် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးသို့ ခဲခဲယဉ်းယဉ်း လာရောက်ခဲ့ကြရ သူများဖြစ်သည်။ စစ်ဗိုလ်ချုပ်ကြီးများ အခြေစိုက်ရာ ဤမြို့သည် ကိုမျိုးတို့ဇာတိရပ်ရွာနှင့်ယှဉ်လျှင် ငြိမ်းချမ်းနေသည်။ ဗုံးသံ၊ အမြောက်သံမကြားရ။ ညဘက်ဆိုလျှင် မာကျူရီမီးအလင်းရောင်များက ထိန်ထိန်ညီးနေသည်။ သူတို့ရွာမှာတော့ လက်နက်ကြီး ယမ်းပေါက်ကွဲမှုမှလာသော အလင်းရောင်သာ ရှိသည်။
ထိုအချိန် ထက်ကောင်းကင်ယံမှ လေယာဉ်ပျံသံကြားလိုက်ရသည့်ခဏ သမီးငယ်သည် ဖခင်ရင်ခွင်ထဲ ခေါင်းတိုးဝင်ကာ တုန်ယင်လာသည်။ မဖြူက သမီးဖြစ်သူ၏ လက်ကလေးကို ဆုပ်ကိုင်လိုက်ရင်း ‘သမီး မကြောက်နဲ့၊ ဒါ ဗုံးကြဲလေယာဉ် မဟုတ်ဘူး’ ဟု ပြောလိုက်ပြီး ခဏနေမှ ကလေးငယ်လည်း ပုံမှန်အတိုင်း စကားပြန်ပြောနိုင်သည်။
“ရွာမှာက တောက်လျှောက် လက်နက်ကြီးနဲ့ပစ်လိုက်၊ လေယာဉ်နဲ့ ဗုံးလာကြဲလိုက်ဆိုတော့ အဲဒီလိုအသံတွေကြားရင် သမီးက ကြောက်လန့်ပြီး စိတ်ဒဏ်ရာရနေတာ” ဟု မဖြူက သမီးဖြစ်သူ၏ ဆံပင်များကို ပွတ်သပ်ပေးရင် ပြောပြသည်။
ကိုမျိုးနှင့်မဖြူတို့၏ သမီးလေးကို ခြောက်လှန့်နေသည့် လေယာဉ်သံစိတ်ဒဏ်ရာသည် ဖခင်ဖြစ်သူ ဒဏ်ရာရရှိသည့်နေ့တွင် အစပြုခဲ့သည်။
သူတို့မိသားစုသည် ပဲခူးတိုင်း ဖြူးမြို့နယ် စစ်တောင်းမြစ်ကမ်းနဖူးရှိ ရွာတစ်ရွာ ဇာတိဖြစ်သည်။ တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ရာ နယ်မြေအများအပြားရှိသည့် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းတလျှောက် ကျေးရွာများကို စစ်တပ်က ပြီးခဲ့သည့် မေလဆန်းပိုင်းတွင် ဗုံးကြဲတိုက်ခိုက်သည်။ ထိုအချိန်တွင် ကိုမျိုးက မြစ်ထဲငါးဖမ်းထွက်နေချိန်ဖြစ်ပြီး ပေါက်ကွဲမှုတစ်ခုမှ လာသော ဗုံးဆန်အစအနများက သူ့လည်ပင်းနှင့်ကျောရိုးအနီးကို လာထိမှန်ကာ ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်။
ထိုနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ကိုမျိုးတို့နှင့် တစ်ရွာတည်းသား အချို့ သေဆုံးကာ အများအပြား ဒဏ်ရာရသည်။ ဒဏ်ရာရသည့် ကိုမျိုးကို မိသားစုက ဆေးကုဖို့ မြို့သို့ပို့ဆောင်သော်လည်း လမ်းခရီးတွင် အခက်အခဲအတားအဆီးမျိုးစုံ ကြုံပြီးမှ ဆေးရုံရောက်ခဲ့သည်။

တော်လှန်ရေးအားကောင်းသည့် ဒေသနေပြည်သူများအတွက် အရေးပေါ်ဆေးကုသစရာ ကြုံလာသည့်အခါ ရွေးချယ်စရာမရှိဘဲ စစ်တပ်ထိန်းချုပ်မြို့များရှိ ဆေးရုံများသို့သာ သွားရောက်ကြရသည်။ ကိုမျိုးတို့ရွာတွင် တော်လှန်ရေးဘက်က ဖွင့်လှစ်ထားသည့် ဆေးရုံ၊ ဆေးခန်းလည်း မရှိ။ ပဲခူးရိုးမပေါ်၌ ဆေးရုံတစ်လုံးရှိသော်လည်း အနီးဆုံး စစ်တပ်ထိန်းချုပ် ဆေးရုံထက်ပင် ပိုဝေးသေးသည်။ နောက်ဆုံးတွင် မဖြူသည် ခင်ပွန်းသည်ကို နှစ်နာရီလောက် သွားရသည့် တောင်ငူဆေးရုံကိုသာ ရွေးချယ်ခဲ့သည်။
“ရွာကနေ ကားရောက်တဲ့နေရာအထိ ထမ်းစင်နဲ့ထမ်းပြီး ခေါ်လာရတယ်။ ဟိုရောက်တော့ (လူနာတင်) ကား မရတော့ ဖောကားနဲ့ပဲ တင်ခေါ်လာခဲ့ရတယ်” ဟု မဖြူက ပြန်ပြောင်းပြောပြသည်။
လမ်းခရီးတွင် စစ်တပ်စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းရသည့်အခိုက်သည် စိတ်ဖိအားအများဆုံး ဖြစ်သည်ဟု မဖြူက ဆိုသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာမပြနိုင်လျှင် စစ်တပ်က ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးကို ဖုန်းဆက်သည်။ လူနာရှင်ကိုလည်း ဆက်ခိုင်းသည်။ ဆက်၍မရလျှင် “ဒဏ်ရာရနေသူကိုတောင် ရစ်တယ်” ဟု ဆိုသည်။
“အမျိုးသား အရွယ်ကောင်းဆို ပိုဆိုးတယ်၊ ပေးမဖြတ်ဘူး” ဟု မဖြူက ပြောသည်။
ကိုမျိုးတို့အနေဖြင့် မှတ်ပုံတင်ကတ်ပြားများ ပြသနိုင်သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ ထောက်ခံစာ ပါမလာခဲ့သဖြင့် အစပိုင်း သွားခွင့်မရ။ ထို့နောက် စစ်သားများက ရွာကိုဖုန်းဆက်ပြီးမှ ဖြတ်သန်းခွင့်ပြုခဲ့သည်ဟု မဖြူက ပြောသည်။
တောင်ငူဆေးရုံသို့ ရောက်သောအခါ ကိုမျိုး၏ဒဏ်ရာကို ကုသပေးရန် ဆေးရုံက ကိရိယာနှင့်ဆေးဝါး အလုံအလောက် မရှိဟု ဆိုသဖြင့် ပရဟိတလူနာတင်ယာဉ်တစ်စီး၏ အကူအညီဖြင့် ခြောက်နာရီကြာ သွားရသည့် နေပြည်တော်သို့ ခရီးဆက်ခဲ့ရသည်။
မနည်းလှသော အသက်ဆက်ခ
ကိုမျိုးတို့ကဲ့သို့ စစ်ရှောင်လူနာအများအပြား၏ ဒုက္ခမှာ ဆေးရုံအလာလမ်းရှိ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းရခြင်း တစ်ခုနှင့် မပြီးပါ။ လမ်းခရီးစရိတ်၊ ဆေးကုသစရိတ်၊ နေ့စဉ် စားသောက်စရိတ် များကလည်း ဝါးဖို့မျိုဖို့ အသင့်စောင့်ကြိုနေသည့် ဘီလူးသဘက်များနှင့် မခြားပါ။
ဆေးရုံဝင်းအတွင်းရှိ ထမင်းဆိုင်မှဝယ်စားလျှင် လူတစ်ယောက် တစ်နေ့တာ ထမင်းဖိုး ကျပ် ၇၀၀၀ မှ ၁၀,၀၀၀ အထိ ကုန်ကျသည်။ မတတ်နိုင်သူများမှာမူ အလှူရှင်များက ဆေးရုံတွင် လာဝေငှသည့် ထမင်းထုပ်များကို အားကိုးရသည်။ ကိုမျိုးတို့မိသားစုလည်း တန်းစီသူများထဲ အပါအဝင်ဖြစ်သည်။
“ဒါက စားဖို့ပဲရှိသေးတယ်။ လူနာအတွက် လိုအပ်တဲ့ဆေး၊ အသုံးအဆောင်ဝယ်ရတာ မပါသေးဘူး။ ပါတဲ့ ပိုက်ဆံကုန်ပြီး ပြန်ဖို့ လမ်းစရိတ်မရှိတော့လို့ နယ်က အသိတွေဆီ အကူညီတောင်းရသေးတယ်” ဟု မဖြူက ပြောပြသည်။ ရွာမှ ထွက်ခွာခဲ့သည့်နေ့မှစ၊ သီတင်းခြောက်ပတ်တာ ဆေးရုံတက်ခဲ့သည့် ကာလအလယ်၊ ရွာသို့ပြန်ရောက်သည့်အဆုံး ကျပ်သိန်း ၂၀ ခန့်ကုန်ကျခဲ့ပြီး ၁၀ သိန်းကျော် အကြွေးတင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
သူတို့မိသားစုကဲ့သို့ အုတ်တွင်း၊ ရေတာရှည်၊ ဆွာစသည့် အနီးဝန်းကျင်မြို့နယ်များထဲရှိ ပြည်သူအချို့လည်း နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ၌ လာရောက်ကုသသည်ကို တွေ့ခဲ့ကြောင်း မဖြူက ပြောသည်။ ထိုပြည်သူများသည် စစ်တောင်းမြစ်နံဘေး ဒေသများ၌ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိသည့် အရပ်သားများ၊ မြေမြှုပ်မိုင်းနင်းမိ၍ လာရောက်ကုသနေရသူများ ဖြစ်သည်။
စစ်ဆေးရေးဂိတ်များနှင့် အရေးပေါ်ဆေးခန်းများ
ကိုမျိုးတို့မိသားစု၏ အတွေ့အကြုံသည် ထူးခြားရှားပါးဖြစ်စဉ် မဟုတ်ပါ။ မြန်မာနိုင်ငံတဝန်း ပဋိပက္ခဖြစ်ပွားရာ ဒေသတိုင်း၌ စစ်တပ်၏လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှု၊ မြေမြှုပ်မိုင်း စသည်တို့ကြောင့် ထိခိုက်ဒဏ်ရာရ အရပ်သားများအတွက် အခြေခံဆေးကုသမှုလေးရရန် ဆိုသည်မှာပင် မြင်းမိုရ်တောင်လောက်ကြီးသည့် အတားအဆီးကြီးဖြစ်နေသည်။
အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသည့် အရပ်သားဒေသခံများကို ဆေးရုံသို့ပို့ရာ၌ အကြီးမားဆုံး အခက်အခဲမှာ လမ်းခရီးတွင် စစ်တပ်ဂိတ်များကို ဖြတ်သန်းသွားလာရခြင်း ဖြစ်ကြောင်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သည့် ကရင်နီ (ကယား) ပြည်နယ်ရောက် ဆရာဝန်တစ်ဦးက ပြောသည်။
“စစ်တပ်ဂိတ်တွေက ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ပိတ်တယ်။ ပိတ်တဲ့ ညအချိန်တွေမှာ ဘယ်လောက်ပဲ အသည်းအသန်ဖြစ်ဖြစ်၊ မွေးလူနာပဲဖြစ်ဖြစ်၊ ဘယ်လောက်အထိ ဒဏ်ရာပြင်းပြင်း ဖြတ်လို့မရပါဘူး။ သွားလို့မရပါဘူး။ အဲဒါကြောင့် တော်လှန်ရေးနယ်မြေမှာရှိတဲ့ ဆေးခန်းလေးမှာပဲ လူနာကို ဆွဲပြီး ထိန်းထားရတာပေါ့။ ထိန်းပြီး နောက်ရက်မှ မြို့ပေါ်ကို ပို့ရတာပေါ့” ဟု ၎င်းက ဆိုသည်။
စစ်တပ်ဂိတ်များသည် အရွယ်ကောင်း အမျိုးသားများ ထိခိုက်ဒဏ်ရာရရှိ၍ မြို့ပေါ်တက်ဆေးကုသရန် ဖြတ်သန်းရချိန်တွင် ကိုယ်ရေးအချက်လက်များကို တင်းကျပ်စွာ စစ်ဆေးရယူပြီး ငွေကြေးကိုလည်း အခါခွင့်သလို တောင်းတတ်ကြောင်း ပဲခူးတိုင်း ဆွာမြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ လုံခြုံရေးအရ ၎င်း၏ အမည်နှင့် ကျေးရွာ အမည်တို့ကို မဖော်ပြပါ။
“ရွာက ကောင်လေးတစ်ယောက် မိုင်းနင်းမိပြီး ဒဏ်ရာရလို့ မြို့ဆေးရုံကိုသွားတာ အဲဒါ မှတ်ပုံတင်မပါလို့ဆိုပြီးရစ်တာ။ နောက်မှ ပိုက်ဆံပေးလိုက်မှ ဖြတ်လို့ရတာ” ဟု ၎င်းက ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်း စစ်တောင်းမြစ်ကူးတံတားရှိ စစ်တပ်ဂိတ်တွင် ကြုံခဲ့ရသည့်အခြေအနေကို ပြန်ပြောပြသည်။
စစ်သားများသည် ကျပ် ၁၀,၀၀၀ မှ ၅၀,၀၀၀ အထိ တောင်းလေ့ရှိသည်ဟု ၎င်းကပြောသည်။
တော်လှန်ရေးနယ်မြေရှိ ဆေးခန်းများသို့ ထိခိုက်ဒဏ်ရာဖြင့် ရောက်ရှိလာသူအများစုမှာ အရပ်သားများ ဖြစ်သည်ဟု ကရင်နီ ပြည်နယ်မှ CDM ဆရာဝန်က ပြောသည်။ ဆေးခန်းသို့ ရောက်လာသူ အရပ်သားအရေအတွက်နှင့် တော်လှန်ရေးရဲဘော်အရေအတွက် အချိုးအစားကိုတော့ သူက မပြောပြပါ။
“ကျွန်တော်တို့ဆီကို ရဲဘော်ထက်စာလို့ရှိရင် အရပ်သားက ပိုပြီးတော့ ရောက်ပါတယ်။ လက်နက်ကြီး ပစ်လိုက်ပြီဆိုပါတော့၊ ရွာသားကပိုပြီးတော့ ထိပါတယ်။ ဒီလူကို ကနဦးကုသမှုပေးတယ်။ ပေးပြီး တည်ငြိမ်သွားပြီဆိုမှ သူက မြို့ပေါ်ကို သွားလို့ရလား၊ သွားလို့မရဘူးလား၊ မရရင် ကျွန်တော်တို့ဆီမှာ ခက်ခက်ခဲခဲကုပြီးတော့ သွားလို့ရရင်တော့ မြို့ပေါ်ကို လွှဲပါတယ်” ဟု ထိုဆရာဝန်ကပြောသည်။
ဆေးကုသရာတွင် ရင်းမြစ်ရှားပါးခြင်းကြောင့် ဆေးအဖွဲ့များမှာ ခက်ခဲသောဆုံးဖြတ်ချက်များကို ချမှတ် ကြရသည်။ အရေးပေါ် ကိုယ်ဝန်ဆောင် မွေးလူနာများအပါအဝင် အလွန်အသည်းအသန်ဖြစ်နေသည့် လူနာများကိုသာ ခွဲစိတ်ပေးပြီး အရေးပေါ်မဟုတ်သည့်လူနာ၊ ငွေတတ်နိုင်သည့်လူနာ၊ ခရီးသွားနိုင်မည့် လူနာများကိုမူ ၎င်းတို့ဆေးခန်းတွင် ရှေးဦးပြုစုကုသမှုသာပေး၍ မြို့ဆေးရုံသို့ လွှဲလေ့ရှိသည်ဟု အထက်ပါ ဆရာဝန်က ပြောသည်။
ထို့အပြင် အခက်အခဲတစ်ခုမှာ ဆေးခန်းများကို ကြာရှည်ဖွင့်လှစ်ထားရန် မလွယ်ကူခြင်းဖြစ်သည်။ မကြာခဏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆေးဝါးပြတ်လပ်မှု ကြုံရသလို လုံခြုံရေးကြောင့် ဆေးအဖွဲ့များမှာ ဆေးခန်းများကို သုံးလတစ်ကြိမ် ရွှေ့ပြောင်းနေရသည်ဟု ၎င်းက ပြောသည်။
“ပြည်သူ (လူနာ) တွေထဲမှာ စစ်တပ်သတင်းပေး ရောပြီးပါလာတဲ့အခါမှာ ဒီလို (ဆေးခန်းတည်နေရာပေါက်ကြားတဲ့) ပြဿနာတွေ ဖြစ်တာပေါ့နော်။ ဒီလိုဖြစ်လို့လည်း ကျွန်တော်တို့က (သူ့ဘက် ကိုယ့်ဘက်ခွဲခြားပြီး) မကြည့်ပေးလို့မရဘူးပေါ့နော်။ မရတဲ့အခါမှာ ကြည့်ပေးရပါတယ်”ဟု ဆက်ပြောသည်။

အရှိန်မကျသေးသော စစ်၊ ထိုးတက်နေဆဲ စစ်ရှောင်ဦးရေ
၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်တပ်က ယခင် တိုင်းရင်းသားလက်နက်ကိုင် ဒေသများအပြင် ပြည်မရှိ တော်လှန်ရေးအားကောင်းသည့် ဒေသများ၌ပါ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းများကို နေ့စဉ်ရက်ဆက် ကျူးလွန်နေခြင်းကြောင့် အရပ်သားများ ထိခိုက်သေဆုံးကာ အိုးအိမ်အများအပြား မီးရှို့ဖျက်ဆီးခံကြရ၍ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုဦးရေ မြင့်တက်လာခဲ့သည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်နေရသူလူဦးရေ ၃ ဒသမ ၈ သန်း နီးပါးရှိမည်ဟု ခန့်မှန်းထားပြီး အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်စွာထွက်ပြေးခဲ့သူများ ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇူလိုင်လ ၁၃ ရက်တွင် ထုတ်ပြန်သည်။
နိုင်ငံတဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွာလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အရေးပေါ် အကူညီလိုအပ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ယခုနှစ် ဧပြီလမှ ဇွန်လကုန်ထိ ရန်ကုန်တိုင်းမှအပ ကျန်တိုင်းနှင့်ပြည်နယ် ၁၃ ခုတွင် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု စုစုပေါင်း အကြိမ်ရေ ၅၂၀ အထိရှိခဲ့ပြီး အရပ်သား ၃၁၄ ဦး သေဆုံးခဲ့ကြောင်း မြန်မာအင်တာနက် ပရောဂျက်-MIP က ဇူလိုင်လ ၁၃ ရက်တွင် အစီရင်ခံစာထုတ်ပြန်သည်။
ကိုမျိုးတို့လိုမျိုး မိသားစုများအတွက်မူ ဗုံးဆန်၊ အမြောက်ဆန်တို့ကြောင့် ရသော ထိခိုက်ဒဏ်ရာများထက် ရေရှည်ဖြတ်သန်းရမည့် ဒုက္ခများက ပိုနေသည်။ အရပ်သားအများအပြားမှာ ရုပ်ဒဏ်ရာနှင့် စိတ်ဒဏ်ရာသာမက အကြွေးပါတင်ကြသည်။ ထို့အပြင် နောက်တစ်ကြိမ် အလားတူ ထပ်ကြုံရလျှင် ဘေးလွတ်ရာ သို့မဟုတ် ဆေးရုံဆေးခန်းရှိရာသို့ အချိန်မီရောက်အောင်မှ သွားနိုင်ပါ့မလား ဆိုသော စိတ်ပူပန်မှုကလည်း ဧည့်မြှောင်အဖြစ် စိတ်ထဲတွင် ကျန်နေရစ်ပြီဖြစ်သည်။
မဖြူကမူ မေလ လမ်းခရီးတုန်းက စစ်ဆေးရေးဂိတ်မှာ နှောင့်နှေးကြန့်ကြာရမှု၊ စစ်ဆေးရေးဖြတ်တုန်းက ရခဲ့သည့် စိတ်ဖိစီးမှုတို့နှင့် ပတ်သက်ပြီး ယခုလို တုံးတိတိမှတ်ချက်ပြုသည်။
“စစ်တပ်ဂိတ်တွေက ကျွန်မတို့အတွက်တော့ ဂျပန်ခေတ်ကထက် ပိုဆိုးနေတာပဲ။”
(ယခုဆောင်းပါးပါ ကိုမျိုးနှင့်မဖြူတို့မှာ အမည်အရင်းများမဟုတ်ပါ။)



