မြန်မာနိုင်ငံမှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ကြက်ဥစျေးနှုန်းဟာ သမိုင်းတစ်လျှောက် အမြင့်ဆုံးအဖြစ် တစ်လုံးကို ကျပ် ၇၀၀ အထိ မြင့်တက်ခဲ့ပြီး၊ ငွေရှိနေရုံနဲ့တောင် လိုသလောက် ဝယ်မရတဲ့အထိ စျေးကွက်မှာ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ အရပ်သားအသွင်ပြောင်း စစ်အစိုးရက သတ်မှတ်ထားတဲ့ ရောင်းဈေးနဲ့ မြေပြင်ကုန်ကျစရိတ် မကိုက်ညီတာကြောင့် ကုန်တိုက်ကြီးတချို့မှာလည်း ကြက်ဥရောင်းချမှုကို ယာယီရပ်ဆိုင်းထားရပါတယ်။
လုပ်ငန်းရှင်တွေရဲ့ အဆိုအရ ကြက်ဥစျေးနှုန်း ထိုးတက်ရတဲ့ အဓိကအကြောင်းရင်းက သွင်းကုန်ကန့်သတ်ချက်တွေကြောင့် ကြက်သားပေါက်၊ ကြက်စာနဲ့ တိရစ္ဆာန်ဆေးဝါးတွေ ရှားပါးပြီး ကုန်ကျစရိတ် မြင့်တက်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရာသီဥတုအပြောင်းအလဲကြောင့် ကြက်ခြံတချို့မှာ ရောဂါကျရောက်ခဲ့တာကြောင့် မွေးမြူရေးလုပ်ငန်းတွေ လျော့ကျသွားပြီး ကြက်ဥအထွက်နှုန်းလည်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။
စစ်အစိုးရကတော့ ပြည်တွင်းကုန်ကြမ်းတွေနဲ့ အစားထိုးထုတ်လုပ်ပြီး ကြက်ဥစျေးနှုန်း ကျဆင်းအောင် လုပ်မယ်လို့ ပြောဆိုထားပေမယ့်၊ သွင်းကုန်ကန့်သတ်မှုတွေ ဆက်လက်ရှိနေသရွေ့ အခြေခံစားသောက်ကုန် ရှားပါးမှုနဲ့ စျေးနှုန်းမြင့်တက်မှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက သုံးသပ်နေကြပါတယ်။
သတင်း၊ တင်ဆက် – သဇင်လှိုင်
ရိုက်ကူး၊ တည်းဖြတ် – မြတ်ကြီး
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



