အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာ့အရေး အဖြေရှာရေး အလွတ်သဘောအစည်းအဝေးတစ်ခုကို ထိုင်းအစိုးရက အိမ်ရှင်အဖြစ် ဇူလိုင်လ ၁၂ ရက်တွင် လက်ခံကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အာဏာသိမ်းစစ်တပ်နှင့် မျက်နှာချင်းဆိုင် ဆွေးနွေး အဖြေရှာနိုင်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကိုယ်စားလှယ် တင်မောင်ဆွေကို ပထမဆုံးအကြိမ် ဖိတ်ခေါ်ခဲ့သည်။
ဘန်ကောက်အလွတ်သဘောအစည်းအဝေး မတိုင်မီ ဇူလိုင်လ ၁၀ ရက်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးအတွင်း အာဆီယံခေါင်းဆောင်များက မြန်မာ့အရေး ဖြေရှင်းနိုင်မည့် နည်းလမ်းရှာဖွေရန် နိုင်ငံခြားရေးဝန်ကြီးများကို တာဝန်ပေးချက်အရ ထိုအစည်းအဝေး ဖြစ်ပေါ်လာသည်ဟု ဖော်ပြထားသည်။
သို့သော် ထိုနိုင်ငံခြားရေးဝန်ကြီးအဆင့် အလွတ်သဘောအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံအားလုံး တက်ရောက်မှု မရှိခဲ့ခြင်းက အာဆီယံနိုင်ငံများအကြား မြန်မာ့အရေး သဘောထားကွဲပြားနေခြင်းကို ပေါ်လွင်စေပါသည်။ မလေးရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခြင်းမရှိဘဲ အဆင့်မြင့် အရာရှိတစ်ဦးသာ စေလွှတ်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံကလည်း နိုင်ငံခြားရေးဝန်ကြီး မတက်ရောက်ခဲ့ သလို၊ ကိုယ်စားလှယ်စေလွှတ်ခြင်း မရှိခဲ့ပါ။ ထိုအစည်းအဝေးသည် အာဏာသိမ်းစစ်တပ်ကို တရားဝင်မှုပေးရာ ရောက်နိုင်သည်ဟု ကန့်ကွက်သတိပေးမှုများကြားမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံနှင့် အိမ်ရှင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့၏ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် အာဆီယံခေါင်းဆောင်များ ချမှတ်ခဲ့သော “တူညီဆန္ဒ ၅ ရပ်” ကို အာဆီယံက အခြေခံမူဘောင်အဖြစ် အခိုင်အမာ ဆက်လက်စွဲကိုင်ထားပြီး၊ မြန်မာစစ်ခေါင်းဆောင် မလိုက်နာသော တူညီဆန္ဒ ၅ ရပ်ကို အကောင်အထည်ဖော်မည့် နည်းလမ်းရရှိရန် ယခုအစည်းအဝေးတွင် ရှာဖွေခြင်းဖြစ်သည်ဟု ရှင်းလင်းသည်။
အဖွဲ့ဝင်နိုင်ငံအားလုံးမှ နိုင်ငံခြားရေးဝန်ကြီးများ စုံညီစွာတက်ရောက်ခြင်းမရှိသည့် အလွတ်သဘော အစည်းအဝေး ဖြစ်သောကြောင့် ဆုံးဖြတ်ချက် တစ်ခုခုချမှတ်ရန် မဖြစ်နိုင်ကြောင်း သိသာထင်ရှားစေသည်။ ၎င်းအစား စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သဘောထားများကို ၎င်းစေလွှတ်လိုက်သော ကိုယ်စားလှယ်မှ တဆင့် တိုက်ရိုက်နားထောင်ရန်နှင့် အာဆီယံ၏ သဘောထားရပ်တည်ချက်များကို တိုက်ရိုက် ပြန်လည်ပြောကြားရန် ကျင်းပခဲ့သော အစည်းအဝေးတစ်ခုသာ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးက အာဆီယံ၏ တိုးတက်မှုတိုင်းတာသော ‘ပေတံ’ ဖြစ်လာ
ဘန်ကောက် အလွတ်သဘောအစည်းအဝေးအပြီး ထွက်ပေါ်လာသော သတင်းများအရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေအနေနှင့် ၎င်း၏ နိုင်ငံရေးအခန်းကဏ္ဍကို အာဆီယံက အာရုံစိုက်လာကြောင်း လေ့လာတွေ့ရှိရသည်။
အစည်းအဝေးအပြီး စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က သတင်းမီဒီယာများသို့ ဖြေကြားချက်များကို ၎င်း၏ Facebook စာမျက်နှာမှတဆင့် ဖော်ပြရာတွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နယ်ပယ်သုံးခုတွင် ထင်ရှားပြီး တိုင်းတာ၍ရသော တိုးတက်မှုကို ပြသရမည်ဟု ဖော်ပြထားသည်။
ထိုနယ်ပယ်များမှာ (၁) အရပ်သားပြည်သူများကို အကြမ်းဖက်မှုများ အပြီးတိုင်ရပ်စဲရေး၊ (၂) ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် (၃) နိုင်ငံရေးအရ ကွဲပြားမှုကို အခြေမခံသော လိုအပ်ချက်ရှိသည့် နိုင်ငံအနှံ့ရှိ ပြည်သူများအားလုံးထံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ အာဆီယံ၏ AHA Center က ကူညီနိုင်ရေး တို့ဖြစ်သည်။ လာမည့် လပိုင်းအတွင်း ထိုနယ်ပယ်များတွင် တိုးတက်မှုရှိစေရန် အာဏာသိမ်းစစ်တပ်က ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် မြန်မာနိုင်ငံ၏ အခြေအနေများ တိုးတက်မှုရှိမရှိ တိုင်းတာသော ‘ပေတံ’ ဖြစ်လာပြီး၊ ယင်းအချက်သည် သက်ဆိုင်သူအားလုံး ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲ (All-inclusive Dialogue) ဖြစ်ပေါ်ရန် မဖြစ်မနေ ဆောင်ရွက်ရမည့် လိုအပ်ချက်တစ်ခုအဖြစ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တောင်းဆိုလာကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အာမခံနိုင်ရန်မှာ နိုင်ငံရေးအရ ကွဲပြားမှုများကို စားပွဲဝိုင်းပေါ်တွင် ငြိမ်းချမ်းစွာဖြေရှင်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်သည်။ ထို့အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တွင် စစ်မှန်သော နိုင်ငံရေး အာသီသ ရှိမရှိ ဆိုသည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း ရှိ မရှိ ဆိုသည့်အချက်နှင့် တိုင်းတာရမည့် စံနှုန်းအဖြစ် အာဆီယံခေါင်းဆောင်များ ကိုင်စွဲလာကြောင်း အထင်အရှားတွေ့မြင်လာရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအခန်းကဏ္ဍကို အာဆီယံ အလေးထား
မြန်မာပြည်သူများက ရွေးကောက်ပွဲမှတဆင့် တရားမျှတစွာ အပ်နှင်းထားသော နိုင်ငံတော်အာဏာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သိမ်းယူလုယက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထိန်းသိမ်းထားခဲ့သော လွန်ခဲ့သော ငါးနှစ်ကျော်အတွင်း မြန်မာနိုင်ငံ၏အခြေအနေမှာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးအခြေအနေအထိ ကျဆင်းခဲ့ကြောင်း အာဆီယံခေါင်းဆောင်များ တွေ့မြင်ခဲ့ရသည်။
ထိုကာလအတွင်း မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရလက်ထက် ရရှိခဲ့သော တိုးတက်မှုများအားလုံး ပျက်စီးခဲ့ရုံမျှမက တိုင်းပြည်သည် ပြန်လည်ဦးမော့လာနိုင်ရန် ခက်ခဲသော ဆင်းရဲတွင်းထဲ နက်ရှိုင်းစွာထိုးဆင်းနေပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီများက သတိပေးလျက်ရှိသည်။
မင်းအောင်လှိုင်သည် ၎င်း၏ မအောင်မြင်သော စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော နိုင်ငံအနှံ့မှ ပြည်သူများကို သတ်ဖြတ်ခြင်း၊ ရပ်ရွာများကို မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်နည်းလမ်းများသုံးပြီး အာဏာကို ချုပ်ကိုင်နိုင်ရန် ယနေ့အချိန်ထိ ကြိုးစားနေရဆဲ ဖြစ်သည်။ ထိုကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားဆဲ ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် နိုင်ငံရေးအခန်းကဏ္ဍကို အာဆီယံခေါင်းဆောင်များအကြား လူသိရှင်ကြား ပြောဆိုမှု နည်းပါးခဲ့သည်။
သို့သော် ယခုအခါ အသက် ၈၁ နှစ်ရှိပြီဖြစ်သော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို သတင်းအစအနမျှပင် မရရှိနိုင်အောင် ဖမ်းဆီးထိန်းသိမ်း ဖျောက်ဖျက်ထားခြင်း၊ မိသားစု၊ ရှေ့နေတို့နှင့် တွေ့ဆုံခွင့် မပြုခြင်းတို့သည် လူသားမဆန် ရက်စက်သော၊ လူသားချင်းစာနာထောက်ထားမှုကင်းမဲ့သော လုပ်ရပ်အဖြစ် ရုပ်လုံးပေါ်လာနေပြီး၊ အာဆီယံခေါင်းဆောင်များ လျစ်လျူမရှုနိုင်သည့် အခြေအနေအထိ ဖြစ်လာခဲ့သည်။
ထို့ကြောင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်၏ နိုင်ငံခြားရေးဝန်ကြီး Theresa P. Lazaro သည် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေမှန်ကို မျက်မြင်တွေ့ရှိအတည်ပြုနိုင်ရေးအတွက် ၎င်းနှင့်တွေ့ဆုံခွင့် ပေးရန် ဘန်ကောက် အလွတ်သဘောအစည်းအဝေးအတွင်း မင်းအောင်လှိုင်၏ ကိုယ်စားလှယ်ကို မျက်နှာချင်းဆိုင် ထပ်မံတောင်းဆိုခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ပါ။
Myanmar Now က ရရှိထားသော သတင်းအချက်အလက်အရ ဘန်ကောက် အလွတ်သဘော အစည်းအဝေးမတိုင်မီ အာဆီယံအတွင်း ဩဇာကြီးသော နိုင်ငံတစ်ခု၏ နိုင်ငံခြားရေးဝန်ကြီးနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ ထိပ်ပိုင်းခေါင်းဆောင်အချို့ အွန်လိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ မြန်မာ့အရေး ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို မေးမြန်းခဲ့ကြသည်။
မြန်မာ့အရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ မပါဝင်လျှင် အာဆီယံခေါင်းဆောင်များ ချမှတ်ထားသည့် “သက်ဆိုင်သူအားလုံး” (All parties concerned) ပါဝင်သော တွေ့ဆုံဆွေးနွေးခြင်းဟု မခေါ်ဆိုနိုင်ကြောင်း တော်လှန်ရေးအင်အားစုခေါင်းဆောင်များက ၎င်းတို့၏ သဘောထားကို ပြောဆိုခဲ့ကြသည်ဟု ထိုအစည်းအဝေးအကြောင်း ကောင်းစွာသိရှိထားသူ တစ်ဦးထံက သိရှိရသည်။
စင်စစ် ၁၉၈၈ ခုနှစ်ကတည်းက စစ်အာဏာရှင် အဆက်ဆက်ကို ရင်ဆိုင်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားရေး မဆုတ်မနစ် ကြိုးပမ်းလျက်ရှိသော ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူတရပ်လုံးကို စည်းရုံးနိုင်သော၊ ပြည်သူ့ယုံကြည်မှုကို အပြည့်အဝရယူထားနိုင်သော နိုင်ငံရေး ခေါင်းဆောင်အဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။ ထိုအချက်ကို အာဆီယံခေါင်းဆောင်များ ကောင်းစွာ သိရှိလက်ခံထားသည်။
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက နိုင်ငံတော်အာဏာကို ရာစုနှစ်တစ်ဝက်ကျော် ထိန်းချုပ် ထားခဲ့သော စစ်အာဏာရှင်များထံမှ ရွေးကောက်ပွဲမှတဆင့် အငြိမ်းချမ်းဆုံးနည်းဖြင့် အာဏာလွှဲပြောင်း ရယူနိုင်ခဲ့သူမှာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးသာရှိကြောင်း၊ ထို့ကြောင့် မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းရာတွင်၊ သူ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း အာဆီယံခေါင်းဆောင်များ လက်ခံထားကြပုံရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် မင်းအောင်လှိုင်၏ အကြောက်တရား
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်နှင့် တွေ့ခွင့်ပေးရန် အာဆီယံခေါင်းဆောင်များက ခပ်စိပ်စိပ် တောင်းဆိုလာသည့်အခါ မင်းအောင်လှိုင်၏ အကြောက်အကန် ငြင်းဆန်မှုများက ဖုံးဖိမရ ပေါ်ထွက်လာသည်။ မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုများဖြင့် ပြစ်ဒဏ် ကျခံနေရသူဖြစ်၍ နိုင်ငံတကာကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့်မရှိဟု ၎င်းခန့်အပ်ထားသော ပြောရေးဆိုခွင့်ရှိသူမှတဆင့် တုံ့ပြန်ခဲ့သည်။
မင်းအောင်လှိုင်၏ တုံ့ပြန်ချက်က ရှေ့နောက်မညီ ကွဲလွဲနေသည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၉ ရက်တွင် ထိုစဉ်က ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai သည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ မင်းအောင်လှိုင်၏ ခွင့်ပြုချက်ဖြင့် နေပြည်တော်သို့ နေ့ချင်းပြန် ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ ထိုဖြစ်ရပ်ကို နောက်နှစ်ရက်ခန့်အကြာ ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဝန်ကြီး Don က တင်ပြခဲ့သည်။
မင်းအောင်လှိုင်၏ ရှေ့နောက်မညီ လွဲချော်နေသောတုံ့ပြန်ချက်က ဒေါ်အောင်ဆန်းစုကြည်ကို အမုန်းတရား အခြေခံသော အကြောက်တရား မည်မျှကြီးစိုးနေကြောင်း ဖော်ပြလျက်ရှိသည်။ စင်စစ် ထိုအကြောက်တရား ၏ ဇာစ်မြစ်သည် ဒေါ်အောင်ဆန်းစုကြည်လက်ထဲမှ အာဏာကို အကြမ်းဖက်လုယူထားခြင်းပေါ်တွင် အခြေခံနေသည်က ထင်ရှားလှသည်။
ထို့ကြောင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ တောင်းဆိုထားသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရေးကို မင်းအောင်လှိုင် ခွင့်မပြုရဲပေ။ တွေ့ဆုံခွင့်ပေးလိုက်လျှင် ဒေါ်အောင်ဆန်းစုကြည်ထံက ထွက်ပေါ်လာမည့် စကားတစ်ခွန်းကြောင့် ရွေးကောက်ပွဲအတု၊ သမ္မတအတု၊ အစိုးရအတုနှင့် လွှတ်တော်အတုတို့ ဖန်တီးပြီး ကုလသမဂ္ဂနှင့် အာဆီယံတို့၏ အသိအမှတ်ပြုမှုရရှိရေး လုံးပန်းနေသော ၎င်း၏ကြိုးပမ်းမှုများ ပြိုကျ ပျက်စီးသွားမည်ကို စိုးရိမ်နေပုံရသည်။
တနည်းအားဖြင့် မင်းအောင်လှိုင်သည် ၎င်းကို မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ကုလသမဂ္ဂနှင့် အာဆီယံ၏ အသိအမှတ်ပြုမှု ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို “ဓားစာခံအကျဉ်းသား” အဖြစ် အပေးအယူလုပ်ရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ရပါသည်။



