“အမေက ဆုံးသွားတာ သိတယ်ဆိုတော့ ပြန်မလာနိုင်မှန်း သိတယ်။ အဖေကတော့ ပြန်လာလို့ရရင် ပြန်လာမလားဆိုပြီး အခုထိ မျှော်လင့်နေတုန်းပဲ”
နီရဲနေသည့် မျက်ဝန်း၊ ဖျော့တော့သည့် အသံဖြင့် အဝေးတစ်နေရာကို မျှော်ကြည့်ရင်း ပြောလိုက်သူက အသက် ၂၀ အရွယ် အမျိုးသမီးငယ်လေးတစ်ဦး ဖြစ်သည်။
ပလောင်လူမျိုး ဖခင်နှင့် အညာသူ ဗမာလူမျိုး မိခင်တို့မှ မွေးဖွားလာသည့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ဇာတိ အဆိုပါအမျိုးသမီးငယ်သည် အသားညိုညို၊ အရပ် ငါးပေ မပြည့်တပြည့်လေးဖြစ်သဖြင့် သူငယ်ချင်းများက ချစ်စနိုးဖြင့် ပလောင်- ဗမာအစပ် ဖြစ်သော်လည်း ရှမ်းပြည် ကျောက်မဲ ဘက်မှလာသော ဖခင်ကို အစွဲပြုကာ ‘ရှမ်းမဲလေး’ ဟု ခေါ်ကြသည်။
သူ့ဘဝ၏ ကြမ်းတမ်းသော အပြောင်းအလဲများသည် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းမှုနှင့်အတူ စတင်ခဲ့သည်။
စစ်တပ် အာဏာသိမ်းပြီး လပိုင်းအကြာ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ကျောက်ကပ်ရောဂါအခံရှိသည့် မိခင်သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကွယ်လွန်သွားခဲ့စဉ် ရှမ်းမဲလေးက ၁၅ နှစ်သမီးမျှသာ ရှိသေးသည်။
မိခင် မရှိတော့သည့် နောက်ပိုင်းတွင် ဖခင်သည်သာ သူ့အတွက် အရာရာဖြစ်ခဲ့ရပြီး အမေဆိုလည်း ဖြစ်သလို အဖေလည်း ဖြစ်ခဲ့သူဟု ပြန်ပြောင်းပြောပြသည်။
မိခင်မရှိတော့သည့် ထိုမိန်းကလေးငယ်ကို ဖခင်ဖြစ်သူက မျက်နှာအညှိုးမခံ၊ လိုလေသေး မရှိအောင် ပြုစုစောင့်ရှောက်ပေးခဲ့ပြီး သမီးဖြစ်သူ ကျောင်းမသွားခင် နံနက်တိုင်း ထမင်းဟင်းချက်ပေးပြီးမှ အလုပ်သွားတတ်သည့် ဖခင်တစ်ဦးလည်း ဖြစ်သည်။
၂၀၂၃ ခုနှစ် မေလ ၅ ရက်သည် သူ့အတွက် ကမ္ဘာပြိုပျက်သောနေ့တစ်နေ့ ဖြစ်ခဲ့သည်ဟု ဆိုသည်။
ထိုနေ့ နံနက်တွင် အနီးရှိ ကျေးရွာတစ်ခုမှ မိတ်ဆွေတစ်ဦး၏ သားဖြစ်သူ မင်္ဂလာဆောင် ကျွေးမွေးရေးအတွက် ထော်လာဂျီတစ်စီးဖြင့် အသီးအရွက်များအဝယ်ထွက်သည့် အသက် ၅၀ အရွယ် ဖခင်နှင့် အဖော်အမျိုးသား နှစ်ဦးတို့သည် ခင်ဦးနယ်အတွင်းမှ ပျူစောထီးရွာဟု နာမည်ကျော်သည့် ရွာသစ်ကုန်းကျေးရွာသို့ လမ်းမှားဝင်မိခဲ့တော့သည်။
ထိုအမျိုးသားသုံးဦးသည် လမ်းမှားကာ ပျူစောထီးရွာအဝင်ဝဂိတ်စခန်းအနီး ဝင်ရာက်မိသွားချိန် ထော်လာဂျီမောင်းသူက အခြားသူများထံ လမ်းခရီးအခြေအနေ ဖုန်းဆက်မေးရန် ခပ်လှမ်းလှမ်း ထွက်ခွာ သွားသည်။ ထို့နောက် ၎င်းက ထော်လာဂျီယာဉ်ပါထားကာ ထွက်ပြေးခဲ့သည်၊ ထိုစဉ် သေနတ်သံ ခုနစ်ချက် ကြားလိုက်ရသည်ဟု လွတ်မြောက်လာသူ ယာဉ်မောင်းအမျိုးသားထံမှ သိရကြောင်း အဒေါ်ဖြစ်သူကို ကိုးကား၍ ထိုအမျိုးသမီးငယ်က ဆိုသည်။
ဖခင်နှင့် ကျန်အဖော်တစ်ဦးမှာ ပစ်သတ်ခံလိုက်ရပြီဟုသာ နားလည်ထားရပြီး ယနေ့အထိ အလောင်းပြန်မတွေ့သေးသဖြင့် သေသွားပြီလား၊ အဖမ်းခံလိုက်ရသလား လုံးလုံး ဆုံးဖြတ်မရသော အနေအထားဖြစ်သည်။
ထို့နေ့ နံနက် ၆ နာရီခွဲလောက်တွင် ဖခင်က “ဘူးသီးသွားတိုက်မလို့” ဟု ဆိုကာ ထွက်သွားခဲ့ခြင်းဖြစ်ပြီး ခါတိုင်းနေ့ရက်များကဲ့သို့ သမီးဖြစ်သူနှင့် ထမင်းလက်ဆုံ မစားဖြစ်ခဲ့ပေ။
“နေ့လယ် ကျောင်းပြန်လာတော့မှ အဖေ ဖမ်းဆီးပစ်သတ်ခံရပြီဆိုတာ သိလိုက်ရတာ။ ငါသာ အဖေ့ကို အတင်းတားပြီး မသွားခိုင်းလိုက်ရင် ကောင်းမှာဆိုပြီး အခုထိ နောင်တရတယ်” ဟု ရှမ်းမဲလေးက မျက်ရည်များဖြင့် ဆိုသည်။
စစ်တပ် အာဏာသိမ်းစက ခင်ဦးမြို့နယ်အတွင်းရှိ မဒေါင်းလှ၊ ပျဉ်ထောင်၊ မကျီးတုံ၊ ရွာသစ်ကုန်းစသည့် ကျေးရွာတို့သည် စစ်တပ်နှင့်အတူ “ ပျူစောထီး”ဟု ခေါ်သည့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များ အားကောင်းခဲ့ပြီး အနီးအနားမှကျေးရွာပေါင်းများစွာ မီးရှို့ဖျက်ဆီးကာ အရပ်သားများကို ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြသည်။

ထိုရွာတို့ကို ဒေသခံများက “ပျူရွာ၊ ပျူစောထီးရွာများ”ဟု ခေါ်ဆိုကြပြီး ၎င်းရွာများမှာ ကန့်ဘလူ၊ ခင်ဦး၊ ရေဦး၊ ရွှေဘိုမြို့မှ စစ်စခန်းများအတွက် ထောက်ပို့လမ်းကြောင်းတစ်ခု ဖြစ်ခဲ့သည်။ ထိုရွာတို့၌ နေထိုင်ပြီး ပြည်သူ့စစ် မဖြစ်လိုသူများက အနီးအနားကျေးရွာများသို့ ထွက်ပြေးခိုလှုံနေထိုင်ခဲ့ကြရသည်။
တော်လှန်ရေးကာလ လေးနှစ်ကျော်ကြာမြင့်လာချိန်မှစ၍ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) စိုးမိုးမှုများ အားကောင်းလာပြီး မဒေါင်းလှပျူရွာကို သိမ်းပိုက်နိုင်ခဲ့သလို၊ ရွာသစ်ကုန်းရွာမှ စစ်သားများနှင့် ပျူစောထီးများလည်း ဆုတ်ခွာသွားခဲ့ပြီဖြစ်သည်။
ခင်ဦးမြို့နယ်အတွင်း ခင်ဦးမြို့ပေါ်နှင့် မကျီးတုံ၊ ပျဉ်ထောင်စသော ကျေးရွာတို့တွင်သာ စစ်တပ်နှင့် ပျူစောထီးများက အထိုင်ချထားနိုင်တော့သည်ဟု ဒေသကာကွယ်ရေးအဖွဲ့များထံက သိရသည်။
ရှမ်းမဲလေး၏ ဖခင်လိုအဖြစ်မျိုး မြစ်ကြီးနား-ရွှေဘိုကားလမ်းဘေးအနောက်ဘက် မကျီးတုံပျူရွာသို့ လမ်းမှားဝင်မိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့လည်း ပစ်သတ်ခံရသည့်ဖြစ်စဉ်များရှိခဲ့သည်။
ပျောက်သောသူ ကြာလည်းမမေ့
သုံးနှစ်ကျော်ကြာပြီဖြစ်သော်လည်း ဖခင်၏ရုပ်အလောင်း ရှာမတွေ့ခဲ့သလို တစုံတရာ ဆက်သွယ်လာခြင်းမျိုး မရှိသေးပေ။ သို့သော် ဖခင်ဖြစ်သူ အသက်ရှင်နေသေးသည် ဆိုသည့် သတင်းအချို့ကြောင့် ဖခင်ကို အသက်ရှင်လျက် ပြန်တွေ့ရရန် မျှော်လင့်ချက် ပြန်ရှင်သန်လာသည်ဟု ရှမ်းမဲလေးက ပြောသည်။
အားနာတတ်သည့်စိတ်ထားရှိပြီး လူအများကို ကူညီတတ်သည့် ဖခင်ကို ထိုနေ့က ရအောင် မတားနိုင်ခဲ့သည့်အတွက် နောင်တ ဖြစ်မိသလို ကိုယ့်ကိုယ်ကိုယ် စိတ်လည်းဆိုးမိ အပြစ်တင်ချင်စိတ်ပါဖြစ်ရသည်ဟု ဆိုသည်။
“ရှိတာမှ သားအဖနှစ်ယောက်တည်း ရှိတာဆိုတော့ အဖေမရှိတော့ ဘယ်သူအားကိုးရမှာတုန်းဆိုပြီးတော့၊ အားကိုးစရာမရှိတော့ဘူးဆိုပြီး စိတ်ထဲကဖြစ်တာ” ဟု မျက်ဝန်းမှ တက်လာသည့် မျက်ရည်စကို သုတ်ကာ ရှမ်းမဲလေးက ပြောသည်။
ဒေသန္တရဆိုင်ရာ ယုံကြည်ကိုးကွယ်မှုနှင့် ဘာသာရေးတို့ အခြေခံ၍ ဖခင်လွတ်မြောက်ပါစေကြောင်း ရည်ရွယ်ပြီး အရပ်ရှစ်မျက်နှာ ဘုရားစာရွတ်ဖတ်ခြင်းများ လအတော်ကြာပြုလုပ်ခဲ့သလို၊ ဖခင် ပျောက်ဆုံးသွားသည့် နေ့ရောက်တိုင်း ဆွမ်းကပ်အလှူများ ပြုလုပ်ပေးနေသည်။
ထိုအမျိုးသမီးငယ်က လက်ရှိတွင် မိခင်၏ အစ်မ အပျိုကြီးဖြစ်သည့် အဒေါ်တစ်ဦးအပြင် အခြားအဒေါ်နှင့် ၎င်း၏ သမီးဖြစ်သူ ဝမ်းကွဲညီမတစ်ဦးတို့နှင့် အတူနေထိုင်နေသည်။

ဖခင်များက သမီးများကို ပိုချစ်ကြသည်ဆိုသည့် စကားအတိုင်း ရှမ်းမဲလေး၏ ဖခင်က တစ်ဦးတည်းသောသမီး ရှမ်းမဲလေးကို အချစ်ပိုခဲ့ပြီး မွေးကတည်းက ရိုက်နှက်ခြင်း၊ မာန်မဲခြင်းလုံးဝမရှိ၊ မျက်နှာအညှိုးမခံဘဲ ပြည့်စုံအောင်ထားခဲ့သူ ဖြစ်ကြောင်း ရှမ်းမဲလေး၏ အတူနေ အကြီးဆုံး အဒေါ်က ပြောပြသည်။
ရှမ်းမဲလေးတို့ မိသားစုသည် စစ်တပ်အာဏာမသိမ်းခင်က မိခင်ဖြစ်သူက ဆံပင်ကျွတ်ဝယ်၊ ဖခင်ဖြစ်သူ လယ်ထွန်စက်နေ့စား အငှားလိုက်မောင်းခြင်း၊ စပါးရွက်ခြင်းစသည့် နေ့စားအလုပ်များကို လုပ်ကိုင်ခဲ့ကြသည်။
တစ်နေ့လုပ်တစ်နေ့စား ပုံမှန်မိသားစုဘဝလေးဖြစ်သော်လည်း သမီးဖြစ်သူ လိုချင်တာရှိလျှင် မရှိ ရှိသည့် ကြားမှ ဖြစ်အောင်လုပ်ပေးကြသော မိဘများဖြစ်သောကြောင့် လူ့လောကအလယ် သမီးဖြစ်သူ တစ်ယောက်တည်း ကျန်နေခဲ့သည်ကို သိပါက အတော်ပင်စိတ်မကောင်းဖြစ်ကြမည်ဟု အဒေါ်ဖြစ်သူက ဆိုသည်။
“မျှော်တာပဲ။ ရှိသေးရင် သွားခေါ်လို့မရတဲ့၊ မတတ်နိုင်တဲ့အရာမို့တာနေရတာ။ မျှော်တာပေါ့ ကိုယ့်ညီမနဲ့ ပတ်သက်ပြီးတော်ရတာမို့ သူ့ဆီကို စွန့်ခွာပြီး ကိုယ့်ဆီလိုက်လာတာ ပိုပြီး သနားမိတယ်” ဟု ညီမဖြစ်သူ၏ ခင်ပွန်းနှင့်ပတ်သက်၍ အထက်ပါအဒေါ်က ပြောသည်။
ပလောင်အမျိုးသားက ဇာတိရပ်ရွာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ တောင်ပေါ်ဒေသကို စွန့်ခွာ၍ ၎င်းညီမဖြစ်သူ အမျိုးသမီး၏ ဇာတိဖြစ်သော အညာဒေသတွင် အတူ လာရောက်နေထိုင်ကာ ဓားမဦးချ အလုပ်လုပ်ကိုင်ခဲ့ခြင်းကို အဒေါ်က ဆိုလိုခြင်း ဖြစ်သည်။
မိဘများရှိပါက သူများတန်းတူထားကာ မျက်နှာအအညှိုးခံမည်မဟုတ်သည့်အတွက် မည်မျှပင် ဆင်းရဲပါစေ၊ မည်မျှပင် မပြည့်စုံပါစေ ရှမ်းမဲလေးက မိဘများနှင့်သာ အတူနေချင်သည်ဟု ဆိုသည်။
မိခင် ဆုံးပါးပြီးနောက်ပိုင်း ဖခင်က ဆံပင်ကျွတ်ဝယ်ယူရောင်းချတာ နေ့စားအငှားလိုက်၍ လုပ်ကိုင် ကျွေးမွေးခဲ့ပြီး သားအဖနှစ်ယောက်တည်း မရှိအတူရှိအတူဖြတ်သန်းရသည့်အတွက် ပျော်စရာကောင်းခဲ့သည်ဟု ပြန်ပြောင်းပြောပြသည်။

အာဏာသိမ်းမှုမဖြစ်ခင်က ခုနစ်တန်းအထိ အစိုးရကျောင်း၌ တက်ခဲ့ရောက်ပြီး ဆုများရခဲ့ကာ စာတော်သူ ရှမ်းမဲလေးသည် လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားသည့် ကြားကာလပညာရေး စာသင်ကျောင်း၌ Grade-12 အတန်း တက်ရောက်နေသည်။
တစ်ဖက်မှာလည်း အဒေါ်နှစ်ဦး၊ ဝမ်းကွဲညီမတို့နှင့်အတူ တောင်သူလုပ်ငန်းများ ကူညီလုပ်ကိုင်ပြီး ကျောင်းပိတ်ရက်များတွင် ဆံပင်ကျွတ်ဖွသည့်အလုပ်ကို ဝင်ရောက်လုပ်ကိုင်ကာ သုံးစွဲရန် မုန့်ဖိုးကို ကိုယ်တိုင်ရှာဖွေနေသူ ဖြစ်သည်။
တောင်သူလုပ်ငန်းခွင်အတွင်း ဘဝတစ်ခုလုံး နစ်မြုပ်သွားမှာကို စိုးရိမ်ပြီး ကျောင်းပြီးပါက သင်တန်းတက်ပြီး ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် မျှော်မှန်းထားသည်ဟု ဆိုပါသည်။
“အနာဂတ် ပျောက်ဆုံးသွားတာမျိုးတော့ မရှိဘူး။ တစ်ခုခုလုပ်လို့ မဖြစ်နိုင်တော့ရင် စိတ်ပျက်မနေဘဲ အစကနေ ပြန်လုပ်တာပဲ”ဟု ထိုအမျိုးသမီးငယ်က လေသံ ခပ်ပြတ်ပြတ်ဖြင့် ပြောသည်။
အဒေါ်ဖြစ်သူက တူမငယ်ဟာ သူများအမြင်မှာ အပူမရှိသလိုမျိုးနေတတ်သူ၊ မိဘကို ရိုသေကိုင်းရှိုင်းသူ၊ ဖခင်ကို ပိုချစ်ခင်သူဖြစ်သည့်အတွက် ယခုလိုအဖြစ်မျိုးကြုံရသဖြင့် သနားကြောင်း၊ တူမနှစ်ဦးကို ရည်မှန်းချက်များပြည့်ရန် ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ဆိုသည်။
“သူတို့ရှေ့ရေးအတွက် သူတို့ဘာလုပ်ချင်လုပ်ချင် ဖြစ်အောင်လုပ်ပေးမယ်လို့ စိတ်ကူးထားတယ်။ ကိုယ် မရှိရှိတာ ရှာပြီးလုပ်ပေးမယ်” ဟု အဒေါ်အကြီးဆုံး အပျိုကြီးက ပြောသည်။
ရှမ်းမဲလေးဟုခေါ်ကြသည့် အမျိုးသမီးငယ်ကမူ တခါတရံ အတူနေ ညီမဝမ်းကွဲကို အားကျမိသည်ဟုသာ ဆိုသည်။
“သူ့အမေနဲ့ ပူးပူးတွဲတွဲလေးအိပ်နေရင် ကိုယ်လည်း အားကျမိတယ်”
မိဘများကို လွမ်းဆွတ်လျှင် အတူနေခဲ့သည့်အိမ်ကို သွားရောက်ပြီး အဖေ၊ အမေနှင့် အတူရှိစဉ် အချိန်များ ပြန်မြင်မိပြီး ငိုမိကြောင်း၊ လက်ရှိတွင် ကျောင်းတက်နေရသောကြောင့် သိပ်မသွားဖြစ်တော့ဘဲ ကျောင်းပိတ်ရက်များမှာသာ သွားဖြစ်ကြောင်း ဆိုသည်။
ရှမ်းမဲလေးနေထိုင်ရာ ခင်ဦးမြို့နယ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ အားကောင်းသည့်အတွက် မြေပြင်စစ်ကြောင်းကို မကြောက်ရသော်လည်း အာဏာသိမ်းစစ်တပ်၏အသေခံဒရုန်းနှင့် လေကြောင်း အန္တရာယ်များကို ဒေသခံများက ကြောက်ရွံ့နေရသည်။
မြန်မာနိုင်ငံတဝန်း စစ်တပ်၏အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် နေ့စဉ်နှင့်အမျှ အရပ်သားများ သေဆုံးနေရသလို၊ ရှမ်းမဲလေးနှင့် ၎င်း၏ဖခင်တို့ကဲ့သို့ ‘ရှင်ကွဲလား၊ သေကွဲလား’ မကွဲပြားဘဲ ကျန်ရစ်သူ မိသားစုဝင်များ သောကရောက်ရသည့် ဖြစ်စဉ်များ အများအပြား ရှိနေဆဲပင်ဖြစ်သည်။
ကလေးများကို စာသင်ရတာဝါသနာပါသည့် ရှမ်းမဲလေးက စစ်တပ်သာ အာဏာမသိမ်းခဲ့ပါလျှင် ယခုဆို ပညာရေးကောလိပ်ကို တက်ရောက်နေမည်ဖြစ်သည်။
လက်ရှိတွင် မိဘနှစ်ပါးလုံးကို ဆုံးရှုံးထားရပြီး ဝမ်းနည်းစရာအတိတ်ဆိုးများကို ရင်ဆိုင် ဖြတ်သန်းနေရသည်။
“လက်နက် ရှိတယ်ဆိုပြီး အပြစ်မဲ့တဲ့အဖေတို့ကို ပစ်သတ်သွားတဲ့သူတွေ သူတို့အလှည့်ကျ ပြန်ခံစားရမှာပါ” ဟုသာ ထိုအမျိုးသမီးငယ်က ငိုသံသဲ့သဲ့ဖြင့် ဆိုလိုက်တော့သည်။




