ကချင်ပြည်နယ် မိုးကောင်းမြို့ နန်းခွင်ရွာတွင် ရှမ်းနီအမျိုးသားများတပ် (SNA) နှင့် ရှမ်းနီပြည်သူ့စစ်တို့က ဇူလိုင်လ ၂၀ ရက်တွင် ဒေသခံ ၄၀ ကျော်ကို စစ်သားသစ်အဖြစ်စုဆောင်းရန်အတွက် အတင်းအကျပ်ခေါ်ဆောင်သွားသည်ဟု ဒေသခံများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။
ထိုနေ့ နံနက်က မိုးကောင်းမြို့တောင်ဘက် မိုင် ၃၀ ခန့်အကွာ နန်းခွင်ရွာအနီး နန်းခွင်ချောင်းအတွင်း ရွှေရှာဖွေနေသည့် ရွှေလုပ်သားအချို့နှင့် လယ်ယာလုပ်ကိုင်နေကြသည့် ဒေသခံ အမျိုးသား၊ အမျိုးသမီး ၅၀ ခန့်ကို SNA နှင့် ပြည်သူ့စစ်များက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံ တော်လှန်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။
“နန်းခွင်ချောင်းမှာ စုဆောင်းရေးဝင်ဆွဲတာ အများကြီးပါသွားတယ်။ ၅၀ ဝန်းကျင်လောက်ပါတယ်၊ ယောကျ်ားလေးတွေကိုတော့ ကြိုးတုပ်ပြီးတော့ နန်းခွင်ဆည်ဘေးမှာ ထိုင်ခိုင်းထားတယ်၊ အမျိုးသမီး တွေကိုတော့ ဘေးမှာထိုင်ခိုင်းထားတယ်” ဟု အဆိုပါ တော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့(ဇူလိုင်လ ၂၁ ရက်) နံနက်တွင်မူ အမျိုးသမီးအချို့ကို ပြန်လွှတ်ခဲ့သော်လည်း အမျိုးသားအများစု ပါဝင်သည့် လူ ၄၀ ကျော်ကို စစ်သားသစ်အဖြစ်စုဆောင်းရန် ဆက်ခေါ်ဆောင်ထားသည်ဟု သိရသည်။
လက်ရှိတွင် ဖမ်းဆီးခံရသည့် ဒေသခံများ၏ အမည်၊ အသက် စသည့် အသေးစိတ်အချက်အလက်များ အတည်ပြုရန် Myanmar Now က ကြိုးစားနေဆဲဖြစ်ပြီး ဖမ်းဆီးခံရသူများ၏ လုံခြုံရေး စိုးရိမ်သည့်အတွက် မိသားစုဝင်များကလည်း ထုတ်မပြောလိုကြောင်း ဆိုကြသည်။
ဇူလိုင်လ ၂၀ ရက် ညနေကလည်း နန်းခွင်ရွာအနီးရှိ ပင်းဘော၊ ကုန်းတန်းကြီးစသည့် ရွာများတွင်လည်း စစ်သားသစ်စုဆောင်းရန်အတွက် ခေါ်သွားသည်ဟု သိရပြီး အရေအတွက် မသိရပေ။
လတ်တလောတွင် ဖမ်းဆီးခံရသူများအားလုံးကို မိုးကောင်းမြို့ အမှတ်(၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၃)နှင့် မြို့တောင်ဘက် ၁၃ မိုင်ခန့်ကွာ ကညင်မြိုင်ရွာတွင် အခြေစိုက်သည့် SNA တပ်မဟာ (၅၆၅) သို့ ခေါ်ဆောင်သွားသည် သတင်းများထွက်နေသည်။
ထို့ကြောင့် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ စုပေါင်း၍ ယနေ့ နံနက်တွင် စကခ-၃ နှင့် ကညင်မြိုင်ရွာများအထိ လိုက်လံညှိနှိုင်းရန် ကြိုးစားနေကြသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မိသားစုဝင်တွေတော့ လိုက်သွားကြပြီ၊ ဘယ်နေရာကိုခေါ်သွားလဲမသိတော့ လောလောဆယ် စကခ(၃)ကို အရင်လိုက်ကြတယ် ကြားတယ်။ အားလုံး သောကတွေနဲ့ပါဗျာ။ ဒီဘက်က အဲဒီလိုတွေ ခဏခဏ ဆွဲနေတာ ဘယ်နေ့ကိုယ့်အလှည့်ပါမလဲပဲ ကြောက်နေကြရတာ” ဟု ၎င်းက ဆိုသည်။
မိုးကောင်းနယ်တွင် စစ်တပ်နှင့် ၎င်း၏ လက်အောက်ခံများဖြစ်သော SNA၊ ရှမ်းနီပြည်သူ့စစ်များ အပါအဝင် ဖားကန့်မြို့နယ်တွင် အခြေစိုက်သည့် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တို့ကပါ စစ်သားသစ် အပြိုင်အဆိုင်စုဆောင်းနေကြသည်ဟု ဒေသခံများက ပြောကြသည်။
ပြီးခဲ့သည့်လအနည်းငယ်အတွင်း မိုးကောင်းနှင့် မိုးညှင်းကြား မြစ်ကြီးနား-ရွှေဘို လမ်းမကြီးတလျှောက် ကျေးရွာများတွင် အထက်ပါအဖွဲ့များက ဒေသခံများကို စစ်သားစုဆောင်းရေးအတွက် ဖမ်းဆီးခေါ်ဆောင်သွားမှု ငါးကြိမ်ထက်မနည်း ရှိခဲ့သည်ဟု ဆိုကြသည်။
မိုးကောင်းဒေသခံများကို SNA က ဖမ်းဆီးသွားသည်နှင့် ပတ်သက်၍ SNA တပ်မှ ပြောရေးဆိုခွင့်ရှိသူနှစ်ဦး ဖြစ်သည့် ဗိုလ်မှူးကြီး ဆေစိုင်းထွန်းနှင့် ဗိုလ်မှူးကြီးစိုင်းအောင်မိန်းတို့ကို Myanmar Now က ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
မိုးညှင်း၊ အင်းတော်ကြီး၊ မိုးကောင်း ဒေသများတွင် စကခ-၃ အပါအဝင် စစ်တပ် တပ်ရင်းတပ်ဖွဲ့များစွာ အခြေစိုက်ထားသလို SNA နှင့် ရှမ်းနီပြည်သူ့စစ်အဖွဲ့များလည်း ပူးပေါင်း လှုပ်ရှားနေကြကာ ကချင်တပ် (KIA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) များလည်း စစ်ရေးလှုပ်ရှားကြသည်။
နှစ်ဖက်တပ်များက စစ်သားစုဆောင်းခြင်းများကို အဆိုပါဒေသများ၌ အပြိုင်အဆိုင် ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ရက်များအတွင်း ဟုမ္မလင်းနှင့် ဖားကန့်မြို့နယ်အစပ် ကျေးရွာများတွင် ကချင်တပ် KIA နှင့် SNA တို့ တိုက်ပွဲဖြစ်နေပြီး မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင်လည်း အဆိုပါနှစ်ဖွဲ့အကြား တိုက်ပွဲ ပြင်းထန်နေသည်။
SNA သည် ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်၊ ဝိုင်းမော်နှင့် စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက်၊ တမူး၊ ကလေး၊ ကသာ၊ ဝန်းသို စသည့် မြို့နယ်များကို စုစည်းကာ ရှမ်းနီပြည်နယ် ရရှိလိုခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၄ ရက်တွင် နေပြည်တော်၌ SNA တပ်၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်သော ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့က စစ်တပ်၏ ငြိမ်းချမ်းရေးကော်မတီနှင့် တွေ့ဆုံကာ “ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ” ပေးရန် တောင်းဆိုခဲ့သည်။
SNA သည် တပ်မဟာ ၉၇၂၊ တပ်မဟာ ၈၉၁၊ တပ်မဟာ ၇၅၃၊ တပ်မဟာ ၆၁၄၊ တပ်မဟာ ၅၆၅ များ ရှိကာ ဗဟိုဌာနချုပ်တစ်ခု၊ အထူးစစ်ကြောင်း သုံးကြောင်းဖြင့် ဖွဲ့စည်းထားသည်။
စစ်တပ်က မန္တလေး- မတ္တရာ- သပိတ်ကျင်း- တကောင်း- ထီးချိုင့်- ကသာ- အင်းတော်- မော်လူး- နန့်စီးအောင်- မိုးညှင်း- မိုးကောင်း- မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း ယခုနှစ် မေလ ၆ ရက်က ထုတ်ပြန်ထားပြီး မန္တလေး- စစ်ကိုင်း၊ ကချင်ပြည်နယ်တလျှောက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်နိုင်ရန် ကြိုးပမ်းနေသည်။



