အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

TNLA နည်းတူ ‘ဝ’ နှင့် ကိုးကန့်လည်း နေပြည်တော်သွားမည်

ရှမ်းမြောက်အခြေစိုက် "ဝ" တပ်ဖွဲ့ နှင့် ကိုးကန့်တပ်တို့သည် လာမည့်လတွင် နေပြည်တော် ဆွေးနွေးပွဲတက်မည်ဖြစ်ပြီး မကြာသေးခင်က တွေ့ဆုံပွဲတက်ခဲ့သည့် TNLA က ကိုယ်ပိုင်ဒေသ တောင်းထားသည်။

ရှမ်းမြောက်အခြေစိုက် “ဝ” တပ်ဖွဲ့ (UWSA) နှင့် ကိုးကန့်တပ် (MNDAA) တို့သည် လာမည့် ဩဂုတ်လအတွင်း စစ်တပ်၏ ရက် ၁၀၀ ငြိမ်းချမ်းရေးအစီအစဉ်တွင် ပါဝင်ဆွေးနွေးကြမည်ဟု စုံစမ်းသိရှိရသည်။

ယခုလအတွင်း ၎င်းနှစ်တပ်နှင့် စစ်ရေး၊ နိုင်ငံရေး မဟာမိတ်ဖြစ်သည့် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းတပ် (TNLA)နှင့် စစ်တပ်၏ ငြိမ်းချမ်းရေးကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် “ဝ” တပ်နှင့် ကိုးကန့်တပ်တို့ နေပြည်တော်၌ ဆက်လက်တွေ့ဆုံသွားမည်ဟု ထိုတိုင်းရင်းသားအဖွဲ့များနှင့် နီးစပ်သူများထံက သိရသည်။

ဇွန်လကုန်က တရုတ်နိုင်ငံ ကူမင်းမြို့၌  တရုတ်အစိုးရနှင့်တွေ့ဆုံစဉ် ကိုးကန့်တပ်ဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ရန် တိုက်တွန်းထားသည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း MNDAA သည် လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုးနှင့် တာမိုးညဲ စသည့် မြို့များကို သိမ်းပိုက်ခဲ့သည်။ ယခုနှစ် မတ်လတွင်လည်း TNLA ထံက ကွတ်ခိုင်မြို့ကို ထပ်မံတိုက်ခိုက်ရယူခဲ့ကာ လောက်ကိုင်၊ မူပန် (သိန္နီ)၊ ကွတ်ခိုင်နှင့် မုံးကိုးခရိုင်ဟူ၍ ခရိုင်လေးခုခွဲကာ အထူးဒေသသ (၁) အမည်ဖြင့် အုပ်ချုပ်လျက်ရှိသည်။

စစ်တပ်ဘက်က  MNDAA အနေဖြင့် မူဆယ်- သီပေါ လမ်းမကြီးတလျှောက်ရှိ MNDAA တပ်ဖွဲ့များ  ဆုတ်ခွာပေးရန် မကြာခဏ တောင်းဆိုမှုများရှိနေသည်။

ကိုးကန့်နှင့် စစ်တပ်တို့ နေပြည်တော်၌ တွေ့ဆုံပါက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ MNDAA တပ်ဖွဲ့များ ဆုတ်ခွာပေးရေးနှင့် ကုန်သွယ်ရေး ဆိုင်ရာကိစ္စများ အပြင် “ အထူးဒေသ(၁)နယ်မြေ”  သတ်မှတ်ပေးရေးကိစ္စများ အဓိကဆွေးနွေးနိုင်သည်ဟု MNDAA နှင့်နီးစပ်သူများထံက သိရသည်။

“၁၀၂၇” တွင် နှစ်မြို့ ရခဲ့သည့် “ဝ” တပ်ဖွဲ့ကလည်း “ပြည်နယ်ရရှိရေး” ရည်မှန်းချက်ရှိထားရာ ဆွေးနွေးပွဲတွင် ထိုအချက်ပါဝင်မည်ဟု ယူဆရသည်။ 

စစ်တပ်က ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားစဉ် အပစ်ရပ် လက်မှတ်ထိုးထားသော အဖွဲ့များ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရှမ်းနီအမျိုးသားများကာကွယ်ရေး တပ်( SNA) တို့ကလည်း တွေ့ဆုံနေသည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း ၁၂ မြို့အထိ သိမ်းပိုက်နိုင်ခဲ့သည့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် စစ်တပ်၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယခုလ ၁၉ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။

TNLA ဘက်မှ “တအာင်းပြည်နယ်” ရရှိရေး အဓိက တောင်းဆိုခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူများနှင့် နီးစပ်သူများထံက စုံစမ်းသိရှိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ စစ်တပ်ဘက်မှ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေး ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး TNLA မှ ဒုတိယဥက္ကဋ္ဌ (၁) ဦးဆောင်သော အဖွဲ့ဝင် ခြောက်ဦး တက်ရောက်ခဲ့သည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့ဝင်များ ရှမ်းပြည်နယ်မြောက်ပိုင်း တောအုပ်တစ်ခုတွင် စစ်ရေးလေ့ကျင့်နေသည်ကို ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ – AFP)

တအာင်းပြည်နယ် ရလိုသည့် TNLA

ယခုရက်ပိုင်း လူမှုကွန်ရက်ပေါ်တွင် ပေါက်ကြားလာသည့် TNLA နှင့် စစ်တပ်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်မှတ်တမ်းမှာ အစစ်အမှန်ဖြစ်ကြောင်း Myanmar Now က မေးမြန်းခဲ့သည့် တိုင်းရင်းသား အဖွဲ့များနှင့် နီးစပ်သူများက အတည်ပြုကြသည်။

ထိုမှတ်တမ်းများအရ TNLA အနေဖြင့် စစ်တပ်က ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခြားပြည်နယ်များနည်းတူ တန်းတူအခွင့်အရေး ရရှိရန်၊ ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ဘဲ “တအာင်းပြည်နယ်” ရရှိရန်စသည့် အချက်များကို အဓိက တောင်းဆိုခဲ့သည်ကို တွေ့ရသည်။

ထို့အပြင် TNLA အနေဖြင့် စစ်ဘေးဒဏ် ရှောင်ရှား၍ ငြိမ်းချမ်းစွာနေထိုင်လိုပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအတွက် NSPNCနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။  TNLA ဘက်က ပြည်နယ်ရရှိရေးအပြင် ဒေသဖွံ့ဖြိုးရေးနှင့် ပညာရေးကိစ္စများကိုပါ တောင်းဆိုခဲ့သော်လည်း စစ်တပ်ဘက်က ဥပဒေကြောင်းအရသာ ဆောင်ရွက်ပေးမည်ဟု တုံ့ပြန်ထားသည်။

တွေ့ဆုံပွဲနှင့် ပတ်သက်၍ စစ်တပ်၏ ထုတ်ပြန်ချက်တွင်မူ ဟိုင်ဂင် သဘောတူညီချက်ကို လိုက်နာရေး၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အကောင်အထည်ဖော်ရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် အဖြေရှာရေးတို့ကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ 

ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ရက် ၁၀၀ ငြိမ်းချမ်းရေး စီမံကိန်းဆိုင်ရာကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်ဟု ဆိုသော်လည်း TNLA က တောင်းဆိုခဲ့သည့် “ပြည်နယ်ရရှိရေး” ဆွေးနွေးချက်ကိုမူမဖော်ပြဘဲ ချန်လှပ်ထားခဲ့သည်။

TNLA ၏ တောင်းဆိုချက်နှင့် ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွက် မြို့နယ်တစ်ခု၏ လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်ပါဝင်သည့် မြို့နယ်နှစ်မြို့နယ် ပေါင်းစည်းပြီးမှသာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ပြည်နယ် ရရှိရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များမှတဆင့်သာ ဆောင်ရွက်ရမည်ဟု စစ်တပ်ဘက်က တုံ့ပြန်ထားသည်။

TNLA နှင့် စစ်တပ်တို့၏ ဆွေးနွေးပွဲရလဒ်အခြေအနေကိုဝါရင့်မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က စစ်တပ်သည် ဗဟိုပြည်မရှိ တော်လှန်ရေးတပ်ဖွဲ့များကို ဖိအားပေး နှိမ်နင်းနိုင်ရန်အတွက်  နယ်မြေထိန်းချုပ်နိုင်မှုအားကောင်းသည့် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို စည်းရုံး လျော့ပေါ့သည့်နည်းလမ်းဖြင့် တိုက်ပွဲများ ခေတ္တရပ်တန့်ထားနိုင်ရန် ပြုလုပ်နေခြင်းသာဖြစ်သည်ဟု သုံးသပ်သည်။

“ဒီအဖွဲ့ထဲမှာ TNLA က စစ်ရေးရော နိုင်ငံရေးရော လက်ရှိ အားနည်းနေတယ်။ ဆိုတော့ အဲဒီအဖွဲ့ကို အရင် တွေ့ထားတာ။ နောက်ပြီးရင် ‘ဝ’ တပ်ဖွဲ့ရော ကိုးကန့် တပ်ဖွဲ့နဲ့ပါ တွေ့ပါလိမ့်မယ်။ ပြောရရင် အားကြီးတဲ့ အဖွဲ့တွေကို အချော့နည်းနဲ့ ထိန်းထားပြီး မြန်မာပြည်မကိုထိန်းဖို့ စစ်တပ်က လုပ်တာပါပဲ” ဟု ဦးသန်းစိုးနိုင်က ဆိုသည်။

၂၀၀၈ အခြေခံဥပဒေကို ဆက်ကိုင်စွဲလိုသည့် စစ်တပ်အနေဖြင့် ဖွဲ့စည်းပုံကို ပြင်ဆင်၍ တိုင်းရင်းသားအဖွဲ့များ လိုလားသည့် ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်ပေးမည်ဟု ဆိုထားသဖြင့် တိုင်းရင်းသားအဖွဲ့များ  တောင်းဆိုချက်အား လိုက်လျောမှုများရှိနိုင်သည်ဟု စစ်ရေးအကဲခတ်အချို့ကလည်း မှတ်ချက်ပြုသည်။

“အခု TNLA က မြို့ ခြောက်မြို့ ရထားတယ်။ စစ်တပ်က အခုဖွဲ့စည်းပုံကို ပြင်နိုင်တဲ့ အခြေအနေမျိုး ရှိနေတယ်။ TNLA အနေနဲ့ မကျေနပ်ရင် ပြည်မက တော်လှန်ရေးအင်အားစုတွေနဲ့ ပေါင်းသွားရင် စစ်တပ်အတွက် အခက်အခဲရှိတယ်။ ဆိုတော့ နမ့်ဆန်နဲ့ မန်တုံကို ပလောင်ပြည်နယ်အဖြစ် သတ်မှတ်ပေးတာမျိုးတော့ ဖြစ်လာနိုင်တယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

TNLA အနေဖြင့် တအာင်းတိုင်းရင်းသားအများစုနေထိုင်သည့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သော နမ့်ဆန်နှင့် မန်တုံမြို့တို့အပြင် မိုးကုတ်၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ ကွတ်ခိုင်၊ လားရှိုး၊ မူဆယ်နှင့် နမ့်ခမ်းမြို့များကို “တအာင်းပြည်နယ်” အဖြစ် မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိပြီး အဆိုပါ မြို့များတွင် စစ်ဒေသများလည်း ဖွဲ့စည်းထားခဲ့သည်။

-၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်က ပြုလုပ်သည့် ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင် စနစ်အောက် အလုံးစုံလွတ်မြောက်ရေးအောင်ပွဲ အထိမ်းအမှတ်အခမ်းအနားတွင် မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ – မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့)

အဆိုပါမြို့များအနက် လားရှိုး၊ မူဆယ်နှင့် မဘိမ်းမြို့များမှလွဲ၍ ကျန်မြို့များကို “ ၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA က သိမ်းပိုက်ခဲ့ပြီး တစ်နှစ်နီးပါး အုပ်ချုပ်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့တို့ကို စစ်တပ်ထံ ပြန်လည်လက်လွှတ်ခဲ့ရသည်။

ထို့အပြင် တရုတ်အစိုးရ၏ ကြားဝင်စွက်ဖက်မှုကြောင့် မိုးမိတ်နှင့် မိုးကုတ်မြို့တို့ကို စစ်တပ်ထံလွှဲပြောင်း ပေးခဲ့ရကာ ကွတ်ခိုင်မြို့ကိုမူ မဟာမိတ် MNDAA ထံ လွှဲပြောင်းပေးခဲ့ရသည်။ ထို့ကြောင့် TNLA အနေဖြင့် ထိန်းချုပ်မြို့ ခြောက်မြို့ကို လက်လွှတ်ခဲ့ရပြီး လက်ရှိတွင် နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့နှင့် မိုင်းလုံ စသည့် မြို့ခြောက်မြို့ကိုသာ ထိန်းချုပ်ထားနိုင်သည်။ 

အဆိုပါ မြို့ ခြောက်မြို့အနက် မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့မှာ ကျောက်မဲမြို့နယ်အောက်ရှိ မြို့အဆင့်များ ဖြစ်သဖြင့် TNLA အနေဖြင့် လက်ရှိတွင် မြို့နယ် လေးခုကိုသာ အပြည့်အဝ ထိန်းချုပ်ထားနိုင်သည်။

TNLA က မည်သည့်မြို့နယ်များကို ပြည်နယ်အဖြစ် ပါဝင်ရန် တောင်းဆိုထားသည်ကို တိတိကျကျ ထုတ်ပြန်ခြင်းမရှိသေးသကဲ့သို့ ယင်းကိစ္စနှင့် ပတ်သက်၍ TNLA ပြောခွင့်ရ လွေးယေဦးကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်အသစ် ထပ်မံသတ်မှတ်ပေးရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ရရန်စစ်တပ်ခန့် ကိုယ်စားလှယ်များ၏ ထောက်ခံမှု လိုအပ်မည်ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများကဆိုသည်။ 

ပြည်ထောင်စုလွှတ်တော်၏ သဘောထားများအပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်ခြင်းနှင့် ဒေသခံ တိုင်းရင်းသားများ၏ သဘောဆန္ဒကောက်ခံခြင်းစသည့် အဆင့်များစွာကို ကျော်ဖြတ်ရမည် ဖြစ်သည်။

ထို့ကြောင့် TNLA လိုလားသည့် “တအာင်းပြည်နယ်” ရရှိရေးနှင့် “ဝ” တပ်ဖွဲ့ (UWSA) တောင်းဆိုနေသည့် “ပြည်နယ်” ရရှိရေး ရည်မှန်းချက်များမှာ စစ်ကောင်စီ၏ ကန့်သတ်ချက်များအောက်တွင် အဆင့်များစွာ ကျော်ဖြတ် ရဦးမည်ဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်သည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်တွင် နေပြည်တော်၌ ရှမ်းနီအမျိုးသားများတပ် (SNA)၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်သော ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့က စစ်တပ်၏ ငြိမ်းချမ်းရေးကော်မတီနှင့် တွေ့ဆုံကာ“ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ” ပေးရန် တောင်းဆိုခဲ့သေးသည်။ 

စစ်တပ်နှင့်အတူ တိုက်ခိုက်နေသော SNA သည် ကချင်ပြည်နယ်အတွင်း မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်၊ ဝိုင်းမော်နှင့်  စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက်၊ တမူး၊ ကလေး၊ ကသာ၊ ဝန်းသို စသည့် မြို့နယ်များကို စုစည်းကာ “ရှမ်းနီ ပြည်နယ်” ရရှိလိုခြင်းဖြစ်သည်။ 

စစ်ခေါင်းဆောင်ကမူ အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပြင် လက်မှတ်မထိုးရသေးသည့် အဖွဲ့များကိုပါ ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထား၍ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် အခြားသော တော်လှန်ရေးတပ်ဖွဲ့များကိုမူ ငြိမ်းချမ်းရေးဆွေးနွေးမည် မဟုတ်ဘဲ လက်နက်ချ အလင်းဝင်ရန်သာ ပြောဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button