အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထားဝယ်အထူးစီးပွားရေးဇုန်အနီး  စစ်ရှောင်ကူညီသူ LGBT လူငယ်များအပါအဝင် ၄ ဦး အသတ်ခံရ

စစ်ဘေးရှောင်အရေးကူညီသူ လူငယ်သုံးဦးနှင့် ၎င်းတို့၏မိတ်ဆွေတစ်ဦးတို့သည် ရေဖြူမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းနှင့် ထိပ်တိုက်တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ရှိရာ တနင်္သာရီတိုင်းရေဖြူမြို့နယ်တွင် စစ်ကြောင်း ထိုးနေသည့် စစ်တပ်က စစ်ရှောင်အရေး ကူညီသူနှင့် ပဋိပက္ခဒေသ ဘေးဒုက္ခလျော့ပါးရေး တက်ကြွလှုပ်ရှားသူ LGBT လူငယ်သုံးဦးနှင့် ဒေသခံတစ်ဦးကို ဇူလိုင်လ တတိယပတ်၌ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းမများတည်ရှိသည့် နိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန် (DSEZ) ဒေသရှိ  ကျေးရွာများကို ယခုလ (ဇူလိုင်လ) ပထမပတ်မှစတင်၍ စစ်တပ်က စစ်ကြောင်း နှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးနေစဉ် အထက်ပါ လေးဦး ဖမ်းဆီးသတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။

အရပ်ဘက် လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် The Ants (Humanitarian Aids Team-Tanintharyi ) အဖွဲ့မှ အဖွဲ့ခေါင်းဆောင် အသက် ၂၄ နှစ်အရွယ် ကိုအယ်သာ၊ အသက် ၁၉ နှစ်အရွယ်အဖွဲ့ဝင် ကိုမြတ်သူ၊ အသက် ၂၄ နှစ်အရွယ် ဘဏ္ဍာရေးတာဝန်ခံ ကိုလီယွန်၊  ၎င်းတို့၏မိတ်ဆွေ အရပ်သား အမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်။

ဘယ်လိုအသတ်ခံရလဲ

စစ်တပ်စစ်ကြောင်းများသည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တည်ရှိရာ ရေဖြူမြို့အရှေ့ဘက် နဘုလယ်ဒေသဘက်သို့ ဇူလိုင်လ ၇ ရက်ကတည်းက ရောက်ရှိနေရာ The Ants  အဖွဲ့ဝင် လူငယ် သုံးဦးသည် ဒေသခံများနှင့်အတူ ဇူလိုင် ၈ ရက်တွင် ရေဖြူမြို့နယ် နတ်တွင်းရွာသို့ စစ်ဘေးရှောင် ထွက်လာကြသည်။

၎င်းတို့ လိုက်ပါလာသည့် ကား ခြောက်စီးပါ ယာဉ်တန်းသည် ဇူလိုင်လ ၉ ရက်၌ လမ်းတွင် စစ်တပ် စစ်ကြောင်းနှင့် ထိပ်တိုက်တိုးကာ ၎င်းတို့သုံးဦးအပါအဝင် လူ ၃၀ ခန့် အဖမ်းခံလိုက်ရခြင်းဖြစ်ကြောင်း MAGGA Initiative အရပ်ဘက်အဖွဲ့အပါအဝင် အသတ်ခံရသည့် လူငယ်သုံးဦး၏ မိတ်ဆွေအချို့က Myanmar Now ကို ပြောသည်။

စစ်တပ်က ထိုလူ ၃၀ ကို ရေဖြူမြို့အနောက်မြောက်ဘက် ခမောင်းချောင်းဆိုသည့်ရွာသို့ ခေါ်ဆောင်၍ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ထိုလေးဦးမှအပ အမျိုးသမီးများနှင့် ဒေသခံများကို ပြန်လွှတ်ပေးခဲ့ကြောင်း ဆိုသည်။ 

ထို့နောက် ဇူလိုင်လ ၂၀ ရက် ညနေတွင် ခမောင်းချောင်းရွာမြောက်ဘက် တစ်မိုင်အကွာ ဧကနိရွာအနီးတွင် ကိုအယ်သာ၊ ကိုမြတ်သူ၊ ကိုလီယွန်နှင့် ဒေသခံအမျိုးသားတစ်ဦးတို့၏ ရုပ်အလောင်းများကို ဒေသခံရွာသားများက တွေ့ရှိခဲ့ကြောင်း MAGGA Initiative ဒါရိုက်တာ မဆုဆု၏ ပြောပြချက်အရသိရသည်။

အလောင်းများပုပ်ဆွေးနေသဖြင့် အသတ်ခံရသည်မှာ လေးရက်သို့မဟုတ် ငါးရက်ခန့်ရှိနေပြီဟု ယူဆရပြီး အနီးရှိ အိတ်ထဲတွင် ကိုအယ်သာ၊ ကိုမြတ်သူနှင့် ကိုလီယွန်တို့၏ မှတ်ပုံတင်များ ကျန်နေသဖြင့် ၎င်းတို့ကို အတည်ပြုနိုင်ခြင်းဖြစ်ကြောင်း မဆုဆုက ဆိုသည်။

သတ်ဖြတ်ခံရသူများအနက်မှ The Ants အဖွဲ့ဝင် ကိုအယ်သာ၊ ကိုလီယွန်၊ ကိုမြတ်သူ ။ (ဓာတ်ပုံ- ပေးပို့)

MAGGA Initiative သည် တနင်္သာရီအခြေစိုက် အရပ်ဘက်လူထုအဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် တရားမျှတမှုအတွက် တစိုက်မတ်မတ်လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

အသတ်ခံရသည့် လူငယ် သုံးဦးသည် MAGGA Initiative ၏ ဒီမိုကရေစီနှင့် နိုင်ငံသားပညာရေးသင်တန်း အစီအစဥ် ၂၀၂၄ ၏ သင်တန်းသားများဖြစ်ပြီး ၎င်းတို့အသတ်ခံရမှုအတွက် စကားလုံးဖြင့်ဖော်ပြရန် ခက်ခဲသည်အထိ မိသားစုနှင့် ထပ်တူ ဝမ်းနည်းရကြောင်း MAGGA Initiative က ဇူလိုင်လ ၂၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

အလောင်းများတွင် လည်ပင်းပြတ်ရှ ဒဏ်ရာများပါရှိသလို ခန္ဓာကိုယ်၌ ထိုးသွင်းဒဏ်ရာများလည်း တွေ့ရကြောင်း ဒေသခံအချို့၏ ပြောပြချက်ကို ကိုးကား၍ အသတ်ခံရသူလူငယ်များ၏ မိတ်ဆွေအမျိုးသားတစ်ဦးက Myanmar Now ကိုပြောသည်။

စစ်ရှောင်ဒုက္ခသည်အရေး အကူအညီပေးနေသည့် ဒေသခံ အမျိုးသားတစ်ဦးကလည်း “သူတို့ရဲ့ ရုပ်အလောင်းတွေမှာတွေ့ရသလောက်တော့ ဗိုက်ကို ထိုးသွင်းဒဏ်ရာတွေရှိတာမျိုးတော့ တွေ့ရတယ်။ ဒေသခံတွေနဲ့ ရုပ်အလောင်းကို ကောက်ပြီးတော့ မီးရှို့သင်္ဂြိုဟ်ပေးတဲ့သူတွေ ပြောကြားချက်အရတော့ လည်လှီးပြီးတော့ သတ်ဖြတ်ထားတယ်လို့ သိရတယ်”ဟု မျက်မြင်များကို ကိုးကား၍ ပြောသည်။ 

၎င်းတို့၏ ဖုန်းနှင့်ကွန်ပျူတာမှတဆင့် စစ်တပ်က အချက်အလက်များကို တွေ့ရှိခဲ့ရပြီးနောက် ထိုသူများကို သတ်ဖြတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။ 

“သူတို့ရဲ့ နေထိုင်ပုံကတော့ တော်တော်လေး နူးနူးညံ့ညံ့ရှိတယ်။ သိမ်သိမ်မွေ့မွေ့ရှိတယ်။ အလုပ် လုပ်တဲ့ အချိန်မှာလည်း Humble ဖြစ်ပြီး နှိမ့်နှိမ့်ချချရှိတယ်” ဟု ၎င်းက ပြောသည်။ 

စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသူ လူမှုကူညီရေးလုပ်နေသူ လူငယ်သုံးဦးအနက် အဖွဲ့တာဝန်ခံ ကိုအာသာမှာ ထားဝယ်ပညာရေးတက္ကသိုလ် ပထမနှစ်ကျောင်းသားဖြစ်သည်။ ကိုလီယွန်မှာ National University of Computer Studies – NUCS ၏ ဒုတိယနှစ် ကျောင်းသားဖြစ်သည်။ 

ရုပ်အလောင်းများကို ဇူလိုင်လ ၂၀ ရက်၌ မီးသင်္ဂြိုဟ်လိုက်သည်ဟု ၎င်းတို့မိတ်ဆွေများထံက သိရသည်။

စစ်ရှောင်အရေးကူညီသူလူငယ် သုံးဦး၏ မိတ်ဆွေအမျိုးသားတစ်ဦးကလည်း ဖမ်းဆီးခံရစဉ် ၎င်းတို့၏ ဖုန်း၊ ကွန်ပျူတာများတွင် အလုပ်နှင့်ပတ်သက်သော အချက်အလက်များပါသွားသဖြင့် စစ်တပ်ဘက်က သတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပေးသည်။

“လူသားချင်းစာနာမှုအလုပ်တွေလုပ်မယ်ဆိုရင် ဒီနိုင်ငံမှာကတော့ သေဒဏ်ပဲပေါ့။ ဒါက မဖြစ်သင့်ဘူး။ ဒါက သူတို့ (စစ်တပ်) က လုပ်လေ့လုပ်ထရှိတဲ့ကိစ္စဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ပြောလို့လည်း မရဘူးဖြစ်နေတယ်။ ကျွန်တော်တို့ကတော့ ဘာသာရေးနဲ့ပဲ အနိစ္စသဘောလို့ ဖြေရတာပေါ့။ ဒီအလုပ် လုပ်ရင် ဒီလိုကိစ္စတွေက တစ်နေ့နေ့မှာ ကြုံတွေ့လာရမှာပဲ” 

၎င်းတို့ သုံးဦး ပါဝင်သည့် The Ants  (Humanitarian Aids Team-Tanintharyi) သည် တနင်္သာရီတိုင်း အတွင်းရှိ  ပဋိပက္ခကြောင့်ဖြစ်ပေါ်လာသော ဘေးဒုက္ခများလျော့ပါးရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်း တိုးမြင့်လာစေရေး တို့တွင် အထောက်အကူပြုရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် အဖွဲ့၀င် ငါးဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အသတ်ခံရသူလူငယ် သုံးဦးသည် ဗုံးခိုကျင်းတည်ဆောက်ရန် အသိပညာပေးမှုများ လုပ်နေသလို၊ စာသင်ကျောင်းများအတွက် သင်ထောက်ကူပစ္စည်းထောက်ပံ့ပေးခြင်းနှင့် မီးရှို့ခံရသည့်နေအိမ်များ အခြေအနေ မှတ်တမ်းတင်ခြင်းတို့ ပြုလုပ်ပေးနေသူများဖြစ်ကြောင်း ၎င်းတို့၏ မိတ်ဆွေများက ပြောကြသည်။

စစ်တပ် စစ်ကြောင်း သတ်ဖြတ်သွားသည့် ကိစ္စနှင့်ပတ်သက်၍ ပိုမိုသိနိုင်ရန် စစ်တပ် သတင်းမှန် ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးမျိုးအောင်နှင့် တနင်္သာရီတိုင်း လူမှုရေးဝန်ကြီး ဦးသက်နိုင်ထံ Myanmar Now က ဖုန်းသုံးကြိမ်စီ ခေါ်ခဲ့သော်လည်း ဖုန်းမကိုင်ပေ။

စီးပွားရေးဇုန်အနီး စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေ

၂၀၀၈ ခုနှစ်ကတည်းက စတင်ရန် ကြိုးပမ်းခဲ့သည့် ၁၉၅ စတုရန်းကီလိုမီတာနီးပါး ကျယ်ဝန်းသည့် ထားဝယ်အထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံ တောင်ဘက်စွန်း တနင်္သာရီတိုင်း ထားဝယ်မြို့၏ မြောက်ဘက် ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းပင်လယ်ကွေ့အနီး မဟာဗျူဟာကျသည့်နေရာတွင် အကောင်အထည်ဖော်မည့် စီမံကိန်းကြီးဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လျှပ်စစ်စွမ်းအင်နှင့် အခြားစီမံကိန်းများပါဝင်သည်။

၁၇ နှစ်နီးပါးကြာသည်အထိ ရုပ်လုံးမပေါ်သေးသည့် စီမံကိန်းကို စစ်တပ်က ရုရှား၏ အကူအညီဖြင့် ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေသလို ထိုဒေသတွင်လည်း ကာကွယ်ရေးတပ်ဖွဲ့များက အင်အား ကောင်းကောင်းဖြင့် လှုပ်ရှားနေကြသည်။ 

ယမန်နှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းစစ်တပ်က ရုရှားနိုင်ငံနှင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း စတင်ရန် သဘောတူညီပြီးနောက် ထိုဒေသတဝိုက် အခြေစိုက်သည့် တော်လှန်ရေးအဖွဲ့အများအပြားကို တိုက်ခိုက်၍ နယ်မြေ ရှင်းလင်းရန် ယခုနှစ်အတွင်း ကြိုးပမ်းလာပြီး ထိုင်း-မြန်မာကုန်သွယ်ရေးအတွက် အရေးပါသည့် အမှတ် (၈) ပြည်ထောင်စုလမ်းမကို ထိန်းချုပ်နိုင်ရေး လုံးပမ်းနေသည်။

ထားဝယ်အထူးစီးပွားရေးဇုန် (DSEZ) တည်ရှိရာဒေသရှိကျေးရွာများကို ရေဖြူမြို့နယ် မြောက်ဘက် ကလိန်အောင်ဒေသနှင့် မြို့နယ်တောင်ဘက် တလိုင်းရွာများမှ စစ်ကြောင်း နှစ်ကြောင်းဖြင့် နယ်မြေ ရှင်းလင်းနေခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။ 

အဆိုပါ စစ်ကြောင်း နှစ်ကြောင်းတွင် စစ်သည်အင်အား ၇၀၀ ကျော်ပါဝင်ပြီး ရေဖြူမြို့ အခြေစိုက် ခမရ ၄၀၈၊ ၄၀၉ နှင့် ၄၀၁ တပ်၊ အမတ ၃၀၄၊ ခမရ ၄၀၆၊ ၄၀၇ တပ်များပါဝင်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။ 

အမေရိကန်ဒေါ်လာသန်းထောင်ချီ အကုန်အကျခံကာ တည်ဆောက်မည့် ထားဝယ်ဒေသ စီမံကိန်း လုပ်ငန်းခွင်ရှိ မြေပုံတစ်ခုကို ရဟန်းတစ်ပါး ၂၀၁၂ ခုနှစ် က ကြည့်ရှုနေစဉ်။ (ဓာတ်ပုံ- AFP) 

စစ်တပ် စစ်ကြောင်းထိုးနေသည့် ယခုလဆန်းပိုင်းမှ စတင်၍ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ဝဇွမ်းတော၊ ရငဲ၊ ကုန်းသာယာအင်း၊ ကညင်အင်း ကျေးရွာမှ ဒေသခံ ၅၀၀၀ နီးပါး စစ်ဘေးရှောင်နေကြရသည်ဟု တနင်္သာရီတိုင်းအခြေစိုက် နိုင်ငံရေးအင်အားစု ဖြစ်သည့် ထားဝယ်အမျိုးသား အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ကိုယောနသန်က ပြောသည်။

“ဧကနိကျေးရွာနဲ့ ခမောင်းချောင်းကျေးရွာတွေမှာကတော့ အိမ်တိုင်းအလိုလို ဖောက်ထွင်းဖျက်ဆီးခံရပြီး ရွှေ၊ ငွေ စတဲ့ တန်ဖိုးရှိပစ္စည်းတွေကိုလည်း ကားနဲ့သယ်ထုတ်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဧကနိနဲ့ ရငဲကျေးရွာအကြားမှာ ပြည်သူတွေ စစ်ဘေးရှောင်နေကြရစဥ် ထားခဲ့ရတဲ့ဆိုင်ကယ်တွေလည်း (စစ်တပ်) ယူသွားပါတယ်” ဟု ၎င်းက ပြောသည်။ 

ဗုံးကြဲမှုများတွင်လည်း လေယာဉ်အစီးရေ အများအပြား အသုံးပြုလာပြီး တိုက်ခိုက်မှု ပိုပြင်းထန်လာကြောင်း ကိုယောနသန်က ဆိုသည်။

“အရင်ကနဲ့စာရင် လေကြောင်းက တိုက်ခိုက်တဲ့ ပုံစံတွေ ပြောင်းလဲလာတာကိုတွေ့ရတယ်။ အထူးသဖြင့် လေကြောင်းကနေ အုပ်စုဖွဲ့ပြီးတော့ ဗုံးကြဲတာတွေကိုတွေ့ရတယ်။ အရင်ကဆို ဂျက်ဖိုက်တာလာရင် ဂျက်ဖိုက်တာ တစ်စီးတည်းနဲ့လာတယ်။ Y 12 ဆိုလည်း တစ်စီးတည်းနဲ့ လာပြီးတော့ ဗုံးကြဲတယ်။ အခုနောက်ပိုင်းမှာတော့ အဲဒီလိုမျိုး မဟုတ်တော့ဘဲ ဂျက်ဖိုက်တာ နဲ့ Y 12 တွေ ပူးပေါင်းပြီးတော့ ဗုံးကြဲတဲ့ ပုံစံမျိုးတွေ တွေ့လာရတယ်” ဟု ၎င်းက ပြောသည်။ 

စစ်တပ်၏ ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တနင်္သာရီတိုင်း မြိတ်တပ်နယ်နှင့် ကျွန်းစုမြို့ရှိ နယ်မြေခံတပ်ဖွဲ့ဝင်များနှင့် ဇွန်လ ၂၄ ရက်တွင် လာရောက်တွေ့ဆုံပြီး ထားရေနက်ဆိပ်ကမ်းစီမံကိန်း အပါအဝင် ရေး- ထားဝယ်- မြိတ်- ဘုတ်ပြင်း- ကော့သောင်းလမ်းတစ်လျှေက်ရှိ စစ်တပ်ဆန့်ကျင်သည့် အင်အားစုများကို ချေမှုန်းရှင်းလင်းရမည်ဟု ပြောခဲ့သည်။

၎င်း၏ ခရီးစဉ်အပြီး စစ်တပ်ဘက်က ထားဝယ်ရေနက်ဆိပ်ကမ်းရှိရာဒေသကို အင်အား ၇၀၀ ကျော်ဖြင့် နေရာဖြန့်ကာ စစ်ကြောင်းထိုးလာပြီး မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်းနှင့် သံဖြူဇရပ်လမ်းပိုင်းကို စစ်ကြောင်းထိုးနေကြောင်း၊ အမှတ် (၈) ပြည်ထောင်စုလမ်းဖြတ်သန်းရာ ပုလောမြို့နယ်၌လည်း  စစ်ကြောင်း ထိုးလာနေကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တနင်္သာရီအခြေစိုက် PDF နည်းဗျူဟာ (၃၃) ဗျူဟာမှူး ရဲဘော်စောဒါးကိုက ပြောသည်။

တနင်္သာရီတိုင်း၌ ပြီးခဲ့သည့် မေလအတွင်း တိုက်ပွဲ ၅၈ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ထိုင်း – မြန်မာနယ်စပ် လမ်းဖြစ်သည့် တနင်္သာရီမြို့နယ် မောတောင်မြို့သွားရာလမ်းနှင့် အနီးဝန်းကျင်ရွာများတွင် ဖြစ်ပွားမှု များပြားခဲ့သည်။ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း အစရှိသည့်မြို့နယ်များတွင်လည်း တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု အရပ်ဘက်စောင့်ကြည့်ရေးအဖွဲ့ ဖြစ်သည့် FE5 Tanintharyi က ထုတ်ပြန်ထားသည်။ 

မေလအတွင်း တိုက်ပွဲနှင့် လေကြောင်း၊ ရေကြောင်းတိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ခဲ့ရသူ အနည်းဆုံး ၉၃၂၀၀ ခန့် အထိရှိခဲ့ကြောင်း ထိုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button