တလှိုင်းပြီး တလှိုင်းတက်လာတဲ့ ရေတွေကြားထဲမှာ ပြည်သူတွေဟာ ရရာပစ္စည်းတွေကို ခေါင်းမှာရွက်သူရွက်၊ ထမ်းသူက ထမ်း၊ လှေတွေပေါ် တင်သူကတင်နဲ့ ကုန်းမြင့်နေရာတွေဆီ အမြန်ဆုံးရောက်ဖို့ပဲ ဇောကပ်နေကြပါတယ်။ မစဲနိုင်အောင် ရွာနေတဲ့မိုးတွေနဲ့ ရေပြင်ကြီးပေါ် ကျွဲ၊ နွား တိရစ္ဆာန် တွေကလည်း သူတို့ သခင်တွေနဲ့အတူ ကုန်းမြင့်နေရာတွေဆီ ကူးခတ်နေကြပါတယ်။
ဒါကတော့ ရခိုင်ပြည်နယ်မှာ ဇူလိုင်လ ၅ ရက်ကစပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ၉ ရက်နေ့မှာ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေမှာ ရေဘေးဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့ မြေပြင်အခြေအနေတွေဖြစ်ပါတယ်။
ရခိုင်ရဲ့ဒေသတချို့မှာ အခုလို ပြည်သူတွေ ရေဘေးဒဏ်ဆိုးဆိုးရွားရွား ကြုံနေရချိန် နေပြည်တော်က စစ်ဗိုလ်ချုပ်တွေဟာ လေယာဉ်ပျံတွေ ပို့လွှတ်လိုက်ပါတယ်။ ဘေးသင့် ဒေသတွေဆီ ကယ်ဆယ်ရေးလုပ်ဖို့ လွှတ်လိုက်တာတော့ မဟုတ်ပါဘူး။ ဘာမှမဆိုင်တဲ့ အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်ဖို့ပါ။ ဇူလိုင်လ ၁၀ ရက်မှာ ဂွမြို့နယ်ကို စစ်တပ်က တိုက်ပွဲမဖြစ်ဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေသဘာဝဘေး အန္တရာယ် ကြုံနေရချိန်မှာတောင် သူတို့ရဲ့ လတ်တလော စစ်ရေးရှုံးနိမ့်မှုတွေကို အငြိုးအတေးထားပြီး အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ရခိုင်ပြည် ရေကြီးမှု
သဘာဝဘေးအန္တရာယ် နှစ်စဉ်ကြုံရတတ်တဲ့ ရခိုင်ပြည်မှာ ရေဘေးဒဏ်ဆိုတာ မစိမ်းပါဘူး။ အခုနှစ် ရေကြီးမှုမှာ ရေအမြင့် ငါးပေကနေ ၁၀ ပေဝန်းကျင်ထိ မြင့်တက်ခဲ့ပြီး ရေစီးကလည်း ကြမ်းပါတယ်။ လူ ငါးယောက်အထိ အသက်ဆုံးရှုံးခဲ့ရပြီး သောင်းနဲ့ချီ ရေဘေးသင့်ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ တွေကပြောပါတယ်။
တရိပ်ရိပ်တက်လာတဲ့ ရေတွေကိုကြည့်ရင်း အလွန်စိုးရိမ်ခဲ့ရတယ်လို့ မြောက်ဦးမြို့နယ် ကျောက်ကျပ်ကျေးရွာသူ အသက်၂၀ အရွယ် မမြတ်ဆုက ပြောပါတယ်။
“ပထမဆုံးနေ့ကဆိုရင် မိုးတအားရွာတာနဲ့ ညအိပ်လို့ မပျော်ဘူး။ တရိပ်ရိပ်နဲ့ တက်လာတာ” လို့ သူက ပြောပါတယ်။
လမ်းတံတားတွေကျိုးကျ၊ ကမ်းပါးတွေပြို၊ နေအိမ်တွေ ရေစီးထဲ မျောပါသွားပြီး စိုက်ပျိုးမြေတွေ ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှု စာရင်းကို အတိအကျမရနိုင်ပေမယ့် ပြည်သူတွေအတွက် ထိခိုက်ဆုံးရှုံးမှုများခဲ့ရတာက အမှန်ပါပဲ။ သောက်သုံးရေကန်တွေ ပျက်စီးခဲ့တာကြောင့် အခက်အခဲတွေ ဖြစ်ခဲ့ရပါတယ်။
အိမ်ခြေ ၉၀ နီးပါးနဲ့ လူဦးရေ ၃၀၀ ကျော်နေထိုင်တဲ့ မြောက်ဦးမြို့နယ် မောင်နှမကျေးရွာမှာ သောက်သုံးရေကန် နှစ်ကန်ရှိတဲ့အနက် နှစ်ကန်လုံး ပျက်စီးသွားခဲ့ရပြီး တစ်ရွာလုံး သောက်စရာရေမရှိဖြစ်နေရတယ်လို့ အဲဒီကျေးရွာကို သွားရောက်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် မဌေးဌေးဦးက ပြောပါတယ်။
“ရေတွေက သောက်လို့ မရတော့ဘူး။ အကုန်လုံး နွံအနှစ်တွေနဲ့ ဖြစ်သွားတယ်။ အခုလောလောဆယ်မှာတော့ မိုးရေတွေ ခံပြီး သောက်နေကြတာ။ မိုးမရွာတဲ့နောက်ပိုင်းမှာတော့ သောက်သုံးရေ အခက်အခဲ ဖြစ်နိုင်တယ်” လို့ သူက ရွာရဲ့ အခြေအနေကို ပြောပြပါတယ်။
အလားတူ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာလည်း သောက်သုံးရေကန်တွေ ပျက်စီးခဲ့ပြီး အခက်အခဲ ဖြစ်နေတယ်လို့ ကြားသိရပါတယ်။
ရခိုင်မှာ အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲတွေ စဖြစ်ခဲ့တဲ့ ၂၀၂၃ ခုနှစ်က စပြီး အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်နဲ့ ပြည်မ ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ဆို့ဖြတ်တောက် ခဲ့တာကြောင့် ရခိုင်ပြည်သူတွေဟာ အိန္ဒိယဘက်ကို အားကိုးခဲ့ရပါတယ်။ ဒါပေမဲ့ အခုရေကြီးမှုဖြစ်စဉ်မှာ အဲဒီကုန်သွယ်ရေးလမ်းကြောင်းလည်း ထိခိုက်ခဲ့ရပါတယ်။
“မြေပြိုပြီး လမ်းတွေ ပိတ်သွားတာရှိတယ်။ နောက် ရေစီးကြမ်းတယ်။ ကုန်သည်တွေ အနေနဲ့ အန္တရာယ်များတယ်။ ကုန်သယ်ရတာတွေလည်း နှောင့်နှေးသွားတယ်လို့” လို့ အိန္ဒိယဘက်ကနေ စက်သုံးဆီတင်သွင်းနေတဲ့ အမည်မဖော်လိုသူ ကုန်သည်တစ်ယောက်က ပြောပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် တက်ဘုချေ ကျေးရွာကနေ ပြည်နယ်ရဲ့ မြို့တော် အိုင်ဇောမြို့ကို ပုံမှန် တစ်ရက်ခရီးသာရှိပေမယ့် အခုခါ အိန္ဒိယဘက်မှာလည်း မိုးအဆက်မပြတ် ရွာသွန်းမှုနဲ့ ရေကြီး မြေပြိုမှုဖြစ်ပွားခဲ့တာတွေကြောင့် လေးရက်လောက် သွားခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒီလမ်းကြောင်းဟာ ပိတ်ဆို့ခံထားရတဲ့ရခိုင်ဒေသအတွက် ဆေးဝါးနဲ့ စားသောက်ကုန်ပစ္စည်းတွေလို အဓိက ကုန်စည်တွေကို သယ်ယူနေတဲ့ လမ်းကြောင်း တစ်ခု ဖြစ်တာကြောင့် အကုန်လုံး ထိခိုက်ခံစားရပါတယ်။
အဆိုးဆုံးကတော့ ရေနစ်မြုပ်သွားတဲ့ လယ်တွေ ဖြစ်ပါတယ်။ မျိုးစပါးကြဲထားပြီးသား လယ်တွေ ရေလွှမ်းမိုးမှုကြောင့် အကုန်ပျက်စီးသွားပြီလို့ လယ်ရှစ်ဧက ပိုင်တဲ့ မြောက်ဦးမြို့နယ် မြောင်းဘွေ ကျေးရွာနေ ဦးလှသိန်းမောင်က ပြောပါတယ်။
အရင်နှစ် စပါးရိတ်သိမ်းပြီးချိန်ကနေ မျိုးကောင်းတွေ ရွေးထားလိုက်တဲ့ မျိုးစပါးတွေ ပျက်စီးသွားတဲ့အတွက် သူ့မှာ လယ်ဆက်လုပ်ဖို့ စဥ်းစားရခက်နေပါတယ်။ ရေလွှမ်းသွားတဲ့ လယ်ကွင်းပြင်တွေကို နောက်ထပ် ထွန်ယက်ဖို့ကလည်း အခက်အခဲ ရှိနေတယ်လို့ ဦးလှသိန်းမောင်က ဆိုပါတယ်။
“ရေကျပြီးတာနဲ့ လယ်ကွင်းပြင်ဆင်းကြည့်တော့ ပြန်ပြီးထွန်ဖို့ကလည်း အခက်ဖြစ်နေတယ်။ ဒီအတိုင်း စပါးကြဲလိုက်ရင်လည်း စပါးပင်တွေကြီးလာတဲ့အခါ မြက်တွေနဲ့ အဆင်ပြေမှာ မဟုတ်ဘူး။ ဒါကို နောက် တစ်ခေါက် လယ်ထွန်ရင်လည်း သဲနစ်တွေနဲ့ နွားတွေ ခံနိုင်မှာ မဟုတ်ဘူး။ စက်နဲ့ထွန်ဖို့ ကျတော့လည်း အရင်းအနှီးကြီးသလို စက်တွေနဲ့ ထွန်လို့ အဆင်ပြေမယ် မထင်ဘူး” လို့ သူက စိတ်ပျက်လက်ပျက် ညည်းတွားပါတယ်။
လယ်သမားတွေမှာ လယ်ထွန်ယက်စိုက်ပျိုးဖို့ အချိန်တစ်လ ကျော်ကျော်လောက်ပဲ ရတော့မှာပါ။ နောက် တစ်လလောက်ဆိုရင် လယ်ထွန်ယက်စိုက်ပျိုးဖို့ အဆင်မပြေတော့ဘူးလို့ ဦးလှသိန်းမောင်က ပြောပါတယ်။
ဒါဟာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စတဲ့ မြို့နယ်တွေက လယ်သမားတွေရေဘေးနောက်ဆက်တွဲ ကြုံနေရတဲ့အခက်အခဲတွေပါ။ လယ်သမားတွေမှာ မျိုးစပါးလိုအပ်ချက်တွေ နောက်ထပ် ထွန်ယက်စိုက်ပျိုးဖို့ အခက်အခဲတွေနဲ့ လယ်ယာ ဆက်လုပ်ဖို့ အခက်ကြုံနေကြရပါတယ်။ လယ်လုပ်သက် နှစ် ၂၀ ကျော်ရှိပြီ ဖြစ်တဲ့ ဦးလှသိန်းမောင်ကတော့ လက်ရှိရေကြီးမှုကြောင့် လယ်သမားအများစုမှာ ဆုံးရှုံးမှုများနိုင်တယ်လို့ ခန့်မှန်းပါတယ်။
ရခိုင်မှာ လယ်ဧက ၁၂ သန်းကျော်ရှိတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။ ဒါပေမဲ့ စစ်ဘေးဒဏ်ကိုလည်း ခံရ၊ သဘာဝဘေး အန္တရာယ်ကလည်း မညှာတာတဲ့အနေအထားမှာ လယ်မလုပ်နိုင်တဲ့ မြေဧကတွေ အများအပြားဖြစ်လာခဲ့ပါတယ်။
ရခိုင်ပြည်အတွက် အဓိက အသက်သွေးကြောတစ်ခုဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းဟာ အခုလို အကျပ်အတည်းတွေကြားမှာ အကျဘက်ကို ဦးတည်နေတာကြောင့် အာရက္ခပြည်သူ့အစိုးရအနေနဲ့ အလေးထား ကူညီဆောင်ရွက်ပေးဖို့ တောင်သူတွေက လိုလားနေကြပါတယ်။
ဇူလိုင်လ ၁၂ ရက်ကစပြီး မင်းပြား၊ မြောက်ဦး၊ ကျောက်တော် စတဲ့ မြို့နယ်အချို့ရဲ့ လမ်းတွေမှာ ရေတွေကျသွားပေမယ့် မြို့နယ်အချို့က နေအိမ်အောက်တွေမှာတော့ ရေတွေ တင်ကျန်နေဆဲ ဖြစ်ပါတယ်။
ရေကျပြီး အချိန်တွေမှာ မလိုအပ်ဘဲ အပြင်ကို မသွားဖို့၊ ကမ်းစပ်အနီးတွေနဲ့ တောင်ကုန်း၊ တောင်တန်းအနီးတွေကို မသွားဖို့၊ သေဆုံးသွားတဲ့ ကျွဲ၊ နွား စတဲ့ တိရစ္ဆာန်တွေကို စနစ်တကျရှင်းလင်းပြီး မြေမြှုပ်မီးရှို့တာတွေလုပ်ဖို့၊ အမှိုက်သရိုက်တွေကိုလည်း စနစ်တကျရှင်းလင်းဖို့၊ မြွေနဲ့ တခြားအဆိပ်ရှိတဲ့ သတ္တဝါတွေကို သတိပြုဖို့၊ ရေကို ကျိုချက်သောက်ဖို့ ကျန်းမာရေးအသိုင်းအဝိုင်းက တိုက်တွန်းထားပါတယ်။
ထိုးတက်သွားတဲ့ အခြေခံစားသောက် ကုန်စျေးနှုန်း
လေးရက်လောက် ရေကြီးမှု ဖြစ်ပွားခဲ့တာမှာ ရခိုင်ပြည်အတွင်း ကုန်ဈေးနှုန်းတွေ နှစ်ဆလောက် ဝုန်းခနဲ ထိုးတက်သွားတာကြောင့် အခြေခံလူတန်းစားတွေနဲ့ စစ်ဘေးရှောင်တွေ ပိုပြီး အခက်အခဲ ဖြစ်သွားခဲ့ရပါတယ်။
ရေမကြီးခင်က ကြက်ဥတစ်လုံးကို ကျပ် ၅၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၁၀,၀၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၁၄,၀၀၀ ရှိခဲ့တာကနေ ရေကြီးပြီးနောက်ပိုင်း ကြက်ဥတစ်လုံး ၁,၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ၁၂,၀၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၀,၀၀၀ လောက်အထိ ရက်ပိုင်းအတွင်း ထိုးတက်သွားပါတယ်။
ဒီဈေးနှုန်းတွေဟာ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ကျောက်တော်မြို့နယ်တွေက ဈေးနှုန်းတွေကို အခြေခံပြီး ဖော်ပြထားတာ ဖြစ်ပြီး မြို့နယ်အလိုက် ဈေးနှုန်း ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်းမြှင့်တက်လာတာကြောင့် သာမန်အိမ်ထောင်စုတွေရဲ့ စားဝတ်နေရေး ပိုခက်ခဲပြီး အားနည်းတဲ့ ပြည်သူတွေ ထိခိုက်မှုကြီးမားမယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်သတိပေးထားဖူးပါတယ်။
ပဋိပက္ခတွေ၊ ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး အနှောင့်အယှက်တွေ၊ ပို့ကုန်ဝင်ငွေလျော့ကျတာ၊ လောင်စာဆီဈေးနှုန်း မတည်ငြိမ်တာစတဲ့ဖိအားတွေလည်း ဆက်ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
ဒီလိုအကျပ်အတည်းတွေကြားမှာ အခုလိုမျိုး ကုန်ဈေးနှုန်းတွေထိုးတက်လာတာတွေကို အာရက္ခ ပြည်သူ့ အစိုးရအနေနဲ့ ထိန်းကျောင်းပေးဖို့ လိုအပ်တယ်လို့ ထောက်ပြသူတွေရှိပါတယ်။
“လက်ရှိ အစိုးရအနေနဲ့ ဒီကုန်ဈေးနှုန်းတွေကို သတ်မှတ်ပေးဖို့လိုအပ်တယ်” လို့ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ဖြစ်တဲ့ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ ကိုမျိုးဟိန်းလှိုင်က ပြောပါတယ်။
စစ်ဘေး၊ သဘာဝဘေး ကြုံနေရတဲ့ အခြေအနေမျိုးမှာ ကုန်သည်တွေနဲ့ ဈေးဆိုင်ရှင်တွေရော ဝယ်ယူစားသုံးသူတွေရော မနစ်နာမယ့် သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရောင်းချသင့်တယ်လို့ သူက အကြံပြုပါတယ်။
ရေဘေးဒဏ်ကြောင့် နောက်ဆက်တွဲကြုံရတာတစ်ခုက KPay နဲ့ Wave Money တို့လိုမျိုး မိုဘိုင်း ငွေကြေးဝန်ဆောင်မှုတွေမှာ ဝန်ဆောင်ခက ကျပ်တစ်သိန်းကို ထုတ်ခ ကျပ် ၄,၀၀၀ နဲ့ ၅,၀၀၀ ကြားရှိခဲ့ရာကနေ မြို့နယ်အချို့မှာ ၇,၀၀၀ အထိ ခုန်တက်သွားခဲ့တာပါ။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ စဖြစ်ခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ပုံမှန်ဘဏ်ဝန်ဆောင်မှုတွေ ရပ်တန့်သွားခဲ့တာကြောင့် အခုလို မိုဘိုင်း ငွေကြေးဝန်ဆောင်မှုတွေ အပေါ်မှာ လုံးလုံးမှီခိုနေခဲ့ရတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းမိုခါ အပြီးမှာ ရခိုင်ကနေ ထိုင်း၊ မလေးရှားစတဲ့ နိုင်ငံတွေဆီကို အလုပ်လုပ်ဖို့ ထွက်ခွာသူ များပြားခဲ့ပါတယ်။ ပြည်ပရောက် ရခိုင်သားတွေရဲ့ ပြန်လွှဲပို့ငွေနဲ့ စားဝတ်နေရေး ပြဿနာဖြေရှင်းနေရတဲ့ မိသားစုတွေများတဲ့အနေအထားမှာ ငွေထုတ်ဈေးနှုန်း ထိုးတက်သွားတာကြောင့် ပိုကျပ်တည်းရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ဆင်သည်ကျေးရွာက ကိုအောင်မျိုးဦးက ပြောပါတယ်။
“ … ၁၀ သိန်းထုတ်ရင် (ထုတ်ခက) ၈၀,၀၀၀ လောက်ဖြစ်သွားပြီ။ ဒီငွေပမာဏက ဆန်တစ်အိတ်နဲ့ ညီမျှတယ်” လို့ သူက ပြောပါတယ်။
ဆင်သည်ကျေးရွာမှာ အိမ်ခြေ ၇၀၀ နီးပါးရှိပြီး တစ်အိမ်တစ်ယောက်နှုန်းနီးနီး ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်လျက်ရှိတာကြောင့် နိုင်ငံခြားဝင်ငွေကို အမှီပြုနေတဲ့ မိသားစုများတယ်လို့ သူကဆိုပါတယ်။
မင်းပြားမြို့က ငွေလွှဲငွေထုတ်လုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကလည်း “ငွေတွေက ကုန်သည်တွေနဲ့ လှည့်ပတ်ပြီး လည်ပတ်နေရတာ။ ကုန်သည်တွေကလည်း အလုပ်တွေ ရပ်ထားရတော့ ငွေသားရောင်းမယ့် သူမရှိဘူး။ ငွေသားရှာမရတော့ ငွေဈေးတွေ တက်သွားတာ” လို့ ပြောပါတယ်။
အခုလို အခြေအနေမျိုးတွေကို အာရက္ခပြည်သူ့ အစိုးရအနေနဲ့ တည့်မတ်ပေးဖို့ ပြည်သူတွေလိုလားနေကြပါတယ်။ အာရက္ခပြည်သူ့ အစိုးရအနေနဲ့လည်း ဘဏ်စနစ်လည်ပတ်နိုင်ဖို့ ကြိုးပမ်းလျက်ရှိတယ်လို့ AA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သဘာဝဘေးအန္တရာယ်ကြားမှာ တိုက်ပွဲအရှိန်လျော့ကျလာနိုင်လား
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရေဘေးဒဏ်ကို ဆိုးဆိုးရွားရွားခံစားခဲ့ရတဲ့ ဒေသတွေ ရှိပေမယ့် ကျောက်ဖြူမှာတော့ တိုက်ပွဲတွေ ဖြစ်နေဆဲလို့ ဒေသခံ အမျိုးသားတစ်ယောက်က ပြောပါတယ်။
“တိုက်ပွဲ ရပ်သွားတာတော့မရှိဘူး။ ဒီနေ့ (ဇူလိုင်လ ၁၃ရက်) မနက်ပိုင်းမှာလည်း ကျောက်ပြောက်ကျေးရွာအနီး မှာ ရှိတဲ့ စစ်ရေယာဥ်တွေက လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတယ်။ တောင်မော်ကြီး (တောင်မော်ဦး) ဘက်တွေမှာလည်း ထိတွေ့တိုက်ပွဲ ဖြစ်နေတာ နှစ်ရက်လောက်ရှိသွားပြီ” လို့ ကျောက်ဖြူဒေသခံ အမျိုးသားတစ်ယောက်က ပြောပါတယ်။
ပြည်နယ် မြို့တော်စစ်တွေအနီးမှာလည်း AA နဲ့ စစ်တပ်တို့ စစ်ဆိုင်ထားတာ လနဲ့ချီရှိနေပါပြီ။ စစ်တွေ တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး သိရှိနိုင်ဖို့ ဆက်သွယ် ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်ရေး အခက်အခဲတွေကြောင့် မသိရသေးပါဘူး။
တစ်ဖက်မှာလည်း အာဏာသိမ်း စစ်တပ်က လက်ရှိသဘာဝဘေးအန္တရာယ် ကြုံနေရတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး စစ်အင်အား ဖြည့်တာတွေကို တွေ့ရတယ်လို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ၈ ရက်နေ့က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ် မောင်ရွှေလေး ကမ်းခြေအနီး စစ်သင်္ဘော လေးစီးလောက် သွားလာလှုပ်ရှားနေတာကိုတွေ့ရတယ်လို့ သတင်းရင်းမြစ်တစ်ယောက်က ပြောပါတယ်။
စစ်ရေးလေ့လာသုံးသပ်သူ တစ်ယောက်ကတော့ သဘာဝဘေးအန္တရာယ်ကြုံရတဲ့ ရခိုင်မှာ စစ်ရေးအရှိန် မလျော့ကျနိုင်ဘူးလို့ ခန့်မှန်းပါတယ်။
“ … AA သွားနေတဲ့အနေအထားက တိုက်ခိုက်ရေးနဲ့ တည်ဆောက်ရေးကို ပူးတွဲဖော်ဆောင်နေတာကြောင့် ဖြစ်တယ်။ ဒီဘက်မှာ သဘာဝဘေးကြောင့် ပြည်သူတွေ ဒုက္ခရောက်နေပေမယ့် အုပ်ချုပ်ရေး ယန္တရားကို ခိုင်ခိုင်မာမာ တည်ဆောက်ထားတဲ့ အတွက် လူသားချင်းစာနာမှုလုပ်ငန်းကို ကောင်းစွာလုပ်နိုင်တယ်။ တိုက်ခိုက်ရေးဘက်မှာလည်း တိုက်စွမ်းရည်၊ လူ့အရင်းအမြစ်တွေ ခိုင်မာတဲ့အတွက် ကဏ္ဍတစ်ခုနဲ့တစ်ခု လှည့်ပြောင်းစရာမလိုဘူး။ နောက်တစ်ချက်က AA တပ်မှူးချုပ် (ဗိုလ်ချုပ်ထွန်းမြတ်နိုင်) ကိုယ်တိုင်က ၂၀၂၇ မတိုင်မီ ရခိုင်လက်ကျန်မြို့တွေကို အပြတ်တိုက်ပြီး အောင်ပွဲခံမယ်လို့ ကတိပေးထားတယ်။ ဒါကြောင့် ရခိုင်စစ်မျက်နှာမှာ စစ်ရေးအရှိန်လျော့သွားမယ်ဆိုတာ ဖြစ်လာနိုင်ခြေနည်းတယ်။ … AA ကတော့ သူ့ရည်မှန်းချက်အတိုင်းဆက်သွားမှာဖြစ်တယ်လို့ မြင်မိပါတယ်” လို့ သုံးသပ်ပါတယ်။
မြို့နယ် ၁၇ မြို့နယ်ရှိတဲ့ ရခိုင်မှာ အာရက္ခတပ်တော်က ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး ယန္တရားတွေ လည်ပတ်နေပါတယ်။ စစ်တပ်ထိန်းချုပ်ထားဆဲ မာန်အောင်မှာတော့ စစ်ရေးတင်းမာမှုတွေရှိနေပြီး စစ်တွေနဲ့ ကျောက်ဖြူ မြို့နယ်တွေကို အပြီးသတ် သိမ်းပိုက်နိုင် ဖို့ AA က ကြိုးပမ်းနေပါတယ်။
သဘာဝဘေးဒဏ်နဲ့ စစ်ဘေးဒဏ်ကို အလူးအလဲ ခံစားနေရတဲ့ ရခိုင်ပြည်သူတွေအနေနဲ့ ဘယ်လောက် တောင့်ခံနိုင်မလဲ၊ အာရက္ခတပ်တော်ကရော ဘယ်လောက်အထိ ကိုင်တွယ်ပြပြီး အစိုးရ တရပ်အနေနဲ့ ပြည်သူ့ထောက်ခံမှုကို ဘယ်လိုဆက်လက်ရယူမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။



