အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ ဖိနှိပ်မှုနဲ့ နိုင်ငံတကာရန်ပုံငွေ လျော့နည်းသွားမှုတွေကြောင့် ပြည်တွင်း အလုပ်သမားအရေး ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေ အများအပြား အခက်အခဲ ကြုံနေရပါတယ်။ အထည်ချုပ်နဲ့ စက်ရုံအလုပ်သမားတွေကို ဥပဒေရေးရာ အကူအညီ၊ ညှိနှိုင်းပေးမှုနဲ့ ဘေးကင်းလုံခြုံရေး အကူအညီတွေ ပေးနေတဲ့ အဖွဲ့တွေဟာ လုပ်ငန်းတွေကို လျှော့ချ၊ ရပ်နားရတဲ့ အခြေအနေထိ ဖြစ်လာပါတယ်။
ပြည်တွင်း အလုပ်သမားအရေးကို အဓိက ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်း ညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM) ကလည်း ရန်ပုံငွေ ပြတ်တောက်မှုကြောင့် ဇူလိုင် ၂၅ ရက်မှာ ဝန်ဆောင်မှုတွေကို တရားဝင် ရပ်နားလိုက်ပါတယ်။ အဖွဲ့ကတော့ ပြီးခဲ့တဲ့ ၆ လအတွင်း အမှု ၃၀၀ နီးပါးကို ကိုယ်ပိုင်ငွေ စိုက်ထုတ် ဖြေရှင်းပေးခဲ့ပေမဲ့ လက်ရှိမှာ စေတနာ့ဝန်ထမ်းတွေနဲ့ လက်ကျန်အမှုတွေကိုသာ ဆက်လက် ကူညီနိုင်တော့ပြီး ယခင်လုပ်ဆောင်နိုင်စွမ်းရဲ့ ၂၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။
အလုပ်သမားအရေး ဆောင်ရွက်သူတွေကတော့ စစ်တပ်ရဲ့ ဖမ်းဆီးမှု၊ တရားစွဲဆိုမှုနဲ့ လုံခြုံရေးအန္တရာယ်တွေကြားက အလုပ်သမားတွေကို ဆက်လက်ကူညီဖို့ ကြိုးစားနေကြပေမဲ့ မြေပြင်ဝန်ဆောင်မှုတွေက သိသိသာသာ လျော့ကျလာနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် အလုပ်သမားတွေဟာ အခွင့်အရေး ချိုးဖောက်ခံရတဲ့အခါ အားကိုးရမယ့် အဖွဲ့အစည်းတွေ ပိုမိုရှားပါးလာနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက သတိပေးထားပါတယ်။
သတင်း၊ တင်ဆက် – သဇင်လှိုင်
ရိုက်ကူး – မြတ်ကြီး



