ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ပိုင်း မင်းလက်ပံရွာအနီးရှိ ကရင်အမျိုးသားလွတ်မြောက်ရေး KNLA တပ်ဖွဲ့ဝင်များကို အွန်လိုင်းငွေကြေးလိမ်လည်မှု အကြောင်းပြချက်ဖြင့် ဝိုင်းပတ်ပိတ်ဆို့ရန် ကြိုးစားနေသည်ဟု မြေပြင်သတင်းရင်းမြစ်အချို့က ပြောသည်။
စစ်တပ်သည် မြဝတီမြို့တောင်ဘက် ရှစ်မိုင်ခန့်အကွာရှိ မင်းလက်ပံရွာအပါအဝင် အဆိုပါ ရွာအနီးရှိ ၊ ဖလူးကြီး ၊ ဖလူးလေးရွာဝန်းကျင် တိုက်ပွဲအခြေအနေကို ယခုနှစ် ဇူလိုင်လ ၂၇ ရက်တွင် စစ်တပ်ထိန်းချုပ်မြန်မာ့အလင်းသတင်းစာမှ တဆင့် ပထမဆုံးအကြိမ် သတင်းထုတ်ပြန်လာသည်။
ယင်းထုတ်ပြန်ချက်တွင် စစ်တပ်သည် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေးရွာနှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ထိန်းချုပ်ရာ ကျောက်ခတ်ရွာကြားက အွန်လိုင်းလိမ်လည်ခြင်းနှင့် လောင်းကစားလုပ်သည့် နေရာတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ကြောင်းဖော်ပြသည်။
စစ်တပ်စစ်ကြောင်းသည် မြဝတီတောင်ဘက် လေးကေကော်မြို့သစ်မှတဆင့် အရှေ့တောင်ဘက် သုံးမိုင်အကွာရှိ KNU တပ်မဟာ (၆) ဦးဆောင်သော တော်လှန်ရေးတပ်များ ထိန်းချုပ်ရာ မင်းလက်ပံရွာဘက်ကို ထိပ်တိုက်ရင်မဆိုင်ဘဲလေးကေကော်တောင်ဘက် ကျောက်ဂူ (ရသေ့ဂူ) ရွာမှတဆင့် တောင်တန်းများပေါ်တက်၍ ဖလူးလေးရွာနှင့် ကျောက်ခတ်ရွာအကြားနေရာကို ဦးတည်စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း စစ်တပ်ထုတ်ပြန်သည့် မြေပုံအရသိရသည်။
အွန်လိုင်းလိမ်လည် လောင်းကစားလုပ်သည့်နေရာကို ဇူလိုင်လ ၂၅ ရက်က ဝင်စီးရာတွင် တရုတ်နိုင်ငံသူ/သား ၆၃၁ ဦး ၊ ထိုင်းနိုင်ငံသားအမျိုးသမီး သုံးဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃၂ ဦးနှင့် အမျိုးသမီး ၁၁၁ ဦး စုစုပေါင်း ၇၇၇ ဦး ဖမ်းမိကြောင်း စစ်တပ်ဘက်ကဆိုသည်။ ယင်းနေရာကို စစ်တပ်နှင့်အပစ်ရပ်ဆွေးနွေးဖက် DKBA ထိန်းချုပ်ထားသည်ဟု KNUနှင့် နီးစပ်သည့် စစ်ရေးသတင်းအရင်းအမြစ်ကဆိုသည်။
Star Link အင်တာနက်သုံးနိုင်သည့် စက်တစ်ခုလည်း သိမ်းဆည်းရမိသည်ဟု စစ်တပ်ထိန်းချုပ်သည့် မြန်မာ့အလင်းသတင်းစာတွင် ရေးသားသည်။
အဆိုပါနေရာအားတိုက်သည့် စစ်ကြောင်းသည် ဇူလိုင်လ ၆ ရက်တွင် လေးကေကော်၌ ပြင်ဆင်စုဖွဲ့၍ စစ်ကြောင်းထိုးရာ ဇူလိုင်လ ၉ ရက်၊ ၁၂ ရက်၊ ၁၆ ရက်၊ ၂၁ ရက်နှင့် ဇူလိုင်လ ၂၅ ရက်တို့တွင် KNU ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ကြောင်း စစ်တပ်ထိန်းချုပ်သတင်းစာဖော်ပြချက်အရသိရသည်။

တိုက်ပွဲအတွင်း ရိုင်ဖယ် ခုနစ်လက်နှင့် ပစ္စတိုသေနတ် တစ်လက်ရကြောင်း သတင်းစာတွင်ဖော်ပြသည်။
KNLA နှင့် PDF များသည် အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူများထံမှ အခကြေးငွေယူ၍ အကာအကွယ်ပေးနေကြောင်း ဇူလိုင်လ ၂၇ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှတဆင့် စစ်တပ်က စွပ်စွဲသည်။ စစ်တပ်သည်ယခင်ကလည်း ယင်းကဲ့သို့စွပ်စွဲမှုများ မကြာခဏလုပ်လေ့ရှိသည်။
စစ်တပ်၏ စွပ်စွဲချက်နှင့် ပတ်သက်၍ KNU နီးစပ်သည့် သတင်းရင်းမြစ်အမျိုးသားတစ်ဦးကမူ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများအား အဓိက ခွင့်ပြုနေသူမှာ စစ်တပ်သာဖြစ်ကြောင်း Myanmar Now ကိုပြောသည်။
“ပြဿနာရဲ့အရင်းအမြစ်က စစ်တပ် အဖွဲ့ပါ။ ထဲထဲဝင်ဝင်အကျိုးခံစားခွင့်တွေရရှိနေပြီး ဘယ်နေရာမှ ဒီပြဿနာကိုအမြစ်ပြတ်ချေမှုန်းဖို့စိတ်ကူးမရှိဘဲ ပြင်ပဖိအားတစုံတရာကြုံလာတိုင်း ဟိုနေရာလေး၊ ဒီနေရာလေးဟန်ပြလေးလုပ်ပြနေတာ။ မနှစ်က KK Park ၊ ရွှေကုက္ကိုလ်မှာ အထင်အရှားဖြစ်နေတယ်ဆိုတာ အထောက်အထားအခိုင်အမာရှိရုံမက ရရှိလာတဲ့ သက်သေအထောက်အထားတွေ လုံးဝအစရှာမရအောင် ဖျက်ဆီးပစ်တာက စစ်တပ်ရဲ့လုပ်ရပ်အစစ်အမှန်ပဲ” ဟု ၎င်းက တုံ့ပြန်သည်။
မြဝတီတောင်ဘက်က တိုက်ပွဲအခြေအနေအပါအဝင် KNU နှင့်နီးစပ်သူ၏ စွပ်စွဲချက်နှင့်ပတ်သက်၍ တုံ့ပြန်ချက်ရနိုင်ရန် စစ်တပ်၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးမျိုးအောင်ကို Myanmar Now က နှစ်ကြိမ် ဖုန်းခေါ်သော်လည်း ဖုန်းအဆက်အသွယ်မရပေ။
ဆက်လက်၍ KNU နီးစပ်သည့် သတင်းရင်းမြစ်အမျိုးသားတစ်ဦးက KNU အနေနှင့် လူကုန်ကူးမှု၊ တရားမဝင် ဖြားယောင်းသွေးဆောင်၍ လိမ်လည်သည့် မတရားမှုများကို လက်မခံဘဲ ဆန့်ကျင်သည့်မူအား ကိုင်စွဲထားဆဲဖြစ်ကြောင်း ပြောသည်။
KNU လက်အောက်ခံ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF)မှ အရာရှိတစ်ဦးကလည်း စစ်တပ်သည် KNU ကိုတိုက်ရန် DKBA ခွဲထွက်အဖွဲ့မှ ဗိုလ်ဘိနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်နယ် (၄) တပ်မှူး ဒုဗိုလ်မှူးကြီး စောမုတ်သုန်လက်အောက်ခံ တပ်များကို လမ်းပြခိုင်းကာ တောလမ်းမှတဆင့်လာခြင်းဖြစ်ကြောင်း Myanmar Now ကိုပြောသည်။
“တည့်မလာဘဲ တောင်ဘက်ကိုပတ်ပြီး ဖြတ်လာတာ။ တောင်ကိုကျော်ပြီး နောက်ပေါက်ကနေဝင်လာတာ။ သူတို့မှာ လမ်းပြတွေပါတယ်။ ဗိုလ်ဘိအဖွဲ့ရယ် ၊ ဗိုလ်မုတ်သုန်အဖွဲ့ရယ် လမ်းပြပါတယ်။ သူတို့ ဖလူးလေးတောင်ကြော အောက်ခြေရောက်နေပြီ” ဟု ဆိုသည်။
(BGF) တပ်နယ် (၄) တပ်မှူး ဒုဗိုလ်မှူးကြီး စောမုတ်သုန်သည် ကျားဖြန့်လုပ်ငန်းများဖြင့် နာမည်ကျော်သည့် ဗိုလ်မှူးကြီးစောချစ်သူ လက်အောက်ခံတပ်မှူးတစ်ဦးဖြစ်သည်။
၎င်းကို လူကုန်ကူးမှုများဖြင့် ဖမ်းဆီးရန် ထိုင်းနိုင်ငံအထူးစုံစမ်းစစ်ရေးဌာန (DSI) နှင့် ထိုင်းနိုင်ငံ ပြစ်မှုဆိုင်ရာ တရားရုံးက ဖမ်းဝရမ်းထုတ်ထားကြောင်း ဇူလိုင်လ ၂၇ ရက်တွင် Facebook လူမှုကွန်ရက်၌ သတင်းများထွက်နေသည်။

မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေးစသည့်ရွာများတွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ၏ တပ်ဖွဲ့ဝင်များလည်းရှိနေပြီး KNU ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များနှင့် လတ်တလောထိတွေ့တိုက်ပွဲများမရှိပေ။
DKBA ခေါင်းဆောင် လေးဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး စောစတီး၊ စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်နှင့် ဗိုလ်မှူးချုပ် စိုင်းကျော်လှတို့သည် ကျားဖြန့်လုပ်ငန်းများနှင့် ဆက်နွယ်မှုကြောင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့မှုခံရသည်။
ဇူလိုင်လ ၉ ရက်တွင် စစ်တပ်၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သောအဖွဲ့နှင့် DKBA စစ်ဦးစီးချုပ် စောရွှေဝ၊ စစ်ဦးစီး အရာရှိချုပ် စောဆန်းအောင်၊ စစ်ရေးချုပ် စောစိန်ဝင်း၊ အမှတ် (၁) ကွပ်ကဲရေးမှူး စောထူးအောင်၊ နည်းဗျူဟာမှူး စောအောင်ထူး၊ စီးပွားရေးတာဝန်ခံ စောနေဘလု၊ ကုန်သွယ်ရေးဒုတိယဌာနမှူး စောမြင့်ဦးတို့ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်တွင် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် DKBA ၏ အဓိကနယ်မြေဖြစ်သော ဝေါလေ၊ ကျောက်ခတ်၊ ဘုရားသုံးဆူတို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကင်းစင်ရေးနှင့် စစ်တပ်၏ စစ်ဆင်ရေးအခြေအနေများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို စစ်တပ်ဘက်က ပြောဆိုဆွေးနွေးကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်အရသိရသည်။
မင်းလက်ပံရွာ၏ အရှေ့ဘက် ထိုင်းနိုင်ငံ မယ့်ကိုးကင်းရွာ၏ သူကြီး ဦးစိုးပိုင်ကမူ မြန်မာနိုင်ငံဘက်ခြမ်းက လက်နက်ကြီးလက်နက်ငယ်ပေါက်ကွဲသံများသည် နေ့စဉ်နီးပါးကြားနေရပြီး ထိုင်းနိုင်ငံဘက်ခြမ်းသို့ လက်နက်ကျည်များ မကြာခဏ ကျရောက်မှုများရှိကြောင်း Myanmar Now ကိုပြောသည်။
ဇူလိုင်လ ၂၈ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ထိုင်း-မြန်မာနယ်စပ် အရပ်အခေါ် သုံးထပ်ကွေ့ရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတစ်ကျောင်းအား စစ်တပ်ဘက်က ဗုံးကြဲခဲ့သဖြင့် ဘုန်းကြီးတစ်ပါးအပါအဝင် အရပ်သားသုံးဦး ဒဏ်ရာရခဲ့ကြောင်း မယ့်ကိုးကင်းရွာ သူကြီး ဦးစိုးပိုင်က ပြောသည်။
Myanmar Now က ရရှိထားသော ဓာတ်ပုံတွင်လည်း ဘုန်းကြီးတစ်ပါး၏ မျက်နှာတွင် သွေးများပေကျံကာ ဒဏ်ရာရနေကြောင်းတွေ့ရသည်။
မြဝတီမြို့တောင်ဘက်တွင် KNU တပ်မဟာ ၆ နှင့်အတူ စစ်တပ်ကို တိုက်ခိုက်နေသည့် ကျားသစ်နက်စစ်ကြောင်းကမူ ဇူလိုင်လ ၁၆ ရက်အထိ စစ်တပ်ဘက်က စစ်သားခြောက်ဦး လက်နက်ချအလင်းဝင်ထားကြောင်း နေ့စဉ်ထိတွေ့တိုက်ပွဲများ ဖြစ်နေကြောင်း ကြေညာချက်ထုတ်ထားသည်။
လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်သည့် ဗိုလ်ကြီးဇင်ယော်ကမူ စစ်တပ်သည် KNU ဦးဆောင်သည့် တော်လှန်ရေးတပ်များကို ကျားဖြန့်နှိမ်နင်းရေးခေါင်းစဉ်ဖြင့် နာမည်ဖျက်ကာ ဝိုင်းပတ်ပိတ်ဆို့နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်နိုင်ကြောင်းပြောသည်။
“စစ်တပ်ထုတ်ပြန်ချက်အရတော့ အခုက ဖလူး၊ မင်းလက်ပံကို ပိတ်ဆို့ထားတဲ့အနေအထားပါ။ ကော့ကရိတ်ခွင်ကနေ စကခ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) (၁၃) ကိုခေါ်ပြီး အရေးပေါ်လုပ်တဲ့ပုံစံမျိုး။ ကျားဖြန့်လုပ်ငန်းတွေ တွေ့တယ်ဆိုပြီး သက်သေသက္ကာယနဲ့ လုပ်ချင်တဲ့အနေအထားမျိုးတွေ့ရတယ်” ဟုဆိုသည်။
အခြားသော တော်လှန်ရေးတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်အမျိုးသားတစ်ဦးကမူ စစ်တပ်သည် မင်းလက်ပံ၊ ဖလူးကြီး ၊ ဖလူးလေးဒေသရှိ တော်လှန်ရေးတပ်များကို ဝိုင်းပတ်ကာ တော်လှန်ရေးတပ်များ မြန်မာဘက်အခြမ်းတွင် ဆက်မနေနိုင်ရန် တဖြည်းဖြည်းချင်း ဖိအားပေးတိုက်ခိုက်လာမည့် အခြေအနေမြင်နေရကြောင်း မှတ်ချက်ပေးသည်။



