တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကြား အချင်းများရာမှ သေနတ်ချိန် မောင်းတင်စဉ် မတော်တဆကျည်ထွက်ပြီး အနီးရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ခေါင်းဆောင် အမျိုးသမီးတစ်ဦးကို ထိမှန် သေဆုံးခဲ့သည်။
အဆိုပါဖြစ်စဉ်သည် မန္တလေးတိုင်း တောင်သာမြို့နယ်တွင် အင်္ဂါနေ့(ဇူလိုင်လ ၂၈ ရက်)က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်း တောင်သာမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းတစ်ခုကို ပကဖအဖွဲ့က သိမ်းပိုက်ခဲ့ပြီး ညနေပိုင်း ဇရပ်တစ်ခုအတွင်း အောင်ပွဲခံနေစဉ် ရုံးစည်ကြီးရွာ တိုက်နယ် ပကဖ တပ်ဖွဲ့ဝင်နှစ်ဦး အချင်းများကြရာမှ မတော်တဆကျည်ထွက်သွား၍ အဖွဲ့ခေါင်းဆောင် အသက် ၄၀ အရွယ် မအမရာမောင် (ခေါ်) စွန်ရဲမ ထိမှန်သေဆုံးခဲ့သည်။
မအမရာမောင်သည် ရဲဘော်နှစ်ဦး အချင်းများသည်ကို ဖျန်ဖြေရန် ထအကြည့် ထိုသို့ကံဆိုးခဲ့ခြင်း ဖြစ်သည်။
ထိုတပ်ဖွဲ့ဝင်များကိုင်ဆောင်သော လက်နက်များတွင် ကျည်ဘောက် တပ်မထားသော်လည်း သေနတ်ပြောင်းအတွင်း ကျန်နေသော ကျည်တစ်တောင့်က ထွက်သွားပြီး ဇရပ်အုတ်နံရံကို ထိမှန်ကာ ပြန်ကန်၍ မအမရာမောင်၏ ဘယ်ဘက်လက်ပြင်မှတဆင့် နှလုံးထဲ ဖောက်ဝင်ခဲ့ကြောင်း ခင်ပွန်းဖြစ်သူ အညာဝဏ္ဏက Myanmar Now ကို ပြောသည်။
အညာဝဏ္ဏသည် တောင်သာ ပကဖအဖွဲ့အောက်မှ မဟုတ်သော ပြည်သူ့အခြေပြု လွတ်မြောက်ရေးတပ်ဦး၏ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်။
“ကျည်က ဘောက်တပ်ထားတာမဟုတ်ဘူး။ ဘောက်မတပ်ဘဲနဲ့ သေနတ်ထဲမှာရှိတဲ့ တစ်တောင့်ပေါ့ဗျာ။ သူတို့အချင်းချင်း ထင်လည်းမထင်ထားဘူးထင်ပါတယ်ဗျ။ စိတ်တိုလို့သာ သေနတ်ကြီးဆွဲလိုက်တာ၊ မောင်းတင်လိုက်တာ လုပ်လိုက်တာ။ အတွင်းထဲမှာ ကျည်ရှိတာ သိကောင်းလည်းသိမှာပေါ့ဗျာ။ သို့သော်ငြားလည်း ခွေးလော်ဘီ (စစ်တပ်လော်ဘီ) ချန်နယ်တွေထဲမှာ ပျံ့နေသလို … (အချင်းချင်း) လုပ်ကြံတာတော့မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
ထိုသို့ ကျည်ထိမှန်ပြီးနောက် မိနစ်ပိုင်းအတွင်း မအမရာမောင် မျက်ဖြူလန်မေ့မြောသွားပြီး ဆေးရုံသို့ ချက်ချင်းပို့သော်လည်း အသက်မမီတော့ကြောင်း၊ ယမန်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မအမရာမောင်၏ နာရေးပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း အညာဝဏ္ဏက ဆိုသည်။
မအမရာမောင်သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် တောင်တွင်းကြီးမြို့နယ် တာဝန်ခံအဖြစ် တာဝန်ယူခဲ့ဖူးသလို အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အစောပိုင်း ဆန္ဒပြပွဲများတွင် တက်ကြွစွာပါဝင်ခဲ့သူဖြစ်ပြီး လုပ်ရည်ကိုင်ရည်ရှိသူတစ်ဦးအဖြစ် တော်လှန်ရေးနှင့် နီးစပ်သူများက အသိအမှတ်ပြုထားကြသည်။
၂၀၂၁ ခုနှစ် မတ်လ ၃ ရက်က အာဏာရှင်စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် မန္တလေးမြို့တွင် အသက် ၁၈ နှစ်အရွယ် မကြယ်စင် ကျည်ထိမှန် သေဆုံးခဲ့ရသော ဆန္ဒပြမှုအတွင်း မအမရာမောင် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်အတွင်း ခုနစ်လကြာထိန်းသိမ်းခံခဲ့ရသည်။
သေဆုံးချိန်တွင် အသက် လေးနှစ်အရွယ် သမီးလေးတစ်ဦး ကျန်ရစ်ခဲ့သည်။
အချင်းများကြစဉ် သေနတ်ဆွဲကြသည့် တပ်ဖွဲ့ဝင်နှစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ခရိုင်အဆင့်ကွပ်ကဲရေးဌာနများက ထိန်းသိမ်းစစ်ဆေးနေသည်ဟု သိရသည်။
အချင်းများစဉ် သေနတ်မောင်းတင်ခဲ့ကြသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် စစ်သည်များလိုက်နာရမည့် ကျင့်ဝတ်နှင့် စည်းကမ်းများကို စစ်သင်တန်းများတက်ရောက်စဉ် ကျေလည်မှုမရှိသည်ကို ညွှန်ပြနေပြီး အဆင့်ဆင့်ကွပ်ကဲသူများအနေဖြင့် ရဲဘော်များကို ကျင့်ဝတ်နှင့် စည်ကမ်းလိုက်နာမှုအားကောင်းရန် ကြီးကြပ်ရမည်ဖြစ်ကြောင်း အညာဝဏ္ဏက ဆိုသည်။
ရှမ်းမြောက်ဒေသတွင် တိုင်းရင်းသားတော်လှန်ရေးတပ်အချင်းချင်း မကြာခဏ တင်းမာမှုများ ဖြစ်လေ့ရှိသော်လည်း လက်နက်မသုံးကြကြောင်း၊ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသော တော်လှန်ရေးတပ်များသည် သက်တမ်းနုသော်လည်း ကျင့်ဝတ်လိုက်နာသော စစ်သည်ကောင်းများဖြစ်ရန် ထိန်းကြောင်းရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။



