အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အုတ်ဖိုတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့စခန်း ဗုံးကြဲခံရပြီး ရဲဘော် ၂ ဦး ဒဏ်ရာရ

မြို့အရှေ့ဘက် ဂမုန်းဆည်အနီးရှိ ခရိုင်ပကဖစခန်းကို ဗုံးကြဲခံရစဉ် ရဲဘော်နှစ်ဦးဒဏ်ရာရကာ တပ်စခန်းနေရာအချို့ ပျက်စီးသွားသော်လည်း အရပ်သားအထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အရှေ့ခြမ်း ၂၃ မိုင်ခန့်အကွာ ဂမုန်းဆည်အနီးဝန်းကျင်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ယာယီစခန်းတစ်ခု ဩဂုတ်လ ၂ ရက်က ဗုံးကြဲခံရပြီး ရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း စုံစမ်းသိရသည်။

ယင်းနေ့ နေ့လယ်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သာယာဝတီခရိုင် ပကဖ အမှတ်(၁)  တိုက်ခိုက်ရေးတပ်ခွဲ၏ ယာယီစခန်းတစ်ခုကို တိုက်လေယာဉ်တစ်စီးက ဗုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် ပကဖတာဝန်ခံ အမျိုးသားတစ်ဦးက အတည်ပြုသည်။

“ရဲဘော်အချို့ထိခိုက်ဒဏ်ရာရတာနဲ့ စခန်းပျက်စီးတာတော့ ရှိပါတယ်။ ကြီးကြီးမားမားတော့ ထိခိုက်တာ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။ 

အဆိုပါပကဖယာယီစခန်းသည် အရပ်သားများနှင့် အဆက်အဆံရှိသည့် နေရာဖြစ်ပြီး ဈေးအရောင်းအဝယ် လုပ်သူများ လာရောက်တတ်၍ စခန်းနေရာ ပေါက်ကြားခြင်းဖြစ်နိုင်ကြောင်း ၎င်းကယူဆသည်။ ထိုစခန်းအနီး နေထိုင်ကြသည့် အရပ်သားစစ်ဘေးရှောင်များ ထိခိုက်မှုမရှိခဲ့ကြောင်း အထက်ပါ ခရိုင်တာဝန်ခံက ဆက်ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယင်းနေ့က ပကဖ ယာယီစခန်းကို သာမက အုတ်ဖိုမြို့အရှေ့ဘက် ၁၃ မိုင်ခန့်အကွာ ကိုင်းကြီးကျေးရွာနှင့် ၎င်းရွာ၏ အရှေ့ဘက် ၁၀ မိုင်ကျော်အကွာ ဂမုန်းဆည်နှင့် အနီးဝန်းကျင်ကို ဗုံးကြဲခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း စစ်ရှောင်များကို ကူညီနေသူ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

ယင်းနေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် အုတ်ဖိုမြို့နယ်အရှေ့ခြမ်း ပဲခူးရိုးမအနီးရှိ ကျေးရွာများ၊ တောတောင်များထဲတွင် ယာယီတဲများဖြင့် စစ်ဘေးရှောင်နေရသည့် ဒေသခံများသည် နေထိုင်ရေးနှင့် သောက်သုံးရေ ခက်ခဲနေသည့်အပြင် လေကြောင်းအန္တရာယ်ကိုပါ ကြောက်လန့်နေရကြောင်း ၎င်းက ဆိုသည်။

“ လေယာဉ်ကတော့ တောက်လျှောက်ဝဲနေတာ၊ မိုးရွာတဲ့အချိန်ပဲ မရှိတာ။ ရာသီဥတု ကောင်းပြီဆိုဝဲလာပြီ၊ ဒီနံနက်လည်း ဝဲနေတာတွေ့တယ်” ဟု ၎င်းက ယမန်နေ့ (ဩဂုတ်လ ၃ ရက်)တွင် ပြောသည်။

ယခုလဆန်းမှ စ၍ သာယာဝတီခရိုင်အတွင်း စစ်တပ်စစ်ကြောင်းများ လှုပ်ရှားမှု မရှိသေးဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်းများကိုသာ ပြုလုပ်နေကြောင်း ဒေသခံများ၊ ဒေသခံကာကွယ်ရေးအဖွဲ့များအဆိုအရ သိရသည်။

ရန်ကုန်- ပြည်ကားလမ်း၏ အရှေ့မြောက်ဘက် ပဲခူးရိုးမတောင်ခြေအနီးရှိ ကျေးရွာများနှင့် တော်လှန်ရေး တပ်ဖွဲ့များရှိနိုင်သည်ဟု ယူဆသည့်နေရာများကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်ဟု အုတ်ဖိုမြို့နယ်အခြေစိုက် PDF ရဲဘော်တစ်ဦးကလည်း ပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်း လေကြောင်းတိုက်ခိုက်ခံရမှုပြမြေပုံ။

စစ်တပ်သည် ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်အတွင်း ယမန်နှစ်ကုန်မှစတင်၍ စစ်ကြောင်းများ ထိုးနေပြီး အထူးသဖြင့် တော်လှန်ရေးအဖွဲ့အများအပြား အခြေစိုက်သည့် နတ်တလင်းမြို့နယ် အရှေ့ခြမ်းတွင် တိုက်ပွဲများပြင်းထန်နေသည်။

ထို့ကြောင့် သာယာဝတီခရိုင်အတွင်းမှ ဒေသခံ ထောင်နှင့်ချီသည် ပဲခူးရိုးမအစပ်နှင့် တောတောင်များ၊ နီးစပ်ရာ ကျေးရွာတို့နှင့် မြို့ပေါ်တို့တွင် တိမ်းရှောင်ခိုလှုံနေကြရသည်။

သာယာဝတီခရိုင်အတွင်း သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်း စသော ရှစ်မြို့နယ်ပါဝင်ပြီး အများစုတွင် စစ်ရေးတင်းမာနေကြသည်။

ယခုနှစ် ဖေဖော်ဝါရီလကလည်း စစ်တပ်က နတ်တလင်းနှင့် ပေါက်ခေါင်းမြို့နယ်တွင် စစ်ကြောင်းထိုးကာ နေအိမ် ၁၀၀ ကျော် မီးရှို့ခဲ့သည်။ ဇွန်လနှင့်ဇူလိုင်လအတွင်း စစ်တပ်က အုတ်ဖိုနှင့် ကြို့ပင်ကောက်နယ် အတွင်း မြေပြင်စစ်ကြောင်းများထိုးကာ ကျေးရွာများကို မီးရှို့ခဲ့သေးသည်။ 

ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်တွင် စစ်တပ်က အင်အား ၁၀၀ ကျော်ဖြင့် ပေါက်ခေါင်းမြို့ အနောက်ဘက် ၁၀ မိုင်ကျော်အကွာ  ပေါက်ခေါင်းမြို့နယ် နတ္တလင်းစုကျေးရွာအနီး ရောက်ရှိသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပြည်ခရိုင် အမှတ် (၁) တပ်ရင်း ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောသည်။

ထိုစစ်ကြောင်းသည် နတ္တလင်းစုကျေးရွာတွင် အထိုင်ချထားသဖြင့် တော်လှန်ရေးအဖွဲ့များက အခြေအနေစောင့်ကြည့်နေကြောင်း ၎င်းက ဆိုသည်။

စစ်ကြောင်းရောက်နေသည့် ပေါက်ခေါင်းမြို့နယ်သည်  ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် PDF များ အားကောင်းသည့် ပဲခူးတိုင်းအရှေ့ခြမ်း ဖြူးမြို့နယ်၊ ကျောက်တံခါးမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

စစ်တပ်က တော်လှန်ရေးအဖွဲ့ အခြေပြုနေရာများကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ယခုနှစ်အစောပိုင်းက NUG အုပ်ချုပ်ရေးယန္တရားများဖြစ်သည့် ပကဖ၊ ပအဖ နှင့် ပလဖ အဖွဲ့တည်နေရာများကို ဦးတည်၍ လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ သေဆုံးသူ အများအပြား ရှိခဲ့သည်။ 

ယခုနှစ် ဇန်နဝါရီလအတွင်း စစ်ကိုင်းတိုင်း၊ မော်လူးမြို့နယ်ရှိ ပကဖရုံးတစ်ခု ကောလင်းမြို့နယ် အရှေ့ပိုင်းရှိ  ပကဖစခန်းတစ်ခု မေလအတွင်း အင်းတော်မြို့(ပကဖ) ရုံးနေရာနှင့် အချုပ်ခန်း ဗုံးကြဲခံရမှု ဖြစ်ပေါ်ခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button