ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ ကမ္ဘာကျော် ငပလီကမ်းခြေတလျှောက် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေရာ ယမန်နေ့က ဗုံးကြဲချခဲ့စဉ် ကမ်းခြေရှိ ဟိုတယ်ဘန်ဂလို အလုံး ၂၀ ခန့်နှင့် အဆောက်အအုံများ ပျက်စီးခဲ့ပြီး အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် (AA) ထံက သိရသည်။
ယမန်နေ့ (သြဂုတ်လ ၃ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်တပ် လေယာဥ် လေးစီးက ငပလီကမ်းခြေနှင့် ကမ်းခြေအနီးရှိ ငပလီမြို့ ဂျိတ္တော (၉) ရပ်ကွက်ကို ဗုံးဆယ်နှင့်ချီ ကြဲချခဲ့စဉ် ထိုသို့ ထိခိုက်၊ ပျက်စီးဆုံးရှုံးမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
တိုက်လေယာဉ် သုံးစီး၊ Y 12 ထောက်ပို့လေယာဉ်တစ်စီးတို့ ဗုံးကြဲခဲ့မှုအတွင်း ဂျိတ္တော (၉) ရပ်ကွက်၌ နေထိုင်သော ဦးကျော်သူနိုင် (၄၁ နှစ်) နှင့် ဒေါ်မစန်းမြင့် (၆၀ နှစ်) တို့ ဒဏ်ရာရရှိပြီး ငပလီကမ်းခြေရှိ နေအိမ်၊ ဘန်ဂလို ၂၀ လုံးခန့် ၊ အဆောက်အအုံနှင့် အသုံးအဆောင်များ ပျက်စီးခဲ့ကာ ကာလတန်ဖိုး ကျပ်သိန်း သုံးထောင်ကျော်ခန့် ဆုံးရှုံးနစ်နာခဲ့ကြောင်း AA က ယမန်နေ့ညတွင် ထုတ်ပြန်ခဲ့သည်။
ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့၍ အသေအပျောက်၊ ထိခိုက်ဒဏ်ရာရမှု နည်းခဲ့ခြင်းဖြစ်သည်ဟု AA က ဆိုသည်။
ယမန်နေ့က ဗုံးကြဲခံရသော ဘန်ဂလိုများမှာ မည်သည့်ဟိုတယ်က ပိုင်ဆိုင်သည်ကို မသိရသေးဘဲ ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက် နှင့် ၂၃ ရက်တွင် ငပလီကမ်းခြေနှင့် လင်းသာကမ်းခြေရှိ AZ Family Resort Hotel အဆောက်အအုံအချို့အပါအဝင် လူနေရပ်ကွက်များ ဗုံးကြဲခံရပြီး ထိုစဉ်က လူ ၁၀ ဦးခန့် ဒဏ်ရာရခဲ့သည်။
ငပလီကမ်းခြေအနီး လေယာဥ်တစ်စီးပြီးတစ်စီး လာရောက်ဗုံးကြဲခဲ့၍ ဒေသခံများမှာ မည်သည့်နေရာ ထွက်ပြေးရမှန်းမသိ ဖြစ်ခဲ့ရသည်ဟု ဗုံးကြဲမှုကို ကြုံတွေ့လိုက်ရသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ဘယ်လောက်ထိဆိုးရွားလဲဆိုရင် လေယာဥ်ပျံတဲ့အသံကြောင့်တောင် မြေကြီးတုန်နေတယ်။ အနိမ့်ပျံလို့ ထိုးတက်လိုက်၊ ပျံလိုက် ဝဲပြီးတော့ လူနေရပ်ကွက်တွေကို အစုလိုက်အပြုံလိုက် ကြဲချတာ။ တောက်လျှောက် တစ်ခါချရင် (ဗုံး) ငါးလုံး၊ ခြောက်လုံးလောက်။ ဘယ်လိုပုံစံ ဖြစ်သွားလဲဆိုရင် တိုက်ပွဲကာလအလွန်မှာ ဒါ အပြင်းထန်ဆုံးပဲ။ လုံးဝ လူမဆန်တဲ့လုပ်ရပ်မျိုးဖြစ်သွားတယ် “ဟု ၎င်းက ဆိုသည်။
ဧရာဝတီတိုင်းအတွင်း စစ်ရေးပြင်းထန်နေစဉ် နယ်မြေထိစပ်နေသော ရခိုင်တောင်ပိုင်း ဂွနှင့် သံတွဲ မြို့နယ်အတွင်း စစ်တပ်က ပြီးခဲ့သည့်လများအတွင်း ဗုံးကြဲမှုများ ခပ်စိပ်စိပ်ပြုလုပ်လာခဲ့သည်။ အထူးသဖြင့် AA သိမ်းထားသော သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေကို ပစ်မှတ်ထားဗုံးကြဲလာသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်ညက ငပလီမြို့ကမ်းခြေမြို့ကို ဗုံးကြဲရာ လေးနှစ်သမီး အပါအဝင် ဒေသခံ ကိုးဦး သေဆုံးသည့်အပြင် ၁၄ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၂၃ လုံး မီးလောင်ပျက်စီးခဲ့သည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း သံတွဲမြို့နယ်ကို AA က အလုံးစုံ သိမ်းပိုက်နိုင်ခဲ့စဉ် ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်ရာ အဓိကနေရာ တစ်ခုဖြစ်သော ငပလီကမ်းခြေ ပါဝင်ပြီး ထိုကမ်းခြေ၌ စစ်ဗိုလ်ချုပ်များ ပိုင်ဆိုင်သော ဟိုတယ်အများအပြား ရှိသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ စာရင်းများအရ သံတွဲမြို့နယ်တွင် လူဦးရေ တစ်သိန်းကျော်ရှိကာ ကြယ်လေးပွင့်အဆင့် ဟိုတယ်လေးလုံး၊ ကြယ်သုံးပွင့်အဆင့် ဟိုတယ်နှစ်လုံး၊ ကြယ်တစ်ပွင့်အဆင့် ဟိုတယ်တစ်လုံးအပါအဝင် ပုဂ္ဂလိကပိုင်ဟိုတယ် ၄၆ လုံးရှိသည်။
AA သည် သံတွဲအပါအဝင် ရခိုင် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော(ဝီရဌာနီ)၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ဂွနှင့် သံတွဲ စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇူလိုင်လတစ်လအတွင်း စစ်သုံ့ပန်း လေးဦးနှင့် အရပ်သား ၁၃ ဦး သေဆုံးပြီး၊ အရပ်သား ၇၄ ဦးဒဏ်ရာရခဲ့သည်ဟု ကနဦး သိရသည်။
ဇူလိုင်လ ၃၁ ရက် မွန်းလွဲ ၃ နာရီခန့်တွင် သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို ဗုံးကြဲမှုကြောင့် ဒေသခံ လေးဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရခဲ့သောကြောင့် ဇူလိုင်လတွင် သေဆုံးသူ ၂၁ ဦး၊ ဒဏ်ရာရသူ ၇၆ ဦး ဖြစ်လာသည်။
စစ်တပ်သည် နိုင်ငံအနှံ့တွင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေထိုင်ရာ လူနေရပ်ကွက်များ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အအုံများကို လေယာဉ်များဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်နေသည်၊ အရပ်သားပြည်သူများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု နှင့် နေအိမ်အဆောက်အအုံပျက်စီးမှုများ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိသည်ဟု AA က ဆိုသည်။
“တစ်ဖက်မှာလည်း ပြည်သူတွေကို ခြိမ်းခြောက်နေတာ။ မင်းတို့ကို ပြာကျအောင် ဗုံးကြဲပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာ။ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်တာက စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာပဲ” ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Myanmar Now ကို ပြောသည်။
စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ရခိုင်ဒေသတွင် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ သေဆုံးသူ ၈၃ ဦး၊ ဒဏ်ရာရသူ ၁၈၇ ဦးရှိခဲ့ပြီး ၆၅ ဦးဖမ်းဆီးခံရကြောင်း AA၏ လူသားချင်းစာနာထောက်ထားရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) က ဇူလိုင်လ ၃ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ ရက် ၁၀၀ အတွင်း ဖိတ်ခေါ်ခဲ့ရာ AA သည် ဆွေးနွေးပွဲ တက်ရောက်ခြင်းမရှိဘဲ စစ်တပ်နှင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။
စစ်တပ်က AA သိမ်းပိုက်ထားသော ရခိုင်ပြည်နယ်အတွင်း နယ်မြေအများစုကို လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ဆွေးနွေးပွဲ ဖိတ်ခေါ်ထားရက် ကုန်ဆုံးခါနီးတွင် တိုက်ခိုက်မှုများ ပိုမိုပြုလုပ်ခဲ့သည်။
ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ရောက်လာစေရန် ဗုံးကြဲ၍ ခေါ်ဆိုခြင်းမှာ လုပ်သင့်သည့်ကိစ္စ မဟုတ်ဘဲ ဗုံးကြဲပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ခေါ်နေလျှင် ငြိမ်းချမ်းလာမည်မဟုတ်ကြောင်း ဦးခိုင်သုခက မှတ်ချက်ပေးသည်။
“အမှန်အကန် ငြိမ်းချမ်းရေးရစေချင်ရင် ငြိမ်းချမ်းရေး ရစေလောက်တဲ့ အပြောအဆို၊ အပြုအမူ၊ အလုပ်အကိုင်တွေကို သူတို့ဘက်က စလုပ်ဖို့လိုတယ် “ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်ကို ထိုသို့ဗုံးကြဲတိုက်ခိုက်နေသောကြောင့် AA အနေဖြင့် စစ်အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်လိမ့်မည်မဟုတ်ဟု ရခိုင်စစ်ရေးလေ့လာသူများနှင့်ဒေသခံများကလည်း ယူဆထားကြသည်။
ထိုငြိမ်းချမ်းရေးဆွေးနွေးပွဲကို AA ၏ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်များဖြစ်သော တအာင်းတပ် (TNLA)၊ ” ဝ “တပ်ဖွဲ့(UWSA) တို့က တက်ရောက်ထားပြီး ကိုးကန့်တပ် (MNDAA) လည်း ယခုလ အတွင်း တက်ရောက်မည်ဖြစ်သည်ဟု ထိုအဖွဲ့များနှင့်နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကား၍ သိထားရသည်။
စစ်တပ်၏ ဆွေးနွေးပွဲကို NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသော အဖွဲ့များ၊ ရှမ်းတပ် SSPP ၊ မိုင်းလားတပ် NDAA တို့ကလည်း နေပြည်တော်သို့ သွားရောက်တွေ့ဆုံထားသည်။



