အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အာဏာသိမ်း စစ်အုပ်စုက အချိန်ဆွဲရန်နှင့် သဘောထားကွဲပြားမှုများ ဖန်တီးရန် ကြိုးပမ်းနေဟု ဦးမင်းကိုနိုင်ပြော

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက ကမ္ဘာ့ကြက်ခြေနီအဖွဲ့တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံခွင့်ပေးခဲ့ခြင်းမှာ နိုင်ငံတကာဖိအားကို အချိန်ဆွဲတုံ့ပြန်ရန်နှင့် ပြည်တွင်းပြည်ပတွင် သဘောထားကွဲပြားမှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်သည့် ဟန်ပြလုပ်ရပ်သာဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား လွတ်လပ်စွာ တွေ့ဆုံခွင့်ပေးရန် နိုင်ငံတကာအသိုက်အဝန်းက ဖိအားပေးတောင်းဆိုနေချိန်တွင် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ (ICRC) မှ တာဝန်ရှိသူတစ်ဦးနှင့် စစ်ကောင်စီက တွေ့ဆုံခွင့်ပေးသည့်ပုံကိုထုတ်ပြခြင်းမှာ ယခင်စစ်အစိုးရများ လုပ်ဆောင်ခဲ့သည့် နည်းလမ်းအတိုင်း အချိန်ဆွဲရန်နှင့် ပြည်တွင်းပြည်ပတွင် သဘောထားကွဲပြားမှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်သည့် လုပ်ဆောင်ချက်တရပ်သာ ဖြစ်ကြောင်း နွေဦးတော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေသည့် နိုင်ငံရေးခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောဆိုလိုက်သည်။

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် လာမည့်ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်ရန်ရှိပြီး၊ ထိုင်းနိုင်ငံက မြန်မာစစ်အာဏာရှင်အစိုးရအား အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ) ၏ လုပ်ငန်းစဉ်များတွင် အပြည့်အဝပြန်လည်ပါဝင်ခွင့်ရရေးကို အရေးပေးထောက်ခံပြောဆိုနေသည့်အချိန်နှင့် တိုက်ဆိုင်၍ ဒေါ်အောင်ဆန်းစုကြည်အား ပြင်ပကမ္ဘာမှ တာဝန်ရှိသူတစ်ဦးနှင့် ရှားရှားပါးပါးတွေ့ဆုံခွင့် ပေးခဲ့ခြင်းလည်း ဖြစ်သည်။

ယခုကဲ့သို့အလားတူ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ရွှေဝါရောင်တော်လှန်ရေးကို စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းပြီး ရက်ပိုင်းအကြာ၌ စစ်အာဏာရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ကို ရန်ကုန်မြို့ရှိ ကုန်းမြင့်သာဧည့်ဂေဟာ၌ တွေ့ဆုံစေခဲ့ပြီး ထိုတွေ့ဆုံမှုကို စစ်တပ်ထိန်းချုပ်နိုင်ငံပိုင်မီဒီယာများမှတဆင့် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်ခဲ့သည်။

 ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးပါဝင်ဆန္ဒပြသူများကို သွေးထွက်သံယိုပစ်ခတ်နှိမ်နင်းပြီး ထိုနှစ်အောက်တိုဘာလ ၂၅ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်တပ်ကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ – AFP)
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးပါဝင်ဆန္ဒပြသူများကို သွေးထွက်သံယိုပစ်ခတ်နှိမ်နင်းပြီး ထိုနှစ်အောက်တိုဘာလ ၂ ရက်တွင်  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့် စစ်ဗိုလ်ချုပ်များက ကုလအထူးကိုယ်စားလှယ်  မစ္စတာ အီဘရာဟင် ဂမ်ဘာရီတို့ တွေ့ဆုံခဲ့ကြကြောင်း စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။ (ဓာတ်ပုံ- AFP) 

ထိုကာလအတွင်း အင်းစိန်အကျဉ်းထောင်၌ ထိန်းသိမ်းခံနေခဲ့ရသော ဦးမင်းကိုနိုင်က ထိုလုပ်ရပ်မှာ လူထု၏ မကျေနပ်မှုကို လျှော့ချရန် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း ပြန်ပြောင်း ပြောဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ရွှေဝါရောင်ကို နှိမ်နင်းပြီး လူထုရဲ့ မကျေနပ်မှု အမြင့်ဆုံးဖြစ်နေတဲ့အချိန်၊ ထောင်ထဲမှာလည်း ဘုန်းကြီးတွေ အများကြီးရောက်နေပြီ။ အဲဒီလို တာစူပြီး အုံကြွနေတဲ့အချိန်မှာ ဒီတွေ့ဆုံမှုကို လုပ်ပြီး ထုတ်ပြတာ။ ကျွန်တော်ကတော့ သိပါတယ်။ တင်းမာနေတဲ့ အခြေအနေကို လျှော့ချဖို့ပဲ။ မှတ်မှတ်ရရဆို ထောင်ထဲမှာ သတင်းတွေ မသိရတဲ့အခြေအနေမျိုးမှာတောင် ထောင်ပိုင်ကိုယ်တိုင် လာပြီး ‘လူကြီးတွေ ညှိနှိုင်းနေကြပါပြီ၊ စေ့စပ်နေကြပါပြီ’ ဆိုပြီး ပြောခဲ့တာရှိတယ်။”

လက်ရှိတွင်လည်း အလားတူ နည်းဗျူဟာကို စစ်ကောင်စီက ထပ်မံအသုံးပြုနေသည်ဟု ၎င်းက သုံးသပ်သည်။

“အခုလည်း သူတို့လုပ်မယ့်ဟာတွေက သိပြီးသားကြီးပဲဗျ။ သူတို့စိတ်တိုင်းကျတဲ့ လူနဲ့ပဲ ပေးတွေ့မယ်။ အဲဒီလူ ပြန်ထွက်လာရင် ပြောတဲ့စကားတွေက ယုန်ထင်ကြောင်ထင်၊ သို့လောသို့လော ဖြစ်စေမယ်။ ကျွန်တော်တို့ကို ရှုပ်ထွေးသွားစေမယ်၊ စိတ်ဝမ်းကွဲစေမယ်၊ အချိန်ဆွဲမယ်၊ အာရုံလွှဲမယ်။ ဒါပဲဗျ။ ကျနော်အစောထဲကပြောပြီးသားပါ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့တခါထဲမလွှတ်ရဲပါဘူး လူထုနဲ့ပေါင်းမိသွားလောက်အောင် လွှတ်ပေးဖို့သတ္တိမရှိပါဘူး”

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်သည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလ ကတည်းက နှစ်ပေါင်းများစွာ အကျဉ်းချခံခဲ့ရပြီးနောက် ၂၀၀၄ ခုနှစ်တွင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။ သို့သော် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သဖြင့် ထပ်မံဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ ယင်းနောက် စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတဖြစ်သည့်ကာလတွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဦးမင်းကိုနိုင်သည် လက်ရှိတွင်လည်း စစ်အာဏာရှင်ကိုကို ဆန့်ကျင်သည့် နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွင် ဆက်လက်ပါဝင်လျက်ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button