အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖြစ်သည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) သည် နေပြည်တော်၌ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၊ စစ်တပ်၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး “ဝ” တပ်ဖွဲ့၏ နိုင်ငံရေးလိုလားချက်များအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆွေးနွေးခဲ့သည်ဟု သိရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်က သမ္မတရာထူးရယူပြီးနောက် NSPNC ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဖွဲ့သည် ယခုနှစ် ဇွန်လ ၁၈ ရက်တွင် “ဝ” တပ်ဖွဲ့ ထိန်းချုပ်ရာ ပန်ဆန်း (ပန်ခမ်း) မြို့သို့ သွားရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ “ဝ” တပ်၏ နေပြည်တော်ခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဩဂုတ်လ ၃ ရက်နှင့် ၄ ရက်တွင် “ဝ” တပ်ဖွဲ့နှင့် ငြိမ်းချမ်းရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထားဆွေးနွေးနေသည်ဟု စစ်တပ်က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုထုတ်ပြန်ချက်၌ “ဝ” တပ်ဖွဲ့ဘက်က ဦးမင်းအောင်လှိုင်သမ္မတ အဖြစ်တာဝန်ယူခဲ့သည်ကို ထပ်လောင်း ထောက်ခံခဲ့ပြီး ပြည်ထောင်စုမပြိုကွဲရေးအခြေခံ၍ ပြည်ထောင်စုစနစ်အတွင်း ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ထောက်ခံပြီး သဘောထားကွဲလွဲမှုများ ဖြေရှင်းနိုင်ရန် အမြဲတမ်းတံခါးဖွင့်ထားကြောင်း ပြောကြားခဲ့သည်ဟု ပါရှိသည်။
၎င်းတို့ နှစ်ဖက်အနေဖြင့် မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) များကို ပြင်းပြင်းထန်ထန် တိုက်ဖျက်သွားမည်ဟုလည်း ဖော်ပြသည်။
နေပြည်တော်ခရီးစဉ်အတွင်း “ဝ” တပ်ဖွဲ့အနေဖြင့် ၎င်းတို့ အစဉ်တစိုက် လိုလားနေသည့် ပြည်နယ်ရရှိရေး ကိစ္စ တောင်းဆိုနိုင်သည်ဟု နိုင်ငံရေးအကဲခတ်များက ယူဆနေသော်လည်း စစ်တပ်၏ ထုတ်ပြန်ချက်တွင် အဆိုပါကိစ္စ ပါဝင်သည်ကို မတွေ့ရပေ။
နေပြည်တော်သို့ ရောက်နေသည့် “ဝ” တပ်ဖွဲ့ဘက်ကလည်း ဆွေးနွေးနေသည့် အကြောင်းအရာများအား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
“(နေပြည်တော်မှာ) ဆွေးနွေးတဲ့ အကြောင်းအရာတွေကို ထုတ်ပြောဖို့က အထက်တာဝန်ရှိသူတွေကို တင်ပြပြီးမှ ပြောလို့ရမယ်”ဟု “ဝ” တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
ဩဂုတ်လ ၄ ရက် နံနက်ပိုင်းတွင် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်က အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် သန္နိဋ္ဌာန်ချမှတ်ပြီး မဖြစ်မနေကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောခဲ့သည်ဟု သိရသည်။
စစ်တပ်အနေဖြင့် “ဝ” တပ်ဖွဲ့ လိုလားသည့် နိုင်ငံရေးလိုလားချက်များကို ၂၀၀၈ ပြဋ္ဌာန်းချက်အတိုင်း ဆွေးနွေးနေသည်ဟု ပြောထား၍ ထူးခြားမှုများရှိနိုင်သည်ဟု မြန်မာ့နိုင်ငံရေးအကဲခတ်အချို့က မှတ်ချက် ပြုသည်။
“ဝ” က အရင်ကတည်း ပြည်နယ်ရဖို့တောင်းနေတာပဲလေ။ အခုဒီကိစ္စကို ထည့်မပြောဘဲ နိုင်ငံရေး လိုလားချက်အရ တောင်းဆိုမှုတွေကို ၂၀၀၈ ပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက်ပေးနိုင်ဖို့ ဆွေးနွေးနေတယ်လို့ ပြောတာ။ ဆိုတော့ “ဝ” ကို တချို့ကိစ္စတွေ လိုက်လျောပေးနိုင်မယ့် အခြေအနေလို့ ပြောလို့ရတယ်” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးအကဲခတ် အမျိုးသားတစ်ဦးက သုံးသပ်သည်။
ယခု နေပြည်တော်တွေ့ဆုံမှုတွင် စစ်တပ်ဘက်မှ ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့သည်။
UWSP ဘက်မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း၊ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်အိုက်ခမ်း၊ အမှတ် (၁၇၁) စစ်ဒေသ နိုင်ငံရေးမှူး ဦးထင်ဆမ်ရန် အပါအဝင် တပ်မဟာ(၄၆၈)နှင့် တပ်မဟာ (၄၁၇) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သဖြင့် ညှိနှိုင်းမှုတွင် ဆုံးဖြတ်ချက်ချနိုင်သူများ ပါဝင်လာသည်ကို တွေ့ရကြောင်း မြန်မာ့နိုင်ငံရေးလေ့လာအကဲခတ်သူများက ဆိုသည်။
ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းမှလွဲ၍ ကျန်သူများမှာ “ဝ” တပ်ဖွဲ့ဘက်က မကြာသေးမီကမှ သွေးသစ်လောင်းထားသည့် လူငယ်ခေါင်းဆောင်များ ဖြစ်ကြသည်။ ဦးမင်အောင်လှိုင်နှင့်တွေ့ဆုံချိန်၌ အဆိုပါလူငယ်ခေါင်းဆောင်များအား UWSP ဒုက္ကဋ္ဌ ဦးကျောက်ကော်အန်းက မိတ်ဆက်ပေးခဲ့သည်ကို တွေ့ရသည်။
ယခုခရီးစဉ်အတွင်း ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စများကို အဓိကဆွေးနွေးသည့်အပြင် “ဝ” မျိုးဆက်သစ်လူငယ်များကို မိတ်ဆက်ခြင်းလည်း ဖြစ်သည်ဟု အထက်ပါ “ဝ” တပ်ဖွဲ့ တာဝန်ရှိသူ အမျိုးသားက ပြောသည်။
“ဒီတစ်ခေါက်က မျိုးဆက်သစ် ခေါင်းဆောင်တွေကို မိတ်ဆက်ပေးတာ ဖြစ်ပါတယ်။ ဆွေးနွေးတာ ကတော့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးကိစ္စတွေကိုပဲ အဓိက ဆွေးနွေးဖြစ်တာပါ” ဟု ဆိုသည်။
ပြည်နယ်ရရှိရေးဆိုင်ရာ ကိစ္စမှာ “ဝ” တပ်ဖွဲ့၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်ပြီး အများသိပြီးသားကိစ္စသာ ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
နေပြည်တော်၌ နှစ်ရက်တာတွေ့ဆုံမှုအတွင်း “ဝ” တပ်ဖွဲ့ဘက်က ပြည်နယ်ရရှိရေး တင်ပြခဲ့ပြီး စစ်တပ် ဘက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “ဝ” တပ်ဖွဲ့၏ နိုင်ငံရေးလိုလားချက်အား ဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးခဲ့သည်ဟု ဆွေးနွေးပွဲအကြောင်းသိရှိသူတစ်ဦးကလည်း ပြောသည်။
“ဝ” တပ်ဖွဲ့ထိန်းချုပ်ဧရိယာမှာ တရုတ်နယ်စပ်နှင့် ထိစပ်နေ၍ တရုတ် နိုင်ငံနှင့် သံတမန်ဆက်ဆံရေး အတွက် အရေးကြီးသည်ဟု NSPNC ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဆွေးနွေးပွဲအတွင်း ပြောကြားခဲ့သည်။ ထို့ကြောင့် NSPNC နှင့် “ဝ” တပ်ဖွဲ့ ထိတွေ့ဆက်ဆံခြင်းသည် မြန်မာ-တရုတ် ဆက်ဆံရေးအတွက် အရေးကြီးသည့် အထောက်အပံ့ဖြစ်သည်ဟု ဆိုသည်။
“အခု “ဝ” နဲ့ ဆွေးနွေးပွဲမှာက အဖြေတွေ အများကြီးရှိပါတယ်။ အခြားအဖွဲ့တွေထက် “ဝ” ကို ပိုအလေးပေး ဆွေးနွေးတာကိုလည်း မြင်ရ တယ်။ နောက်ပြီး တရုတ်နဲ့ ဆက်ဆံရေးအတွက် “ဝ” က အရေးပါတယ်ဆိုတာကိုလည်း ပြသွားတာပဲ” ဟု နိုင်ငံရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုသည်။

“ရှမ်းမြောက်တိုက်ပွဲတွေ ရပ်သွားတာက “ဝ” တပ်ဖွဲ့ရဲ့ ကမကထ လုပ်ပေးတာလည်းပါတယ်။ နောက်ပြီး “ဝ” တပ်ဖွဲ့ နေပြည်တော်ကို ရောက်လာတာကလည်း ရာပြည့်ကိုယ်တိုင် ပန်ဆန်းတို့၊ မိုင်းလားတို့အထိ သွားပြီး ဖက်ဒရယ်ကိစ္စနဲ့ပတ်သက်ပြီး စည်းရုံးထားတာ။ အခု “ဝ” ဘက်က ဒုဥက္ကဋ္ဌ ကိုယ်တိုင် တက်လာတယ်။ စစ်တပ်ဘက်က “ဝ” ဘက်က လိုလားချက်ကို လိုက်လျောရတော့မယ်လို့ မြင်တယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။
စစ်တပ်က ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ် အရှေ့မြောက်ဘက် တရုတ်နယ်စပ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် ခြောက်ခုကို ခရိုင်နှစ်ခုခွဲကာ “ဝ” ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားသည်။
အဆိုပါ ခြောက်မြို့နယ်အနက် ဟိုပန်နှင့် မက်မန်းမြို့နယ် ငါးမြို့နယ်ကိုသာ ဗဟိုအစိုးရ၏ အုပ်ချုပ်မှု အောက်တွင် ထားရှိခဲ့ပြီး ကျန်မြို့နယ်များဖြစ်သည့် မိုင်းမော၊ ပန်ဝိုင်၊ နားဖန်းနှင့် ပန်ဆန်းတို့ကို UWSP/ UWSA “ဝ” တပ်ဖွဲ့က အုပ်ချုပ်လျက်ရှိသည်။
သို့သော် “၁၀၂၇ စစ်ဆင်ရေး” အတွင်း ဟိုပန်နှင့် ပန်လုံမြို့နှစ်မြို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA )က သိမ်းပိုက်ပြီး “ဝ” တပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သဖြင့် မက်မန်းမြို့နယ် တစ်ခုတည်းသာ စစ်တပ် အုပ်ချုပ်မှုအောက်တွင် ကျန်ရှိသည်။ လက်ရှိတွင် ဟိုပန်နှင့် ပန်လုံကို “ဝ” ဒေသ နမ့်တစ်မြို့နှင့် ပေါင်းစည်းကာ ဟိုပန်ခရိုင်အဖြစ် သတ်မှတ်လိုက်သည်။
ထို့ကြောင့် “ဝ” တပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် မိုင်းလင်းခရိုင်၊ မိုင်းမောခရိုင်၊ မိုင်းပေါက်ခရိုင်၊ ဟိုပန် ခရိုင်နှင့် ပန်ဆန်းကို မြို့တော်အဖြစ် သတ်မှတ်၍ နယ်မြေအားဖြင့် တဆက်တည်း အုပ်ချုပ်နေသည်။
UWSA အနေဖြင့် ရှမ်းမြောက်ဒေသအပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ- ထိုင်းနယ်စပ်ရှိ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ ဟွေအော်နှင့် ပုံပါကျင်း ဒေသများကို “ဝ” တောင်ပိုင်း အမှတ် (၁၇၁) စစ်ဒေသအဖြစ် သတ်မှတ်၍ စစ်အင်အား ဖြန့်ကြက်ထားသည်။
စစ်တပ်ဘက်က ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ ရက် ၁၀၀ စီမံကိန်း အကောင်အထည်ဖော်ခဲ့ပြီး ယင်းစီမံကိန်းကို နောက်ထပ်တစ်လ သက်တမ်း တိုးထားသည်။
အဆိုပါ ရက် ၁၀၀ စီမံကိန်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ်ထိုးထားသော အဖွဲ့များအပြင် အပစ်ရပ်လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်ပါ တွေ့ဆုံလျက်ရှိသည်။
ဦးမင်းအောင်လှိုင်၏ ရက် ၁၀၀ ပြည့် မိန့်ခွန်းတွင် ၎င်း၏ ငြိမ်းချမ်းရေးစီမံချက်အတွင်း NCA လက်မှတ် ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်/ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ မွန်ပြည် သစ်ပါတီ (NMSP)၊ လားဟူးဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် (DKBA) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) စသည့် ခြောက်ဖွဲ့နှင့် ဆွေးနွေးခဲ့သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။
ထို့အပြင် အပစ်ရပ်လက်မှတ် မထိုးရသေးသည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် – မိုင်းလားအဖွဲ့ (NDAA)၊ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး / တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)နှင့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ – ကပ်ပလန် (NSCN-K) တို့နှင့်လည်း ဆွေးနွေးထားကြောင်း ဆိုသည်။
ရှမ်းမြောက်အခြေစိုက် ကိုးကန့်တပ်သည်လည်း စစ်တပ်နှင့် နေပြည်တော်တွင် ဆွေးနွေးနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။
အပစ်မရပ်ရသေးသည့် အဖွဲ့များထဲတွင် ပါဝင်သော ချင်းအမျိုးသားအဖွဲ့ ချုပ်(CNO) ကမူ အဖွဲ့အစည်း သဘောတူညီချက်မပါဘဲ စစ်တပ်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည့် ၎င်းတို့၏ ဥက္ကဋ္ဌကို တာဝန်မှ ရပ်စဲလိုက်ကြောင်း ဩဂုတ်လ ၃ ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။
CNO ၏ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူအချို့သည် စစ်ကောင်စီ၏ NSPNC ကိုယ်စားလှယ်များနှင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထိုဆွေးနွေးချက်များ သည် အဖွဲ့၏ ရပ်တည်ချက်၊ ဆုံးဖြတ်ချက်နှင့် မူဝါဒများကို ကိုယ်စားမပြုကြောင်း CNO ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တရုတ်နယ်စပ်အခြေစိုက် UWSA ၊ TNLA၊ MNDAA အဖွဲ့များ၏ စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ဖြစ်သော အာရက္ခတပ်တော် (AA) က ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်မည်မဟုတ်ပေ။ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ရောက်လာစေရန် ဗုံးကြဲ၍ ခေါ်ဆိုခြင်းမှာ လုပ်သင့်သည့်ကိစ္စ မဟုတ်ဘဲ ဗုံးကြဲပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ခေါ်နေလျှင် ငြိမ်းချမ်းလာမည်မဟုတ်ကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Myanmar Now ကို ယနေ့ မှတ်ချက်ပေးထားသည်။




