အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စာအုပ်စင်ကဏ္ဍ

ဒီမိုကရေစီရဲ့ကျိုးလွယ်တဲ့အညှာ သို့မဟုတ် လူနည်းစုရဲ့အနိုင်ကျင့်ဗိုလ်ကျမှု

အမေရိကန်နဲ့ နိုင်ငံတချို့မှာ အာဏာရှင်တွေ တည်မြဲရေးအတွက် သာကူးတွေ၊ သံကောင်းဟစ်ခဲ့သူတွေရဲ့ အားဖြည့်ပေးနေမှု အပါအဝင် လူနည်းစုဗိုလ်ကျခွင့်တွေအကြောင်း The Tyranny of the Minority စာအုပ်မှာ လေ့လာနိုင်ပါတယ်။

ဒီမိုကရေစီလို့ပြောလိုက်ရင် လူများစု လိုလားတဲ့သူက အနိုင်ရပြီး အုပ်ချုပ်မယ်၊ တချိန်တည်းမှာပဲ အနည်းစုရဲ့ အခွင့်အရေးတွေကိုလည်း ကာကွယ်ပေးထားမယ်လို့ ကျွန်တော်တို့ နားလည်လေ့ရှိကြပါတယ်။ လူထုရွေးချယ်တဲ့အစိုးရဆိုတာနဲ့ ပတ်သက်လာတိုင်း လက်ခံ သိမှတ်ပြီးသား ဒီမိုကရေစီစံနှုန်းတခုပါ။ တဖက်မှာ လူများစုဆန္ဒကို ဦးစားပေးရမယ် ဆိုပေမယ့် လူများစုက လူနည်းစုကို ဗိုလ်ကျအနိုင်ကျင့်တာ (tyranny of the majority) မျိုးမဖြစ်အောင် သတိထားရမယ်ဆိုတာလည်း သိကြပါတယ်။ 

ဒါပေမဲ့ ဟားဗတ်တက္ကသိုလ်က Steven Levitsky နဲ့ Daniel Ziblatt တို့ဆိုတဲ့ ပါမောက္ခနှစ်ယောက်ကတော့ ဒီမိုကရေစီမှာ လူများစုက လူနည်းစုကို အနိုင်ကျင့်မှာကိုပဲ စိုးရိမ်ရမယ်ဆိုတဲ့ စဉ်းစားပုံမျိုးကို စိန်ခေါ်ထားပါတယ်။ သူတို့ နှစ်ယောက် ပူးတွဲရေးသားတဲ့ ၂၀၂၃ ခုနှစ်ထုတ် “The Tyranny of the Minority” (လူနည်းစု၏ ဗိုလ်ကျမှု) ဆိုတဲ့ စာအုပ်မှာ လက်ရှိ အမေရိကရဲ့ ဒီမိုကရေစီကို အကြီးမားဆုံးခြိမ်းခြောက်နေတဲ့ အရာဟာ လူများစုရဲ့ အနိုင်ကျင့်မှု မဟုတ်ဘဲ လူနည်းစုရဲ့ဗိုလ်ကျခွင့်ရနေမှု ဖြစ်တယ်လို့ ခိုင်ခိုင်မာမာ ဆိုထားပါတယ်။

ဒီစာအုပ်ဟာ သူတို့နှစ်ယောက်ရဲ့ ဘတ်ဆဲလားတအုပ်ပဲဖြစ်တဲ့ “How Democracies Die (2018)” ရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။ The Tyranny of the Minority ဟာ ထရမ့်ဝါဒလို့ခေါ်ကြတဲ့ လူဖြူဗဟိုပြု လက်ယာအမျိုးသားရေးဝါဒ မြင့်တက်လာချိန်၊ အမေရိကနိုင်ငံရေးမှာ တံဆိပ်ကပ် စွပ်စွဲမှု ပြင်းထန်လာချိန်၊ အမေရိကရဲ့ ဒီမိုကရေစီဟာ ဆုတ်ယုတ်ကျဆင်းနေပြီလားလို့ အများက မေးခွန်းထုတ်နေချိန်မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် ဒီစာအုပ်ကို ဖတ်မိချိန်က ၂၀၂၅ ခုနှစ် ဒေါ်နယ် ထရမ့် ဒုတိယအကြိမ် အိမ်ဖြူတော်ကို ပြန်ရောက်လာပြီးမှ ဖြစ်တာမို့ ဒီစာအုပ်ပါ ဆွေးနွေးချက်တွေဟာ အပြင်နဲ့ ပိုလို့တောင် စပ်ဟပ်နေပါသေးတယ်။ 

အမေရိကန်ရဲ့ အခြေခံဥပဒေမှာ လူများစုက လူနည်းစုကို အနိုင်ကျင့်ဗိုလ်ကျလို့မရအောင် ကာကွယ်ပေးထားတဲ့ အထိန်းတွေ ပါရှိပါတယ်။ ဥပမာ- သမ္မတရွေးချယ်ရေးအဖွဲ့ (Electoral College)၊ ဆီးနိတ်၊ ဖီလီဘတ်စတာ (Filibuster- လွှတ်တော်အတွင်း စကားရှည်ရှည်ပြောပြီး မဲခွဲပွဲကို အချိန်ဆွဲဟန့်တားတဲ့ နည်းဗျူဟာ)၊ မဲနဲ့မဟုတ်ဘဲ တိုက်ရိုက်ခန့်အပ်တဲ့ တရားရုံးချုပ် တရားသူကြီးတွေပါ။ အဲဒီ ယန္တရားတွေဟာ လူများစုက လူနည်းစုကို အနိုင်မကျင့်အောင် ကာကွယ်ဖို့ဖြစ်တယ်လို့ ဆိုပေမယ့် လက်တွေ့မှာတော့ လူနည်းစုလက်ထဲကို လုပ်ပိုင်ခွင့်အာဏာ အလွန်အကျွံထည့်ပေးလိုက်သလို ဖြစ်နေပြီး အများစုရဲ့အနိုင်ကျင့်မှုကို ကာကွယ်ဖို့ ရည်ရွယ်ရေးထားတဲ့ အခြေခံဥပဒေပုံစံဟာ တချို့သောအခြေအနေတွေ အောက်မှာ လူနည်းစုက အခွင့်ထူးခံဖို့ အသုံးချစရာ လက်နက်တွေဖြစ်သွားပါတယ်တဲ့။ ဒီစာအုပ်မှာ “minority” ဆိုတာကတော့ ရီပတ်ဗလစ်ကန်ပါတီကို ညွှန်းတာဖြစ်ပါတယ်။ တခါတရံမှာ ရီပတ်ဗလစ်ကန် ပါတီအနေနဲ့ နိုင်ငံအဆင့်ပြည်သူ့မဲဆန္ဒ (popular vote) မှာ အနိုင်မရပေမယ့် Electoral College မှာ အနိုင်ရအောင် (အထူးသဖြင့် ၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၁၆ ခုနှစ် သမ္မတရွေးပွဲတွေမှာ) အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေပါ အာဏာအထိန်းအထေ လုပ်နည်းတွေက ဘယ်လို ခွင့်ပြုပေးခဲ့သလဲဆိုတာ စာရေးသူနှစ်ယောက်က ဒီစာအုပ်မှာ ရှင်းပြထားတာ ဖြစ်ပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒီစာအုပ်ရဲ့ အားအကောင်းဆုံးလို့ ဆိုရမယ့်အချက်ကတော့ ဒီမိုကရေစီနိုင်ငံတွေမှာ လူနည်းစုတွေကို ဘယ်လိုအကာအကွယ်ပေးသလဲဆိုတဲ့ မေးနေကျမေးခွန်းကနေ အခြေခံဥပဒေတွေဟာ မရည်ရွယ်ဘဲ လူနည်းစုတွေကို အခွင့်ထူးခံဖြစ်အောင် ဘယ်လို ခွင့်ပြုပေးလိုက်သလဲဆိုတဲ့ မေးခွန်းကို ပြောင်းမေးလိုက်တာပဲလို့ ဆိုနိုင်ပါတယ်။ ဒါဟာ အမေရိကရဲ့ အင်စတီကျူးရှင်းတွေကို ဝေဖန်ရုံသက်သက် မဟုတ်ပါဘူး။ ရွေးကောက်ပွဲတွေ ဘယ်လောက် ပုံမှန်ကျင်းပတယ်ဆိုဆို၊ အခြေခံဥပဒေ လုပ်ထုံးလုပ်နည်းတွေကို ဘယ်လိုပဲ လိုက်နာနေပါတယ် ပြောပြော ဒီမိုကရေစီစနစ်တွေရဲ့ အားနည်းချက်ဟာ အတွင်းထဲမှာ တိမ်မြုပ်နေတတ်တယ်ဆိုတဲ့ သတိပေးချက်ဖြစ်ပါတယ်။ 

ဒီ စာအုပ်ဟာ အမေရိကကို အဓိကလေ့လာထားတာဆိုပေမယ့် ကျွန်တော့်အတွက်ကတော့ မြန်မာနိုင်ငံနဲ့ပါ နှိုင်းယှဉ်ကြည့်နေမိပါတယ်။ ၂၀၁၁ ကနေ ၂၀၂၀ ကြားမှာ မြန်မာနိုင်ငံဟာ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ရွေးကောက်ခံ ဒီမိုကရေစီကို စမ်းသပ်ကျင့်သုံးခဲ့ပါတယ်။ ဒီစာအုပ်အစိမ်းကြီးကို ရေးဆွဲခဲ့တဲ့ စစ်တပ်က “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” လို့ သုံးနှုန်းခဲ့ပေမယ့် အတွင်းသား အနှစ်သာရပိုင်းကတော့ အများသိထားတဲ့အတိုင်း စစ်တပ်ဟာ အာဏာစွန့်စရာမလိုဘဲ ဒီမိုကရေစီရဲ့လက္ခဏာတွေကို ဟန်ပြထားရှိဖို့ပါပဲ။

မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်တို့၊ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီတို့ဆိုတဲ့ အသုံးအနှုန်းတွေ တီထွင်သုံးစွဲရာ မြန်မာနိုင်ငံဟာ ဒီအခြေခံဥပဒေအရ မြန်မာ့နည်းမြန်မာ့ဟန် ‘လူနည်းစုရဲ့ဗိုလ်ကျမှု’ကို ရခဲ့ပြန်တာပါပဲ။ အမေရိကနဲ့ မတူတာက မြန်မာမှာ ‘လူနည်းစု’ ဆိုတာဟာ မဲအများစုအနိုင်မရတဲ့ ပါတီအငယ်တွေကို ပြောတာ မဟုတ်သလို လူမျိုး/ဘာသာအားဖြင့် လူနည်းစုဖြစ်နေသူတွေကို ဆိုလိုတာလည်း မဟုတ်ပါဘူး။ စာအုပ်စိမ်းကြီးကို စိတ်တိုင်းကျရေးဆွဲခဲ့တဲ့၊ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း အလိုအလျောက် ယူထားတဲ့၊ အဓိက ဝန်ကြီးဌာနတွေကို ကိုင်ထားတဲ့၊ လိုအပ်လာပြီလို့ ထင်တဲ့အခါတိုင်း စစ်တပ်လက်ထဲ အာဏာပြန်ရယူခွင့်ကို ထည့်ထားတဲ့ နိုင်ငံရဲ့ တပ်မတော်လို့ ခေါ်ခဲ့ကြတဲ့ စစ်တပ်ကြီးကိုယ်တိုင်ကိုပဲ ‘အနည်းစု’ လို့ ဆိုလိုတာပါ။ ဒီမိုကရေစီစနစ်ကို ပြန်အသက်သွင်းပေးလိုက်သူတွေလို့ ကိုယ့်ကိုယ်ကိုယ် နာမည်ကောင်း ယူခဲ့ကြတဲ့ စစ်တပ်အဖွဲ့အစည်းကြီးဟာ သူတို့ကိုယ်တိုင် ရွေးကောက်ခံစရာမလိုဘဲ ရွေးကောက်ခံ အရပ်သားအုပ်ချုပ်ရေးအပေါ်ကို လွှမ်းမိုးမှု ရှိအောင် ဖန်တီးထားတာမို့ လူနည်းစုရဲ့ဗိုလ်ကျမှု ဆိုတဲ့ စကားရပ်ဟာ မြန်မာနိုင်ငံနဲ့တော့ ကွက်တိပါပဲ။ 

ဒီလိုဆိုလို့ မြန်မာနဲ့ အမေရိက နှစ်နိုင်ငံကို တိုက်ရိုက်နှိုင်းယှဉ်နေတာ မဟုတ်ပါဘူး။ အမေရိကန်ရဲ့ အင်စတီကျူးရှင်းတွေဟာ သက်တမ်းလည်းပိုရှည်၊ ပိုလည်းအမြစ်ခိုင်မာသလို မြန်မာနဲ့လုံးဝမတူတဲ့ သမိုင်းဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ လာရာ၊ လားရာတွေလည်း ရှိပါတယ်။ ဒီစာအုပ်မှာ စာရေးသူနှစ်ဦး ထောက်ပြတာက အခြေခိုင်မာနေတဲ့ ဒီမိုကရေစီနိုင်ငံ တခုမှာတောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေဟာ အနည်းစုဘက် (ရီပတ်ဗလစ်ကန်ပါတီ) ကို ချိန်ခွင်လျှာ ယိမ်းသွားစေတဲ့ အနေအထားမျိုးကို ဘယ်လို ဖန်တီးပေးသွားခဲ့သလဲ ဆိုတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာကတော့ ရွေးကောက်ခံ အစိုးရလုပ်တာ မကြိုက်ရင် စစ်တပ်က ဗီတိုနဲ့ပယ်ချလို့ရအောင် အခြေခံဥပဒေမှာကို ထည့်သွင်းထားတာပါ။ ဒါပေမဲ့ အတွင်းအနှစ်သာရ မေးခွန်းကတော့ အတူတူပါပဲ။ လူနည်းစုတရပ်က လူများစုရဲ့ ဆန္ဒကို ပိတ်ပင်တာ၊ အားပျော့အောင်လုပ်တာ၊ သို့မဟုတ် လုံးဝပြောင်းပြန်လှန်ပစ်တာမျိုး ကစားခွင့်ရှိနေတဲ့ နိုင်ငံရေးဓလေ့ကြီးထဲမှာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်တရပ် ရှင်သန်နိုင်ပါ့မလားဆိုတာပါ။ 

မြန်မာစာဖတ်ပရိသတ်အတွက် The Tyranny of the Minority ဟာ အမေရိကန်အကြောင်း စာအုပ်ပဲဆိုပြီး ကျော်မသွားစေချင်ပါဘူး။ ဒီစာအုပ်ဟာ ဒီမိုကရေစီနိုင်ငံတနိုင်ငံအတွက် အခြေခံဥပဒေကို ဘယ်လို ရေးသလဲ ဆိုတာက ပိုအရေးကြီးကြောင်း သတိပေးတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဆိုတာတွေ မကျင်းပတော့မှသာ ဒီမိုကရေစီမရှိတော့ဘူးလို့ နားလည်ရမှာ မဟုတ်ပါဘူး။ ‘အခြေခံဥပဒေနဲ့အညီဖြစ်ပါတယ်’ ဆိုတဲ့စကားကို တွင်တွင် ဗန်းပြပြီး လူနည်းစုတရပ်က စိတ်တိုင်းကျ ဆောင်ရွက်နေနိုင်အောင် အင်စတီကျူးရှင်းတွေက ခွင့်ပြုပေးထားတယ် ဆိုရင်လည်း ဒါဟာ ဒီမိုကရေစီမဟုတ်တော့ဘူးလို့ ပြောရမှာပါပဲ။ အမေရိကရဲ့ ဆီးနိတ်ဖြစ်ဖြစ်၊ Electoral College ပဲဖြစ်ဖြစ်၊ မြန်မာပြည်ရဲ့ လွှတ်တော်ထဲက အစိတ်သား စစ်ကိုယ်စားလှယ်တွေပဲ ဖြစ်ဖြစ်၊ သူတို့ရဲ့ လက်နက်ပုန်း ဗီတိုအာဏာပဲဖြစ်ဖြစ် ဘာကိုပဲ အာရုံယူသည် ဖြစ်စေ အုပ်ချုပ်ရေးစနစ်တရပ်မှာ လူများစုဆန္ဒထက် လူနည်းစု သဘောထားက ပိုအားကောင်းနေပြီဆိုရင် ဒီမိုကရေစီဟာ မကျန်းမာတော့ဘူး၊ သက်တမ်းစေ့ မနေနိုင်တော့ဘူး။ အဲဒါရဲ့ လက်သည်ဟာလည်း တခြားမဟုတ်၊ ဒီမိုကရေစီစနစ်ကိုယ်တိုင်ရဲ့ အတွင်းသား စီမံခန့်ခွဲမှု၊ အာဏာခွဲဝေမှုဓလေ့တွေပဲ ဖြစ်တယ်ဆိုတာကို ပြသတာက ဒီစာအုပ်ရဲ့ တန်ဖိုးပါပဲ။

“ဒီမိုကရေစီဆိုတာ ပါတီတွေ ရွေးကောက်ပွဲမှာ ရှုံးကြတဲ့စနစ်ပဲ”

စာရေးသူနှစ်ယောက်က နိုင်ငံရေးသိပ္ပံပညာရှင် Adam Przeworski ရဲ့ အဲဒီစကားကို ကိုးကား ထားတာလေး အတော်သဘောကျစရာ ကောင်းပါတယ်။ မှန်ပါတယ်။ ဘောလုံးပြိုင်ပွဲလိုပေါ့။ ချန်ပီယံအသင်းက တသင်းတည်းပါပဲ။ ကျန်တဲ့ အသင်းအားလုံးက ရှုံးနိမ့်ကြသူတွေပါ။ ကိုယ့်အသင်းအနိုင်မရဘူးဆိုတာကို ကျန်အသင်းအများကြီးက လက်ခံပေးရပါတယ်။ နိုင်ငံရေးမှာလည်း ဒီလိုပါပဲ။ ရွေးကောက်ပွဲမှာ ရှုံးတဲ့ပါတီတွေဟာ အရှုံးကို လက်ခံပြီး အာဏာကို အသာတကြည် လွှဲပေးရပါတယ်။ ဒါဟာ ဒီမိုကရေစီရဲ့ အုတ်မြစ်ပါပဲလို့ စာရေးသူနှစ်ဦးက ဆိုပါတယ်။ ဒါအတွက် တခြားနိုင်ငံတွေရဲ့ဖြစ်စဉ်တွေကို သာဓက ပြထားပါတယ်။ ၁၉၈၃ ခုနှစ် စစ်အုပ်ချုပ်ရေးအလွန် အာဂျင်တီးနား၊ ၁၈၀၀ ကာလတဝိုက် အမေရိကန်ပြည်ထောင်စု၊ ၂၀၂၁ ခုနှစ် အဓိပတိ အိန်ဂျလာ မာကဲလ် အနားယူပြီးနောက် ဂျာမနီရဲ့ ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွှဲပြောင်းမှုဖြစ်စဉ်တွေပါ။ 

ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းမှုဟာ အခြေအနေနှစ်ရပ်မှာ ဖြစ်တယ်လို့ စာရေးသူတွေက ဆိုပါတယ်။ ‘တစ်’ က ရှုံးသွားတဲ့ ပါတီတွေဟာ နောင် ရွေးကောက်ပွဲတွေမှာ ပြန်နိုင်ခြေ ရှိသေးတယ်လို့ ယုံကြည်ရပါမယ်၊ ‘နှစ်’ က အာဏာဖယ်ပေးလိုက်ရတာကြောင့် သူတို့ရဲ့ အထိုင်၊ သူတို့ရဲ့ ထောက်ခံသူတွေ၊ သူတို့နဲ့ဆက်စပ်တဲ့ လူမှုဘဝတွေကို အမြစ်ကနေ မြေလှန် ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ယုံကြည်ရပါမယ်တဲ့။ “ရွေးကောက်ပွဲတွေဟာ လောင်းကြေး ကြီးတဲ့ ပွဲတွေလိုမျိုး မကြာခဏဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အရင်းအနှီး သိပ်များရင်တော့ ရှုံးသွားတဲ့ပါတီတွေဟာ အကုန် လက်လွှတ်လိုက်ရမှာကို ကြောက်သွားတတ်ပြီး အာဏာ လက်လွှတ်ပေးဖို့ စိတ်ဆန္ဒမရှိတော့ဘူး” လို့ စာရေးသူတွေက ဆိုပါတယ်။  

နိုင်ငံရေးပါတီတွေဟာ သူတို့ ရှုံးသွားလို့ဆိုတဲ့ အချက်တခုတည်းနဲ့ ဒီမိုကရေစီနှုန်းစံတွေကို ပစ်ပယ် တတ်တာမျိုးမဟုတ်ပါဘူးတဲ့။ သူတို့ ဘယ်တော့မှ ပြန်မနိုင် နိုင်တော့ဘူး၊ ဒါမှမဟုတ် အခုတခါ အရှုံးကြောင့် သူတို့ရယူထားတဲ့ အာဏာအထိုင်တွေ၊ အသာစီးရမှုတွေ လုံးဝ ဆုံးရှုံးသွားရတော့မယ်လို့ ခံစားမိလာတဲ့အခါမျိုးမှာသာ ဒီမိုကရေစီကို ကျောခိုင်းတတ်ကြ ပါတယ်တဲ့။ ရွေးကောက်ပွဲမှာ ရှုံးတာဟာ ဒီလောကထဲကနေ အပြီးအပိုင် ထွက်ခွာရတော့မယ်လို့ ခံစားမိလာရင် ဒီမိုကရေစီရဲ့ အင်ဂျင်ကြီး ဂျမ်းဖြစ်မသွားဖို့ ခဲယဉ်းတယ်လို့ စာရေးသူတွေက သုံးသပ်ပါတယ်။

စာရေးသူနှစ်ယောက် ပေးတဲ့သာဓကတွေမှာ စိတ်ဝင်စားဖို့ အကောင်းဆုံးကတော့ ထိုင်းနိုင်ငံ ဖြစ်မယ်ထင်ပါတယ်။ ထိုင်းဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နီးချင်းလည်း ဖြစ်သလို နိုင်ငံရေး ဖြတ်သန်းမှုချင်းလည်း နီးစပ်မှုရှိတဲ့အတွက်ပါ။ သူတို့က ထိုင်းရဲ့ ‘ဒီမိုကရက်ပါတီ’ ကို လေ့လာ ကြပါတယ်။ အဲဒီပါတီဟာ ထိုင်းမှာ စစ်အာဏာသိမ်းတာကို တစိုက်မတ်မတ် ဆန့်ကျင်ခဲ့ပြီး ဒီမိုကရေစီအင်စတီကျူးရှင်းတွေကို အမြဲကာကွယ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီ ဒီမိုကရက်ပါတီ ကိုယ်တိုင် ၂၀၀၆ ခုနှစ်နောက်ပိုင်း ထိုင်းစစ်တပ်နဲ့ ဘန်ကောက်ရဲ့ မြို့နေလူလတ်တန်းစားတို့နဲ့ ပေါင်းပြီး သက်ဆင်ရဲ့ နိုင်ငံရေးဩဇာကို ပိတ်ဆို့ဖို့ကြိုးစားလာခဲ့ပါတယ်။

ထိုင်းမှာ သက်ဆင်အာဏာရမလာခင်အထိ ဒီမိုကရေစီအမြစ်တွယ်သယောင် ရှိခဲ့တယ်။ ၁၉၉၂ နောက်ပိုင်း အာဏာသိမ်းတာလည်း ထပ်မဖြစ်တော့ဘူး၊ နိုင်ငံ့စီးပွားရေးလည်း မှန်မှန်တိုးတက်နေတယ်။ ဒါပေမဲ့ ထိုင်းဒီမိုကရေစီဆိုတာဟာ ဘန်ကောက်အခြေပြု မြို့ပြ အီလစ်အလွှာကွက်ကွက်လေးရဲ့ ဒီမိုကရေစီပဲ။ ကျေးလက်နေ လယ်သမားလူတန်းစား အများစုကြီးဟာ အမေ့လျော့ခံဖြစ်သလို နိုင်ငံရေးမှာ ပါဝင်မှု၊ စိတ်ဝင်စားမှုလည်း နည်းတယ်။ ဒါတွေဟာ ကျေးလက်နေပြည်သူကို ဗဟိုထားပြီး မူဝါဒတွေထုတ်ကစားတဲ့ သက်ဆင် ရှင်နာဝပ် အာဏာရလာပြီးနောက် ပြောင်းပြန် ဖြစ်သွားတယ်။ ကျေးလက်နေ ထိုင်းလူထုကြီးရဲ့ နိုင်ငံရေးနိုးကြားမှုနဲ့အတူ သက်ဆင်ရဲ့ နိုင်ငံရေးဩဇာဟာ ကြီးမားလာတယ်။ ဒီအခါမှာ အစဉ်အလာ နိုင်ငံရေးလူတွင်ကျယ်တွေ ဖြစ်တဲ့ ဘန်ကောက်က အီလစ်အလွှာဟာ ခြိမ်းခြောက်ခံလာရပြီလို့ ခံစားလာရတယ်။ ဒါတွေဟာ ၂၀၀၆ ကစလို့ ထိုင်းပြည်တွင်းရေး မတည်ငြိမ်မှုတွေကို ဆက်တိုက်ပေါ်ပေါက်စေခဲ့တယ်လို့ စာရေးသူနှစ်ဦးက ဆိုပါတယ်။ 

၂၀၁၄ ခုနှစ်မှာ သက်ဆင်ရဲ့ညီမ ဝန်ကြီးချုပ် ယင်လက်က ရွေးကောက်ပွဲထပ်ကျင်းပဖို့ လုပ်တဲ့အခါမှာ ဒီမိုကရက်ပါတီက သပိတ်မှောက်ဖို့ ဆုံးဖြတ်ပါတယ်။ ဘန်ကောက်မှာ ရွေးကောက်ပွဲဆန့်ကျင်တဲ့ ဆန္ဒပြသူတွေနဲ့ရော ထိုင်းစစ်တပ်နဲ့ပါ ဒီမိုကရက်ပါတီဟာ ကျောချင်းကပ်ခဲ့သလို အာဏာသိမ်းပြီးနောက် စစ်တပ်က ဖွဲ့တဲ့ အစိုးရမှာလည်း ပါဝင်ခဲ့ပြန်ပါတယ်။ စာအုပ်ထဲမှာ ဘန်ကောက်က ဖက်ရှင်မဂ္ဂဇင်းတခုရဲ့ အယ်ဒီတာတယောက် ပြောစကားကိုလည်း ကိုးကား ထားတာစိတ်ဝင်စားစရာပါ။ “ဩဇာတိက္ကမရှိတဲ့ မိသားစုကြီးတွေဆိုတာဟာ တချိန်က အသံမထွက်တဲ့ လူနည်းစုတွေပဲ … ဒါပေမဲ့ သူတို့ အခုတော့ အသံထွက်လာကြပြီ” တဲ့။ ဘန်ကောက်ရဲ့ အစဉ်အလာ မြို့ပြ အီလစ်လူတန်းစား အတွက် ကျေးလက်နေလူတန်းစားတွေ နိုင်ငံရေးမှာ တက်ကြွလာကြပြီး သက်ဆင်ကို အုံနဲ့ကျင်းနဲ့ထောက်ခံလာကြတာဟာ ရွေးကောက်ပွဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်လာရုံမျှ မဟုတ်ဘဲ သူတို့ရဲ့ အီလစ်အလွှာဖြစ်မှုကိုပါ တိုက်စားမယ့်အန္တရာယ်လို့ ခံစားလာရတယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ် ယင်းလက်ရဲ့ ရွေးကောက်ပွဲကို ဆန္ဒပြတဲ့အထဲမှာ ထင်ရှားတဲ့သူတယောက် ပြောတဲ့စကားကလည်း စိတ်ဝင်စားစရာပါပဲ။ “ကျွန်တော်ကတော့ ဒီမိုကရေစီဆိုတာ သိပ် လိုချင်မနေပါဘူး … ကျွန်တော်တို့ ဒီမိုကရေစီအတွက် အဆင်သင့်မဖြစ်သေးဘူး ထင်တယ်။ တရုတ်လို၊ စင်ကာပူလိုမျိုး မာရေကျောရေရှိတဲ့ အစိုးရတရပ် လိုတယ်ဗျ။ အာဏာရှင်လိုမျိုးပေါ့။ ဒါပေမဲ့ ပြည်သူ့အကျိုးစီးပွားအတွက်လုပ်တဲ့ အာဏာရှင်မျိုးပေါ့” တဲ့။ 

ဒီမှတ်ချက်ကို ဖတ်ရချိန်မှာ ကျွန်တော်တို့ဆီမှာလည်း အဲဒီအယူအဆမျိုးရှိသူတွေနဲ့ ဦးသိန်းစိန်တက်ခါစ ကာလတုန်းက ဆုံဖူးတာ အမှတ်ရမိပါသေးတယ်။ မြန်မာဟာ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီရဖို့ အဆင်သင့်မဖြစ်သေးဘူး၊ ဒီအစား လာဘ်စားမှုနည်းပါး၊ အရည်အချင်းရှိပြီး တိုင်းပြည်ကိုချစ်တဲ့ အားကောင်းမောင်းသန် အာဏာရှင်တပိုင်းအစိုးရတရပ် လိုတယ်၊ တိုင်းပြည် ကြွယ်ဝလာတော့မှ ဒီမိုကရေစီအခွင့်အရေးတွေ တဖြည်းဖြည်း တိုးချဲ့ရမယ်ဆိုတဲ့ အယူအဆ ရှိကြတဲ့ ပညာတတ်အချို့နဲ့ပါ။ 

ဒီစာအုပ်ကို ရေးသူနှစ်ဦးကတော့ ထိုင်းရဲ့ ဒီမိုကရေစီနောက်ပြန်လျှောက်တဲ့ဖြစ်စဉ်ကို အဓိက မောင်းနှင်တဲ့ အဓိကတရားခံက ထိုင်းအထက်တန်းလွှာ လူတန်းစားရဲ့ ‘ဘုံပျောက်မှာ’ ကို ကြောက်တဲ့စိတ် ဖြစ်ပါတယ် တဲ့။ တချိန်တုန်းက ဒီမိုကရေစီရရှိရေး တွင်တွင်အော်ခဲ့ကြတဲ့ အဲဒီ မြို့နေ လူလတ်တန်းစား ဒီမိုကရက် ဆိုသူတွေကိုယ်တိုင် သူတို့ကိုယ်သူတို့ ခြိမ်းခြောက်ခံနေရတဲ့ လူနည်းစုလို့ ပြန်မြင်လာကြတယ်။ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခင်းအကျင်းကြီးနဲ့အတူ လိုက်ပါ ပြောင်းလဲရမယ့်အစား သူတို့ဟာ နိုင်ငံ့ကျေးလက်နေ လူများစုကြီးရဲ့ နိုင်ငံရေးမှာ တန်းတူညီမျှပါဝင်လိုမှု၊ သာတူညီမျှ ကောင်းစားရေး စတာတွေအပေါ်ကို တရားမဝင်ဘူးလို့ ရှုမြင်လိုက်ကြတယ်။ “ဆင်းရဲသားတွေက လောဘကြီးလာကြတယ်” လို့ ရှုတ်ချတဲ့အထိပဲလို့ စာရေးသူတွေက ဆိုပါတယ်။

ရလဒ်ကတော့ လွတ်လပ်၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုတာဟာ အီလစ် လူနည်းစုအတွက် ကြောက်စရာကြီးဖြစ်လာတယ်။ ဒီမိုကရက်ပါတီဟာ ၂၀၁၄ အာဏာသိမ်းမှုကို တိတ်တဆိတ် ထောက်ခံခဲ့သလို စစ်တပ်ဖွဲ့တဲ့အစိုးရမှာလည်း ပါဝင်ခဲ့ပြန်ပါတယ်။ 

ဒီဟာကိုဖတ်ရင်း ကျွန်တော်တို့ဆီမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းတော့ နှုတ်ဆိတ်နေခဲ့ကြတဲ့၊ နောက်ပိုင်း စစ်ကောင်စီမှာ ပါဝင်ခဲ့ကြတဲ့ ဒီမိုကရက်လို့ကြွေးကြော်ခဲ့ကြသူ ပါတီအချို့ကို သွားမြင်မိပါတယ်။ အထင်ရှားဆုံးကတော့ NLD အမတ်ဟောင်း၊ ပြည်သူ့ရှေ့ဆောင်ပါတီ ခေါင်းဆောင် ဒေါ်သက်သက်ခိုင်ပေါ့။ ဒီနေရာမှာ ထိုင်းနဲ့မြန်မာ အတိအကျ နှိုင်းယှဉ်လို့ မရပေမယ့် ကျောရိုးချင်းတော့ တူပါတယ်။ ရွေးကောက်ပွဲကတဆင့် ယှဉ်ပြိုင်ခြင်းဟာ မိမိအကျိုးစီးပွားထိခိုက်စေမယ်လို့ ထင်လာရင် အာဏာရှင်ဆန်ဆန် ဖြေရှင်းနည်းတွေကို လက်သင့်ခံစရာလို့ မြင်လာကြတာပါပဲ။ ပေါ်တင်မထောက်ခံရင်တောင် မျက်နှာလွှဲထားမယ်ပေါ့။ စာရေးသူတွေရဲ့ ကောက်ချက်အရဆိုရင် အာဏာကိုလက်လွတ်ရမှာ ကြောက်တဲ့စိတ်၊ မိမိရဲ့ ရှိရင်းစွဲ အဆင့်အတန်း၊ ပေါက်ရောက်မှု၊ ဩဇာတွေကို ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်ဟာ အာဏာရှင်စနစ်ဘက်ကို တွန်းပို့ပေးတတ်တဲ့ လက်မည်းတခုပါပဲ။

မြန်မာနိုင်ငံမှာဆိုရင် စစ်တပ်ကရော ကြံ့ခိုင်ရေးပါတီကရော NLD ကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတိုင်းမှာ သူတို့ ဘယ်လိုမှ မနိုင်နိုင်ဘူးဆိုတာ နားလည်သွားခဲ့ကြတယ်။ ရွေးကောက်ပွဲတွေမှာ ထပ်ကာထပ်ကာရှုံးနိမ့်ခြင်းဟာ စစ်တပ်ရဲ့ နိုင်ငံရေးမှာ အမြဲထာဝရ ပါဝင်လိုမှု၊ အခြေခံဥပဒေအရ အသာစီးရမှု၊ စစ်တပ်နဲ့ စစ်မျိုးစစ်နွယ်တွေရဲ့ အခွင့်ထူးခံ ဖြစ်မှုတွေကို တဖြည်းဖြည်း တိုက်စားတော့မယ်ဆိုတာ NLD ရဲ့ အုပ်ချုပ်ရေးသက်တမ်း ပထမငါးနှစ်အတွင်းမှာပဲ သဘောပေါက်သွားခဲ့ကြပါတယ်။ ကြံ့ခိုင်ရေးတင်မဟုတ်၊ တခြားသော ပါတီငယ်တချို့ စိတ်ထဲမှာလည်း လက်ရှိအတိုင်း ဆက်သွားရင် ရေရှည်မှာ သူတို့ရဲ့ ရှင်သန်ရပ်တည်မှုကို ထိခိုက်တော့မလားလို့ စိတ်ပူလာခဲ့ကြပါတယ်။ ဒါကြောင့် ဒီ စာအုပ်ပါ ရှုထောင့်တွေအရ ပြောရင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပွဲဟာ အာဏာ လုယူရုံ သက်သက် မဟုတ်ဘဲ အကြိမ်ကြိမ်အခါခါ ရှုံးနိမ့်ရမယ့်အနာဂတ်ကို ငြင်းပယ်လိုက်တာလည်း ဖြစ်ပါတယ်။ ထာဝရအရှုံးကို ကြောက်တဲ့ နိုင်ငံရေးဇာတ်ကောင်တွေဟာ ဒီမိုကရေစီ နည်းလမ်းတွေကို လုံးဝ ကျောခိုင်းလိုက်တတ်ကြတယ်ဆိုတဲ့ စာရေးသူနှစ်ဦးရဲ့ သုံးသပ်မှုအတိုင်း ပါပဲ။

ဒီမိုကရေစီသစ္စာခံတွေ၊ ကြံဖော်ကြံဖက် အခါတော်ပေးတွေနဲ့ ဥပဒေစကြာလက်နက်တွေ

Levitsky နဲ့ Ziblatt တို့ရဲ့ ဒီစာအုပ်မှာ အရေးကြီးတဲ့ အချက်က “loyal democrats and semi-loyal democrats” (ဒီမိုကရေစီသစ္စာခံတွေနဲ့ သာကူးတွေ) ဆိုတဲ့ ခွဲခြားမှုပါပဲ။ ဒီမိုကရေစီကို သစ္စာခံတဲ့ နိုင်ငံရေးသမားဆိုရင် လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲ ရလဒ်ကို လေးစားတယ်၊ မိမိအာဏာရဖို့ အကြမ်းပတမ်းနည်းကို သုံးတာမျိုးမလုပ်ဘူး၊ ဒီမိုကရေစီရဲ့ ရန်သူအင်အားစုတွေနဲ့ လုံးဝ မပူးပေါင်းဘူး။ သာကူးတွေကတော့ ရွေးကောက်ပွဲဝင်ပြိုင်မယ်၊ ဒီမိုကရေစီကို နှုတ်ဖျားကမချဘဲ ပြောမယ်၊ ဒါပေမဲ့ သူတို့အတွက် အကျိုးရှိမယ်ဆိုရင် အာဏာရှင်ဇာတ်ကောင်တွေနဲ့လည်း ပူးပေါင်းပါတယ် တဲ့။ 

စာရေးသူတွေကတော့ ‘democracy’s assassins’ (ဒီမိုကရေစီကို လုပ်ကြံသတ်ဖြတ်သူတွေ) ဟာ ဘယ်တော့မှ တဦး၊ တဖွဲ့တည်း မဟုတ်ဘူးလို့ ဆိုပါတယ်။ သူတို့မှာ အမြဲပဲ ကြံဖော်ကြံဖက်တွေ ရှိပါတယ် တဲ့။ အဲဒီ ကြံဖော်ကြံဖက်တွေ၊ အခါတော်ပေးတွေဟာ အပြင်ပန်းမှာ ဒီမိုကရေစီကို လေးစားလိုက်နာဟန်ပြပြီး တဖက်က ဒီမိုကရေစီ သားလျှော သားပျက်အောင် တိတ်တဆိတ် ကြံနေတတ်ကြပါတယ် တဲ့။ “ဒီမိုကရေစီ ပြိုကျပျက်စီးမှုမှာ သာကူးတွေဟာ ပေါ်တင်မဟုတ်ရင်တောင် အရေးပါတဲ့တရားခံတွေပဲ” လို့ စာအုပ်မှာဆိုထားပါတယ်။

နောက်ထပ် နားလည်ထားရမယ့် အချက်ကတော့ “constitutional hardball” လို့ ဆိုပါတယ်။ ‘အခြေခံဥပဒေပါ ဟာကွက်များနှင့် လုပ်ပိုင်ခွင့်များကို အသုံးချ၍ နိုင်ငံရေးအရ အနိုင်ယူကစားခြင်း’ လို့ ပြန်ရမယ်ထင်ပါတယ်။ ဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ယန္တရားတွေကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချတာမျိုးပါ။ ကမ္ဘာပေါ်မှာ ဘယ်အခြေခံဥပဒေမှ အလွဲသုံးစား လုပ်တာကို မကာကွယ်နိုင်သေးပါဘူးတဲ့။ ‘ဝိနည်းတတ် ကြက်သတ်’ ဆိုတဲ့ မြန်မာစကားလိုပါပဲ။ ဥပဒေနဲ့လည်း မဆန့်ကျင်ဘဲ ဥပဒေဘောင်ထဲကနေပဲ ဒီမိုကရေစီမဆန်တဲ့ရလဒ်တခု ထွက်အောင် လူလည်ကျတာမျိုးပါ။ ဒီ အခန်းမှာတော့ စာရေးသူတွေက constitutional hardball ရဲ့ အဓိကပုံစံ လေးမျိုးကို တင်ပြပါတယ်။ (၁) ဥပဒေပါ ဟာကွက်တွေကို အမြတ်ထုတ်တာ၊ (၂) ဥပဒေပါ လုပ်ပိုင်ခွင့်ကို အလွန်အကျွံ သို့မဟုတ် တလွဲအသုံးပြုတာ၊ (၃) ဥပဒေထဲက မိမိနဲ့ကိုက်မယ့်ဟာလောက်ကိုသာ လိုရာသာဆွဲပြီး အသုံးပြုတာ၊ (၄) တရားစီရင်ရေး ယန္တရားတွေကို သုံးပြီး အတိုက်အခံတွေကို နှိပ်ကွပ်တာ လို့ ဆိုပါတယ်။ ဒီအတွက် အမေရိက၊ ကော့စတာ ရီကာ၊ ပီရူး၊ ထိုင်း၊ အိန္ဒိယ၊ ဟန်ဂေရီ၊ ဇမ်ဘီယာ နိုင်ငံတွေက ဖြစ်ရပ်တွေကို ဥပမာပေးပြီး အတော် ရှည်ရှည်လျားလျား ဆွေးနွေးတင်ပြထားပါတယ်။ 

စာရေးဆရာတွေ တင်ပြတဲ့အထဲ မပါပေမယ့် မြန်မာနိုင်ငံမှာလည်း constitutional hardball ကို အသုံးပြုခဲ့တာ မြင်နိုင်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်မှာ စစ်တပ်ဟာ ၂၀၀၈ အခြေခံဥပဒေထဲက ပုဒ်မတချို့ (ဥပမာ – ပုဒ်မ ၄၁၇) ကို သူတို့လိုရာဆွဲသုံးခဲ့တာ၊ သူတို့ကို ဆန့်ကျင်သူတွေကို နှိပ်ကွပ်ဖို့ ရှိရင်းစွဲ ဥပဒေတွေကို တိုက်ရိုက် သို့မဟုတ် ပြင်ဆင်၊ သူတို့ ကြိုက်သလို အနက်ဖွင့်ပြီး သုံးစွဲတာတွေ မြင်နိုင်ပါတယ်။ ဒီမိုကရေစီရဲ့ ရန်သူဟာ အာဏာသိမ်းခြင်း၊ ရွေးကောက်ပွဲမှာ မသမာမှုလုပ်ခြင်းတွေထက် ပိုပါတယ်။ ‘အခြေခံဥပဒေနှင့် အညီ’ ဆိုတဲ့ စကားကို တွင်တွင်သုံးရင်း ဒီမိုကရေစီပြိုင်ဘက်တွေကို ခြေချိုးထားတာမျိုး၊ ပြိုင်ပွဲမှာ တဦးတည်း ပန်းဝင်အောင် လုပ်တာမျိုးဟာ ပိုပြီးတော့တောင် ကြောက်စရာကောင်းတဲ့ အန္တရာယ်ပါလို့ စာရေးသူနှစ်ဦးက သတိပေးပါတယ်။ 

စာရေးသူနှစ်ဦးဟာ ဒါတွေဆွေးနွေးအပြီးမှာ စာအုပ်ရဲ့ပင်မမေးခွန်းဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ ရီပတ်ဘလစ်ကန်ပါတီဟာ ဒီမိုကရေစီကို တစတစနဲ့ ဘယ်လို ကျောခိုင်းလာခဲ့သလဲဆိုတာကို အသေးစိတ် လေ့လာဆွေးနွေးပါတယ်။ ပါတီမှာ ကောင်းမွန်တဲ့ သမိုင်းကြောင်းရှိခဲ့ပေမယ့်လည်း လူမျိုးစုံပါဝင်တဲ့ ဒီမိုကရေစီနိုင်ငံ (multiracial democracy) ကို ပုံစံအမျိုးမျိုးနဲ့ ဆန့်ကျင်တဲ့ပါတီ ဖြစ်လာခဲ့ပုံ၊ အမေရိကဟာ ရွှေ့ပြောင်းလာသူတွေ များလာတာနဲ့အမျှ လူဖြူပရိုတက်စတင့် ခရစ်ယာန်တွေ တဖြည်းဖြည်းနဲ့ အားနည်းလာခဲ့ပုံ၊ ရှေးရိုးစွဲကွန်ဆာဗေးတစ် အများအပြားဟာ သူတို့ရဲ့ ထိပ်ပိုင်းလွှမ်းမိုးမှုနေရာပျောက်မှာ ကြောက်လာခဲ့ပုံ၊ အိုဘားမား သမ္မတ ဖြစ်လာတဲ့နောက် အဲဒီစိုးရိမ်စိတ်တွေ ပိုကြီးလာပုံ၊ ထရမ့် (ပထမအကြိမ်) အာဏာ ရလာတော့ ရီပတ်ဘလစ်ကန်ပါတီဟာ ပိုပြီးတော့ ရုပ်သွင်ပြောင်း (radicalized) ပြီး ပါတီတွင်း အတိုက်အခံတွေကို ရှင်းထုတ်ခဲ့ပုံ တွေကို ဖြစ်စဉ် ဖြစ်ရပ်တွေနဲ့ရော၊ သုတေသန ကိန်းဂဏန်းတွေနဲ့ရော ဥပမာပေးပြီး တင်ပြပါတယ်။ ကျွန်တော်တို့ အပြင်လူတွေ သာမန် မသိနိုင်တဲ့ သူတို့နိုင်ငံရဲ့ သမိုင်းတွေပါပဲ။ 

ရီပတ်ဗလစ်ကန်ပါတီရဲ့ ခေါင်းဆောင်အများစုကို semi-loyal democrat တွေ အဖြစ် မြင်ရတယ်လို့ စာရေးသူနှစ်ဦးက သုံးသပ်ပါတယ်။ အဲဒီမှာ စိတ်ဝင်စားဖို့ ကောင်းတာက မြန်မာတွေနဲ့ ရင်းနှီးတဲ့ သက်တော်ရှည် ဆီးနိတ်အမတ် မစ်ချ် မက်ကွန်းနဲလ် (Mitch McConnell) အပေါ် သုံးသပ်ချက်ပါပဲ။ ၁၉၈၈ ခုနှစ်ကစလို့ မက်ကွန်းနဲလ် ဟာ မြန်မာ့အတိုက်အခံ ဒီမိုကရေစီလှုပ်ရှားသူတွေရဲ့ လေးစားရတဲ့ မိတ်ဆွေတဦးပါပဲ။ ဒါပေမဲ့လည်း စာရေးသူ နှစ်ဦးကတော့ သူ့ကို  သူတို့နိုင်ငံရဲ့ ပြည်တွင်းရေးမှာ semi-loyal democrat တဦးပဲလို့ သုံးသပ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ထရမ့်ရှုံးတုန်းက နောက်ဆက်တွဲ ပြဿနာ ရှာတာတွေနဲ့ ပတ်သက်ပြီး မက်ကွန်းနဲလ်ဟာ အစောပိုင်းမှာ ထရမ့်ကို ဝေဖန်ဆန့်ကျင်ခဲ့သူ၊ စွပ်စွဲပြစ်တင် (impeach) ဖို့ကို ထောက်ခံခဲ့သူဖြစ်ခဲ့ရာကနေ နောက်ပိုင်း ရီပတ်ဗလစ်ကန် မဲဆန္ဒရှင် အများစုဟာ ထရမ့်ကို ထောက်ခံနေတုန်းပဲ ဆိုတာ ထင်ရှားလာတဲ့ အချိန်မှာတော့ ရပ်တည်ချက် ပြန်ပြောင်းသွားခဲ့တာကို စာရေးသူနှစ်ဦးက ထောက်ပြပါတယ်။ ဒါကို စာရေးသူ နှစ်ဦးက “banality of authoritariansim” လို့ သုံးနှုန်းပါတယ်။ အာဏာရှင်ဆန်မှုဟာ စက်ဆုပ်စရာ ရာဇဝတ်မှုမဟုတ်တော့ဘဲ ပုံမှန်လုပ်ရိုးလုပ်စဉ်သဖွယ် ဖြစ်သွား (banal) ခြင်းကို ဆိုလိုတာပါ။ မက်ကွန်းနဲလ်အပါအဝင် ရီပတ်ဗလစ်ကန်ပါတီခေါင်းဆောင်ပိုင်းဟာ ဒီမိုကရေစီ စံနှုန်းတွေကို ကာကွယ်ရမယ့်အစား ပါတီသွေးစည်းညီညွတ်မှုနဲ့ ပါတီထောက်ခံမှုရရှိရေးတို့ကို ပိုဦးစားပေးလိုက်ကြပါတယ်တဲ့။

စာအုပ်ရဲ့ နောက်ဆုံးအခန်းတွေကတော့ ရှေ့ပိုင်းမှာတင်ပြခဲ့တဲ့ အမေရိကရဲ့ သူများနဲ့မတူ တမူထူးခြားတဲ့ ‘လူများစုလွှမ်းမိုးရေးကို ဆန့်ကျင်တဲ့ အင်စတီကျူးရှင်းတွေ’ (counter-majoritarian institutions) အကြောင်းကို အသေးစိတ်ရှင်းပြထားတဲ့ အပိုင်းတွေပါ။ အဲဒီမှာ ဆီးနိတ်လွှတ်တော်ဟာ ဘယ်လိုမျိုး လူနည်းစုကို အသာပေးထားသလဲ ဆိုတာတွေ ဖတ်ရင်း မြန်မာနိုင်ငံရဲ့ အမျိုးသားလွှတ်တော်နဲ့ပါ ယှဉ်တွဲစဉ်းစားမိစေပါတယ်။ ကျွန်တော်တို့ ဆီမှာလည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အရေအတွက် သတ်မှတ်ရာမှာ ဗမာကိုယ်စားပြု တိုင်း ၇ တိုင်းကို တပေါင်းတည်းပေါင်းပြီး ပြည်နယ်တွေနဲ့ တန်းတူသတ်မှတ်ဖို့ တိုင်းရင်းသားတွေက လိုလားခဲ့ကြတာ အမှတ်ရမိစေပါတယ်။ လွှတ်တော်နှစ်ရပ်ထားတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ အထက်လွှတ်တော်ကို ဖန်တီးထားပုံကိုလိုက်ပြီး ကိုယ်စားပြုအသိုင်းအဝိုင်းတွေကြား ဟန်ချက်ထိန်းတာမျိုးလည်း ဖြစ်နိုင်သလို အချိုးမညီ တဖက်စောင်းနင်းလည်း ဖြစ်စေနိုင်တယ်ဆိုတဲ့အချက်ကတော့ မမေ့သင့်တဲ့အရာပါပဲ။

စာရေးသူနှစ်ဦး တင်ပြတဲ့ သူတို့နိုင်ငံရဲ့ ဒီမိုကရေစီမှာ ပြင်ရမယ့်အရာတွေကို စိတ်ဝင်စားရင် နောက်ဆုံးအခန်းမှာ ဖတ်ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ ပိုအရေးကြီးတာက ဘယ်နိုင်ငံပဲဖြစ်ဖြစ် ဒီမိုကရေစီစနစ်တရပ်မှာ လူနည်းစုကပဲ အမြဲအုပ်ချုပ်နေနိုင်အောင်၊ မဲဆန္ဒရှင်ပြည်သူ အများစုမျက်နှာကို အစိုးရက ကြည့်ရမယ်ဆိုတဲ့ အခြေခံမူကြီးဟာ စာရွက်ပေါ်မှာသာရှိပြီ လက်တွေ့မှာ လကွယ်ညလိုဖြစ်နေအောင် အဲဒီနိုင်ငံရဲ့ အခြေခံဥပဒေက ဖန်တီးပေးထားမယ်ဆိုရင် ဒီမိုကရေစီမရှင်သန်နိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ 

နိဂုံး

The Tyranny of the Minority စာအုပ်ကို ဖတ်လိုက်ရတာဟာ အမေရိကန်လို့ ပြောလိုက်ရင် ‘ဒီမိုကရေစီဘိုးအေနိုင်ငံကြီး’ ဆိုတဲ့ စွဲနေတဲ့ပုံရိပ်ကို ဖြိုဖျက်ပစ်လိုက်တာပါပဲ။ အခြေခံဥ ပဒေအရေခြုံထားပြီး ဆောင်ရွက်တဲ့ ပါးနပ်တဲ့ အကျော်အခွတွေကြောင့် ဒီမိုကရေစီဟာ ယိုင်နဲ့ရတယ်ဆိုတာကိုလည်း ဒီ စာအုပ်က ဖော်ပြပါတယ်။ လူရည်လည် ပါးနပ်တဲ့ နိုင်ငံရေးသမားတွေက အဲဒီလိုမျိုး အသုံးချနေရင် နိုင်ငံသားတွေဟာ ချက်ချင်းမသိနိုင်ပါဘူး။ သူတို့ သိလိုက်တဲ့အချိန်ကျတော့ တိုင်းပြည်မှာ ဆုံးရှုံးမှုက အတော်လေးကြီးနေပါပြီ။ 

ဒီစာအုပ်ကနေ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေပြဿနာကြီးကိုလည်း ကောင်းကောင်း နားလည်စေနိုင်ပါတယ်။ ဒီစာအုပ်စိမ်းကြီးဟာ ဒီမိုကရေစီလမ်းပြမြေပုံကြီးလို့ ဘယ်လိုပဲဆိုဆို ဒါဟာ စစ်တပ်ကို နိုင်ငံရေးထဲကနေ လုံးဝဖယ်ထုတ်လို့မရအောင် သေချာ စဉ်းစားရေးထားတယ်။ ဒါကြောင့် ဒီအခြေခံဥပဒေဟာ လူနည်းစုတရပ် (စစ်တပ်) အတွက်သာ ရေးထားတဲ့ ဥပဒေကြီးပါပဲ။ ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေ၊ အရပ်သား အစိုးရ ဆိုတာတွေ တခုပြီးတခု လာနေဦးမှာပါပဲ။ ဒါပေမဲ့လည်း သူတို့ဟာ လူနည်းစု စိတ်တိုင်းကျ လက်ညှိုးထောင် ခေါင်းညိတ်ရတဲ့၊ လူများစုဆန္ဒကို မထင်ဟပ်တဲ့ ဆုံးဖြတ်ချက်တွေကိုသာ ချမှတ်နေရမှာ ဖြစ်ပါတယ်။

ပါမောက္ခ Levitsky နဲ့ Ziblatt တို့ရဲ့ လေ့လာစမ်းစစ်မှုနဲ့အညီပြောရရင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဟာ သာမန်မကျေလည်မှုတခုရဲ့ ရလဒ်မျှသာ မဟုတ်ဘဲ လူနည်းစု (စစ်တပ်) ကိုသာ အာဏာပေးထားတဲ့၊ ဒီမိုကရေစီနည်းကျ ယှဉ်ပြိုင်ရှုံးနိမ့်ရမှာကို ကြောက်တဲ့စိတ်ဟာ မမှားဘူးလို့ ရိုက်သွင်းပေးထားတဲ့ ၂၀၀၈ အခြေခံဥပဒေရဲ့ ပြဿနာပါပဲ။ စစ်တပ်ရဲ့ နိုင်ငံရေး၊ စီးပွားရေး အခွင့်ထူးခံနေရာ ဆုံးရှုံးရမှာကြောက်စိတ်ပါပဲ။ စာရေးသူတွေ ပြောသလိုဆိုရင် အာဏာရှင်တွေဟာ အမြဲကြံဖော်ကြံဖက်နဲ့ပါ။ သူတို့ဘေးနားမှာ ဒီမိုကရေစီအရေခြုံ နိုင်ငံရေးသမားတွေ၊ အင်အားစုတွေရှိနေပြီး သူတို့ကလည်း သူတို့အကျိုးရှိမယ်ဆိုရင် ဒီမိုကရေစီလမ်းချော်အောင်လုပ်ဖို့ အခါတော်ပေးတတ်ကြသူတွေပါ။ 

ဒီမိုကရေစီလို့ ပြောရင် ရွေးကောက်ပွဲတခုတည်းကို ကြည့်လို့မရပါဘူး။ ဒီမိုကရေစီဆိုတာဟာ အရှုံးခံနိုင်တဲ့၊ အရှုံးခံရဲတဲ့ အစိုးရတွေဖြစ်အောင် အင်စတီကျူးရှင်းတွေက ဘယ်လောက် လေ့ကျင့်ပေးထားသလဲဆိုတဲ့ မှတ်ကျောက်ဖြစ်ပါတယ်။ လူနည်းစုတရပ်ကိုပဲ ထာဝရ အာဏာအပ်နှင်းမထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက် မြေဆီလွှာမှာပဲ အပင်ပေါက်နိုင်ပါတယ်။ 

ကျွန်တော့်အတွက်ကတော့ The Tyranny of the Minority စာအုပ်ကိုဖတ်ရှုခြင်းအားဖြင့် အမေရိကကိုသာမက ကိုယ့်နိုင်ငံရဲ့ အဓိကပြဿနာတွေအထိပါ ဆက်စပ်စဉ်းစားပြီး လူနည်းစုက လူများစုကို ဗိုလ်ကျ အနိုင်ကျင့်တဲ့ဖြစ်စဉ်ကို ရပ်တန့်မှသာ အားလုံးသောပြဿနာတွေရဲ့အဖြေကို ရမယ်ဆိုတာ နားလည်သွားစေမှာ ဖြစ်တဲ့အကြောင်း စာအုပ်ဖတ်ညွှန်း ရေးသားလိုက်ရပါတယ်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Back to top button