ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ယခုလ (ဩဂုတ်) ဆန်းမှ စတင်၍ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး ထိုရောဂါဖြင့် ခြောက်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် ဒုက္ခသည်အရေး ကူညီနေသူများထံက သိရသည်။
စစ်တွေမြို့အနီး ရိုဟင်ဂျာဒုက္ခသည်စခန်းများဖြစ်သော အုန်းတောကြီးစခန်းမှ နှစ်ဦး ၊ ဆေးသမားကြီး စခန်းမှ နှစ်ဦး၊ ဘောဒူပစခန်းမှ တစ်ဦး၊ ဇောဘုဂျာစခန်းမှ တစ်ဦး ဝမ်းရောဂါပိုးကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ယခုလဆန်းမှ စတင်၍ စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများနှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါပိုး ကူးစက်မှု စတင်ဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၂၆ ရက်အထိ သေဆုံးသူ ခြောက်ဦး ရှိခဲ့သလို ကူးစက်ခံရသူ ၂၂၇ ဦးအထိ မြင့်တက်နေသည်ဟု အထက်ပါသူများထံက သိရသည်။
ဩဂုတ်လ ၂၆ ရက် တစ်ရက်တည်းမှာပင် စစ်တွေမြို့ပေါ်၌ လူနာသစ် ၁၅ ဦး ထပ်မံတွေ့ရှိရပြီး ထိုအထဲ ရိုဟင်ဂျာအများစုနေထိုင်သည့် စစ်တွေမြို့အောင်မင်္ဂလာရပ်ကွက်မှ သုံးဦးနှင့် မြို့အနီး ရိုဟင်ဂျာစခန်းများမှ နှစ်ဦးပါဝင်သည်ဟု အမည်မဖော်လိုသည့် ဒုက္ခသည်အကူအညီပေးရေးအဖွဲ့အစည်းတစ်ခုမှ ဝန်ထမ်းအမျိုးသားတစ်ဦးက ပြောသည်။
Myanmar Now က ရရှိထားသည့် အချက်အလက်များအရ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူများမှာ ရိုဟင်ဂျာဒုက္ခသည်စခန်းများနှင့် ကျေးလက်တွင် နေထိုင်ကြသူများဖြစ်ပြီး စစ်တွေမြို့ပေါ်တွင်လည်း ဝမ်းရောဂါ ဖြစ်ပွားမှုရှိကြောင်းသာ သိရပြီး အခြေအနေအသေးစိတ် မသိရပေ။
ဝမ်းပျက်ဝမ်းလျှောရောဂါပိုး ပျံ့နှံ့မှုကြောင့် ဩဂုတ်လ ၁၃ ရက်မှ စတင်၍ ရိုဟင်ဂျာဒုက္ခသည်စခန်းများနှင့် ကျေးရွာတို့ကို ခရီးသွားလာခွင့်ကန့်သတ်ထားပြီး စစ်တပ်၏ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းကာ သောက်ရေနှင့် သုံးရေတို့ကို ပိုးသတ်ဆေးခပ်ခြင်း၊ လမ်းဘေး စျေးဆိုင်များကို တစ်ခါသုံးခွက်များ အသုံးပြုရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်ဟု ဒေသခံများထံက သိရသည်။
စစ်တွေမြို့ပေါ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများနှင့် အနီးအနားကျေးရွာတို့တွင် ခရီးသွားလာခွင့် ကန့်သတ်ထားပြီး ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေသည်ဟု သက္ကယ်ပြင် ဒုက္ခသည် စခန်းတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
“အခုလောလောဆယ်တော့ ရောဂါတွေက နည်းနည်း လျော့လာတယ်။ အစိုးရဌာနဘက်က ရေတွင်းနဲ့ ရေတုံကင်မှာ ပိုးသတ်ဆေးတွေ ပေးလာပါတယ်။ အခု ကျွန်တော်တို့ တစ်ရွာကနေ တစ်ရွာကို သွားလို့ မရတာကိုက နှစ်ပတ်လောက်ရှိနေပြီ။ စစ်တွေမြို့က ဒုက္ခသည်စခန်း အားလုံးကို ပိတ်ထားတာပေါ့” ဟု ၎င်းက ဆိုသည်။
ဝမ်းပျက်ဝမ်းလျှော ရောဂါပိုးကြောင့် သေဆုံးသူများထဲတွင် အသက် ၉၀ အရွယ် အမျိုးသမီးတစ်ဦး အပါအဝင် အသက် လေးနှစ် မှ ၁၀ နှစ်အရွယ် ကလေးငယ်များ ပါဝင်သည်ဟု ဟု အဆိုပါ ရိုဟင်ဂျာ အမျိုးသားက ပြောသည်။ ထိုအချက်အလက်များနှင့်ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
“သက္ကယ်ပြင်ကျေးရွာ ဆေးရုံမှာ (အစက) လူနာ ၃၆ ယောက်ရှိပါတယ်။ အခု ၁၃ ယောက်ပဲ ရှိပါတော့တယ်။ ရောဂါ နည်းနည်း လျော့လာတာပေါ့။ အဓိကတော့ ကုန်စျေးနှုန်းတွေ အရမ်းမြင့်နေပြီး စားဝတ်နေရေးမှာ အငတ်ဘဝနဲ့ နေနေရလို့ ရောဂါဖြစ်တာပါ” ဟု ၎င်းက ဆက်ပြောသည်။
၂၀၂၂ ခုနှစ် သန်းခေါင်စာရင်းများအရ စစ်တွေမြို့အနီးတွင် ရိုဟင်ဂျာဒုက္ခသည်စခန်းပေါင်း ၁၃ ခု ရှိပြီး ခိုလှုံနေသူအရေအတွက် တစ်သိန်းကျော် ရှိသည်။ ထိုဒုက္ခသည်များမှာ ၂၀၁၂ ခုနှစ် စစ်တွေမြို့ ပဋိပက္ခတွင် ၎င်းတို့ နေထိုင်ရာနေအိမ်အဆောက်အအုံများ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် ဒုက္ခသည်စခန်းများ၌ ပြောင်းရွှေ့နေထိုင်နေရသူများဖြစ်သည်။
စစ်တွေမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါပိုး ပျံ့နှံ့နေသည်မှာသုံးပတ်နီးပါး ကြာမြင့်နေပြီဖြစ်ပြီး ယမန်နေ့မှစတင်၍ စစ်တွေမြို့ပေါ်တွင် စတင်ကူးစက်သည်၊ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် လူသေပျောက်မှု ကြားသိရသော်လည်း ရခိုင်ဒုက္ခသည်စခန်းများတွင် သေဆုံးမှုကို မသိရသေးကြောင်း စစ်တွေမြို့အခြေစိုက် ဆရာဝန်တစ်ဦးကလည်း ပြောသည်။
“တချို့နေရာတွေမှာက Lockdown ချထားတာရှိတယ်။ စစ်တွေမြို့ပေါ်မှာလည်း မနေ့ကစပြီးတော့ စတွေ့တဲ့သဘောပေါ့။ မြို့တွင်းမှာတော့ စဖြစ်နေတယ်။ (စားသောက်) ဆိုင်တွေမှာဆိုလည်း Take Away ပဲ ယူခိုင်းတယ်။ ဆိုင်မှာ ရောင်းတာတွေ မရှိဘူးလို့တော့ သိရတယ်”
စီးပွားရေးမြို့တော် ရန်ကုန်တွင်လည်း ဝမ်းလျှောရောဂါများ ဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအတွင်း လူနာ ၂၀၀ နီးပါး ရှိခဲ့ပြီး ဆေးရုံဆေးခန်းများတွင် လူနာအများအပြား ရောက်ရှိခဲ့ကြသည်။
စစ်အစိုးရ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထိုအခြေအနေနှင့်ပတ်သက်၍ ရန်ကုန်မြို့၌ ဩဂုတ်လ ၉ ရက်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ လူနာများ စတင်တွေ့ရှိခဲ့ပြီး ဩဂုတ်လ ၁၂ ရက် အထိ ရန်ကုန်ဆေးရုံကြီးသို့ လူနာ ၁၈၂ ဦး ရောက်ရှိလာပြီး အရေးပေါ် ကုသခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖြစ်ပွားသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ စစ်တပ်၏ ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း တယ်လီဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။



