ငြိမ်းချမ်းရေး ဦးစားပေးလုပ်ဆောင်မည်ဟု ကြွေးကြော်ပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံရေးဆက်တိုက်လုပ်ဆောင်နေသော စစ်တပ်သည် ချင်းပြည်ကောင်စီ (Chinland Council) ကို ချဉ်းကပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးက ပြောသည်။
ချင်းပြည်ကောင်စီကို သက်တမ်းရင့်ချင်းလက်နက်ကိုင်အဖွဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်က ဦးဆောင်ပြီး မြို့နယ်နှင့်ဒေသအလိုက်ဖွဲ့ထားသည့် ချင်းတော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ဖြင့် စုဖွဲ့ထားသည်။ ထိုတပ်ပေါင်းစုသည် အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့နှင့် ပြည်နယ်မြောက်ပိုင်းရှိ ကျေးလက်ဒေသအများစုကို ထိန်းချုပ်ထားသည်။
ယနေ့ ဩဂုတ်လ ၂၈ ရက် နေ့လယ်ပိုင်းက ပြုလုပ်သော ချင်းပြည်ကောင်စီ နှစ်နှစ်ခွဲတာကာလအတွင်း လုပ်ဆောင်ချက်များဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီက ချင်းပြည်ကောင်စီကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ဆိုင်ရာ အခြေအနေနှင့်ပတ်သက်၍ ချင်းပြည်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ရွှေခါး (Sui Khar) ကပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီဘက်မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့ထိလွှတ်၍ တတိယအုပ်စု (Third Party) မှတဆင့်ချဉ်းကပ်ခဲ့ကြောင်း ပြောသော်လည်း မည်သည့်ကာလတွင်လုပ်ဆောင်ခဲ့ကြောင်း အပါအဝင် အသေးစိတ်အချက်လက်များကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
“ အိုက်ဇောထိ လူလွှတ်ပြီးတော့ Third Party သက်ဆိုင်ရာကနေတဆင့် ချဉ်းကပ်တာမျိုးတော့ရှိတယ်”ဟု နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးကပြောသည်။
စစ်တပ်ဘက်ကချဉ်းကပ်လာမှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ ထပ်မံသိရှိနိုင်ရန် ချင်းပြည်ကောင်စီကို အီးမေးလ်ဖြင့်ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ညနေပိုင်းအထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ ချင်းပြည်ကောင်စီအနေဖြင့် တော်လှန်ရေးအဖွဲ့များ၊ တိုင်းရင်းသားတပ်များ ပူးပေါင်းထားသည့် မဟာမိတ်အဖွဲ့ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) မူအတိုင်းကိုင်စွဲထားကြောင်း ဒေါက်တာရွှေခါး ကပြောသည်။
“SCEF ကနေ Dialogue (တွေ့ဆုံဆွေးနွေးရေး) နဲ့ပတ်သက်ပြီးတော့ သူ့ရဲ့ပေါ်လစီပေပါ(မူဝါဒ) ထုတ်ပြီးသား ရှိပါတယ်။ အဲ့ဒါကိုပဲ အဓိကအားဖြင့်တော့ အဲ့ဒီပေါ်မှာပဲ ရပ်တည်ပါတယ်။ အခု မင်းအောင်လှိုင် ငြိမ်းချမ်းရေး ခေါ်နေတာက ငြိမ်းချမ်းရေးမှမဟုတ်တာ။ တကယ့်ငြိမ်းချမ်းရေးလိုချင်ရင်တော့ ကျယ်ကျယ်ပြန့်ပြန်နဲ့ inclusive နဲ့ ခေါ်သင့်တာပေါ့။ EAO ကိုပဲခေါ်ပြီးတော့ ကျန်တဲ့သူကိုမခေါ်ဘူးဆိုတဲ့ ပုံစံမျိုးက မဖြစ်သင့်ဘူး။ အဲ့ဒါကြောင့် SCEF ရဲ့ ပေါ်လစီကိုပဲ ကျွန်တော်တို့ဘက်ကတော့ ခိုင်ခိုင်မာမာရပ်တည်ပေးတယ်”ဟု ဒေါက်တာရွှေခါးက ဆိုသည်။
ချင်းပြည်ကောင်စီ၏ ဦးဆောင်အဖွဲ့ဖြစ်သော ချင်းအမျိုးသားတပ်ဦး (CNF) သည် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) အဖွဲ့ဝင်လည်းဖြစ်သည်။ SCEF ကို တိုင်းရင်းသားတော်လှန်ရေးအင်အားစုများဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ ကရင် အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ဖြင့် ယခုနှစ်ဆန်းပိုင်းတွင် ဖွဲ့စည်းထားသည်။
စစ်တပ်လွှမ်းမိုးမှု၊ အာဏာရှင်စနစ်နှင့် အရင်းခံနိုင်ငံရေးအကျပ်အတည်းတို့ကို ချန်လှပ်ပြီး အကြမ်းဖက်မှုကို လျှော့ချရုံသာရည်ရွယ်သည့် တွေ့ဆုံဆွေးနွေးမှုသည် ရေရှည်တည်တံ့နိုင်မည်မဟုတ်ကြောင်း SCEF က ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်တပ်ကြိုးကိုင်သော ရွေးကောက်ပွဲအလွန် သမ္မတရာထူးရယူထားသည့် စစ်ခေါင်းဆောင်သည် ငြိမ်းချမ်းရေးဦးစားပေးဆောင်ရွက်မည်ဟု ကြွေးကြော်ထားပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် တစ်ဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးမှုများလုပ်နေသည်။
နွေဦးတော်လှန်ရေးတွင်ပေါ်ပေါက်လာသော ချင်းလက်နက်ကိုင်တပ်ဖွဲ့သစ်တစ်ခုဖြစ်သည့် ချင်းအမျိုး သားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) နှင့်အပစ်ရပ်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဇူလိုင်လကုန်ပိုင်းတွင် စစ်တပ်က ထုတ်ဖော်ပြောကြားထားသည်။
CNDF အဖွဲ့ကမူ ယင်းတွေ့ဆုံဆွေးနွေးမှုမှာ အဖွဲ့အစည်း၏သဘောတူညီချက်မပါဘဲ တွေ့ဆုံမှုဖြစ်သည့် အတွက်တာဝန်ရှိသည့် ဥက္ကဋ္ဌကို ရာထူးမှထုတ်ပယ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ချင်းတော်လှန်ရေး အင်အားစုများနှင့် စုဖွဲ့ထားသော ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် CNDF သည် မဟာမိတ်တော်လှန်ရေး အင်အားစုများ၏ သဘောထားနှင့် စုပေါင်းဆုံးဖြတ်ချက်မပါဝင်ဘဲ စစ်တပ်နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ နိုင်ငံရေးဆွေးနွေးခြင်းတို့ လုပ်ဆောင်မည်မဟုတ်ဟု ဆိုသည်။
အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံအနောက်ပိုင်း ချင်းပြည်နယ်တောင်ပိုင်း မတူပီ၊ ကန်ပက်လက်၊ မင်းတပ်တို့ကို ချင်းညီနောင်အဖွဲ့က ထိန်းချုပ်ထားပြီး ၎င်းတို့၏ မဟာမိတ် အာရက္ခ တပ်တော် (အေအေ) က ပလက်ဝကိုထိန်းချုပ်ထားသည်။
တော်လှန်ရေးအင်အားစုများက ချင်းပြည်နယ်၏ ၈၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစ၍ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ရာ ယခုနှစ် ပထမနှစ်ဝက်အတွင်း ချင်းပြည်မြောက်ပိုင်းရှိ ဖလမ်း၊ တွန်းဇံ၊ ထန်တလန်တို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
တပြိုင်တည်းတွင်ပင် ချင်းပြည်နယ် တောင်ပိုင်း နယ်မြေများကိုပြန်ရရေးအတွက် စစ်တပ်က မေလလယ်ပိုင်းမှစ၍ အင်အားထောင်ချီပါဝင်သော စစ်ကြောင်းဖြင့် မကွေးတိုင်းဘက်မှတဆင့် ထိုးဖောက်စစ်ဆင်နေသည်။ မြေပြင်စစ်ရေးဖိအားပေးနေရုံသာမက အရပ်သားပစ်မှတ်များကိုလည်း လေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်နေဆဲဖြစ်သည်။
တိုက်ပွဲများမရှိသည့် အာရက္ခတပ်တော် ထိန်းချုပ်ထားရာ ပလက်ဝမြို့နယ် စိမ်းညှင်းဝရွာကိုလည်း ပြီးခဲ့သည့်ရက်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျေးရွာထဲရှိဘုန်းကြီးကျောင်း၊ သိမ်နှင့်ဓမ္မာရုံ အနီးကျ ရောက်ပေါက်ကွဲပြီး ကလေးငယ်များအပါအဝင် ဒေသခံ ငါးဦးထက်မနည်း သေဆုံးပြီး တစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တွေ့ဆုံဆွေးနွေးရန် စစ်တပ်၏ ချဉ်းကပ်မှုနှင့်ပတ်သက်၍ စစ်တပ် ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ် စံညိုဝင်းကို Myanmar Now က ဆက်သွယ်သော်လည်း မရခဲ့ပါ။



