အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရှမ်းပြည်နယ်တွင် ၁ လအတွင်း ကျားဖြန့်နှင့် ဆက်စပ်သည့် တရုတ် ၄၀၀ နီးပါး ဖမ်းမိ

စစ်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ လှုပ်ရှားသည့်နယ်မြေ ခြောက်မြို့ထက်မနည်းတွင် ကျားဖြန့်လုပ်သူ တရုတ်နိုင်ငံသား ၄၀၀ နီးပါး ဖမ်းမိခဲ့သည်။

စစ်တပ်နှင့် ပြည်သူ့စစ်များ ထိန်းချုပ်သည့် ရှမ်းပြည်နယ် ခြောက်မြို့ထက်မနည်းတွင် ယခုလအတွင်း အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နှင့် ဆက်စပ်သည့် တရုတ်နိုင်ငံသား ၄၀၀ နီးပါး  ဖမ်းဆီးရမိခဲ့ကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာ- တရုတ်နယ်စပ် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့၊ မိုင်းရယ်မြို့တို့အပြင် ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့၊ နမ့်စန်မြို့နှင့် မြန်မာ- ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းတုံမြို့တို့တွင် အများဆုံးဖမ်းဆီးရမိခဲ့သည်ပြီး စုစုပေါင်း ၃၉၄ ဦး ရှိသည်ကို တွေ့ရသည်။

ရာဇဝတ်မှုများဖြင့် နာမည်ကျော်သည့် တရုတ်နယ်စပ် မူဆယ်မြို့တွင် ကောင်းမှုတုံရပ်ကွက် နေအိမ် တစ်လုံးကို ယမန်နေ့(ဩဂုတ်လ၂၇ ရက်) က စစ်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့  ဝင်ရောက်စီးနင်းခဲ့ရာ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၈ ဦး၊ မြန်မာနိုင်ငံသား ၁၃ ဦး၊ စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့သည်။

မူဆယ်မြို့ပေါ်ရပ်ကွက်များ၌ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သည့် နေရာ သုံးခုထက်မနည်းကို ယခုလအတွင်း ဝင်ရောက်ဖမ်းဆီးမှု ဖြစ်ပွားခဲ့ရာ ဩဂုတ်လ ၂၈ ရက်အထိ စုစုပေါင်း တရုတ်နိုင်ငံသား ၈၀ ဦးနှင့် မြန်မာနိုင်ငံသား ၃၀ ကျော် ဖမ်းဆီးရမိထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယခုကဲ့သို့ မကြာခဏ ဖမ်းဆီးမှုပြမှုများ ရှိနေသော်လည်း စစ်တပ်ဩဇာခံပြည်သူ့စစ်များ အထောက်အပံ့ဖြင့် မူဆယ်မြို့ပေါ်တွင် ထိုအွန်လိုင်းငွေလိမ်ဂိုဏ်းများ ဆက်လက်အခြေစိုက်နေဆဲဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

“သတင်းရတဲ့နေရာပဲ ဝင်ဖမ်းတာပါ။ မြို့ပေါ်မှာ ကျားဖြန့်တွေရှိနေတာ မနည်းဘူး၊ အကုန်မဖမ်းနိုင်ပါဘူး။ တချို့တိုက်တွေဆို ပြည်သူ့စစ်တွေကပဲ လုံခြုံရေးလုပ်ပေးနေတာ” ဟု မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မူဆယ်မြို့ပေါ် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများသည် ယခင်က ဟိုတယ်နှင့် အထင်ကရ အဆောက်အအုံ များတွင် အခြေချလေ့ရှိသော်လည်း  စစ်တပ်ဘက်က ဖမ်းဆီးမှုများပြားလာပြီးနောက် လုံးချင်းတိုက်များ သီးသန့်ငှားရမ်း၍ လုပ်ကိုင်လာကြသည်ဟု မြို့ခံများထံက သိရသည်။

“အရင်လို ဟိုတယ်တွေမှာ မဟုတ်တော့ဘူး။ လုံးချင်းတိုက်ကို သိန်းရာချီပေးပြီး ငှားနေကြတာ။ ရပ်ကွက်ကလူတွေက သိတာပေါ့။ မျက်နှာစိမ်း တရုတ်တွေ အုပ်စုလိုက် ရောက်လာပြီ၊ ညဘက် အော်ဟစ်နေပြီဆိုရင် ဒါ ကျားဖြန့်ပဲ” ဟု မူဆယ်မြို့ခံ နောက်တစ်ဦးက ပြောသည်။

မူဆယ်မြို့မှာပင် မေလအတွင်း စွမ်စော်ရပ်ကွက်၌ အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ငါးဦးနှင့် မြန်မာနိုင်ငံသား ၂၈ ဦး၊ ဇွန်လအတွင်း ကောင်းမှုလွယ်ရပ်ကွက်တွင် တရုတ်နိုင်ငံသား ၁၇ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၇၁ ဦးတို့အား ဖမ်းဆီးရမိခဲ့သေးသည်။

ယခုနှစ် ဇွန်လ ၁၃ ရက်က တွေ့ရသော မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်ရှိ နေအိမ်တစ်လုံး အတွင်းမှ အွန်လိုင်းလိမ်လည်လုပ်ငန်းတစ်ခု။ (ဓာတ်ပုံ- စစ်တပ်ထိန်းချုပ် MOI)

အလားတူ ဧပြီလအတွင်း မူဆယ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် တော်ရွက်နှင့် ဟိုမွန်ရပ်ကွက်အတွင်း ကျားဖြန့်လုပ်သူ တရုတ်နှစ်ဦး၊ တရားမဝင် နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား ၂၆ ဦးတို့ကို ဖမ်းမိကြောင်း စစ်တပ်ဘက်က ထုတ်ပြန်ထားသည်။ 

ထို့အပြင် စစ်တပ် အုပ်ချုပ်ရေး စိုးမိုးမှုအပြည့်အဝရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ စစ်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များ အခြေစိုက်သည့် နမ့်စန်နှင့် လဲချားမြို့များ၌ ယခုလ ၄ ရက်နှင့် ၁၀ ရက်တို့တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့် ဆက်စပ်သည့် တရုတ်နိုင်ငံသား ၇၇ ဦး ဖမ်းဆီးရမိခဲ့သည်။

အလားတူ စစ်တပ်၏ တြိဂံဒေသတိုင်းအခြေစိုက်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နှင့် ကျိုင်းတုံ မြို့တို့တွင်လည်း ယခုလအတွင်း ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၁၉၇ ဦးအထိ ရှိခဲ့သည်။

ရှမ်းပြည် အရှေ့ပိုင်းနှင့် တောင်ပိုင်းသို့ရောက်လာည့် တရုတ်နိုင်ငံသားများသည် ထိုင်းနှင့် တရုတ်နယ်စပ် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှတဆင့် ရှမ်းပြည်နယ်အတွင်း ရောက်ရှိလာခြင်းဖြစ်သည်ဟု အွန်လိုင်း ငွေလိမ်လုပ်ငန်းများအကြောင်းသိရှိသည့် ရှမ်းပြည်တောင်ပိုင်းဒေသခံများထံမှ သိရသည်။

“‘ဝ’ တပ်ဖွဲ့ဘက်မှာလည်း အဖမ်းအဆီးရှိတယ်။ တာချီလိတ်ဘက်မှာလည်း ဖမ်းတော့ အဲဒီတရုတ်တွေ အတွင်းထဲကို ရောက်လာတာ။ နမ့်စန်မှာဆို တောထဲမှာ လာနေတာ အများကြီးပဲ။ တချို့ဖမ်းမိတာလည်း ရှိတယ်။ ထွက်ပြေးသွားတာလည်း ရှိတယ်” ဟု ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ခံတစ်ဦးက ဆိုသည်။

ယခုနှစ်ဆန်းပိုင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်း လဲချား၊ မိုင်းပန်၊ ကွန်ဟိန်း မြို့နယ်တို့အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့် ဆက်စပ်သည့် တရုတ်နိုင်ငံသား ၁၀၀ ကျော် အပါအဝင် စုစုပေါင်း လူဦးရေ ၁၅၀ ကျော်ကို စစ်တပ်က ဖမ်းဆီးခဲ့သေးသည်။

စစ်တပ်နည်းတူ ရှမ်းပြည်နယ်အတွင်းရှိ “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ကလည်း ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ဆက်စပ်သူများကို ဖမ်းဆီးကာ တရုတ်အစိုးရထံ ပြန်လည်လွှဲပြောင်းပေးလျက်ရှိသည်။

ယခုလ ၁၈ ရက်နေ့က MNDAA ထိန်းချုပ်သည့် လောက်ကိုင်မြို့အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းတစ်ခုမှ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကို တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့သည်ဟု MNDAA နှင့် နီးစပ်သူများ ထံမှသိရသည်။

UWSA “ဝ” တပ်ဖွဲ့ကလည်း ယခုလအတွင်း တရုတ်နိုင်ငံသား ၂၅၀ ကျော်ကို နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း UWSA ရဲတပ်ဖွဲ့၏ တရုတ်ဘာသာဖြင့် ထုတ်ပြန်ချက်များအရ သိရသည်။

ရှမ်းပြည်အတွင်း ပြန့်ကြဲသွားသည့် ကျားဖြန့်

တရုတ်နယ်စပ်အနီး UWSA ထိန်းချုပ်ဒေသများနှင့် ကိုးကန့်ဒေသတို့တွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှစ၍ အွန်လိုင်းငွေလိမ်လုပ်ငန်းများ ပိုမိုကျယ်ပြန့်လာခဲ့သည်။

၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် တရုတ်အစိုးရက တရုတ်- မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို စတင်နှိမ်နင်းခဲ့ရာ ကိုးကန့်ဒေသရှိ ကျားဖြန့် လုပ်ငန်းနှင့်ဆက်စပ်သည့် စစ်တပ်လက်အောက်ခံ လောက်ကိုင်ဒေသ ဦးစီးအဖွဲ့နှင့် ၎င်းတို့၏ မိသားစုဝင်များကိုပါ ဖမ်းဆီးခဲ့သည်။

ထို့အပြင် တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် UWSA ထိန်းချုပ်သည့် မိုင်းပေါက်၊ ပန်ဆန်း အပါအဝင် နယ်မြေအသီးသီးမှ အွန်လိုင်းငွေလိမ် လုပ်ငန်းများအား“ဝ”တပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး  ဆက်စပ်သူ တရုတ်နိုင်ငံသား ၁,၀၀၀ ကျော်ကို တရုတ်အစိုးရထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

ထိုသို့ဖမ်းဆီးစဉ် ငွေလိမ်ဂိုဏ်းတွင်ပါဝင်သည့် တရုတ်နိုင်ငံသား အများအပြားမှာ ရှမ်းမြောက်ဒေသနှင့် ရှမ်းပြည်တောင်ပိုင်းဒေသသို့  ထွက်ပြေး တိမ်းရှောင်သွားကြသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် သမ္မတရာထူးရယူပြီးနောက် ရက် ၁၀၀ ပြည့်မိန့်ခွန်းတွင် မြန်မာနိုင်ငံအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ဆက်လက်တိုက်ဖျက်မည်ဟု ဆိုထားသည်။

စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကလည်း ယခုလ ၂၅ ရက်တွင် ပြုလုပ်သည့် “နိုင်ငံ ဖြတ်ကျော်ရာဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှု တားဆီး၊ ကာကွယ်၊ တိုက်ဖျက်ရေးဆိုင်ရာ” အသိပညာပေး ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်ပတ်သက်သည့် နိုင်ငံ ပေါင်း ၅၀ ကျော်မှ နိုင်ငံခြားသား ၇၂,၀၀၀ ကျော်ကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ကြောင်း ပြောဆိုထား သည်။

သို့သော်လည်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များ ထိန်းချုပ်စိုးမိုးရာ ကရင်ပြည်နယ် မြဝတီမြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်အချို့တွင် အွန်လိုင်းငွေလိမ် လုပ်ငန်းများ ဆက်တည်ရှိနေဆဲဖြစ်ကြောင်း စစ်တပ်ထုတ်ပြန်ချက်နှင့် ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles