တရုတ်နှင့် မြန်မာနိုင်ငံအကြား အကြီးဆုံးကုန်သွယ်ရေးစခန်းရှိသည့် မူဆယ်နယ်စပ်တွင် ဩဂုတ်လဆန်းပိုင်းမှစတင်၍ တရုတ်ကုန်စည်များ သယ်ယူခွင့်ကို စစ်တပ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက တင်းတင်းကျပ်ကျပ် ဖမ်းဆီးစစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေသည်ဟု မူဆယ်အခြေစိုက် ကုန်သည်များနှင့် ယာဉ်မောင်းများထံက သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်သည့် တရုတ်နယ်စပ်မြို့များမှ ဝင်ရောက်လာသည့် လူသုံးကုန်၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးနှင့် စက်မှုကုန်ပစ္စည်းများ၊ ဆေးဝါး၊ စက်သုံးဆီ၊ လိုင်စင်မဲ့ယာဉ်များအပြင် ပြည်တွင်းရှိ သစ်တောထွက်ပစ္စည်းနှင့် ဓာတ်သတ္တုပစ္စည်းများကို တရားမဝင်ကုန်စည်များအဖြစ် စစ်အစိုးရက သတ်မှတ်ထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် ထိုစဉ်က ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် တရားမဝင်ကုန်သွယ်မှု ပပျောက်ရေး ဦးဆောင်ကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။
အဆိုပါကော်မတီ၏ အောက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့များကို ဖွဲ့စည်းခဲ့ပြီး အကောက်ခွန် ဦးစီးဌာနက ဦးဆောင်၍ သက်ဆိုင်ရာဌာနများနှင့် လုံခြုံရေးအဖွဲ့များ ပူးပေါင်စစ်ဆေးဖမ်းဆီးသည့်စနစ်ကို အသုံးပြုခဲ့သည်။
ဦးမင်းအောင်လှိုင် သမ္မတရာထူးရယူပြီးနောက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ် ဒုသမ္မတ ဦးညိုစောက ဆက်လက် တာဝန်ယူထားသည်။
ထို့နောက် ၂၀၂၆ ခုနှစ် ဧပြီလမှ စတင်သည့် ရက် ၁၀၀ စီမံကိန်းတွင် တရုတ်နှင့် ထိုင်းနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်သည့် ဒေသများမှ လာသည့် ကုန်စည်များကို တရားမဝင်ကုန်စည်အဖြစ် သတ်မှတ်ကာ ဆက်လက်ဖမ်းဆီးနေသည်။
အစောပိုင်းက ယခုလောက် မတင်းကျပ်သော်လည်း ဩဂုတ်လဆန်းပိုင်းမှစတင်၍ မူဆယ်မြို့မှ လားရှိုးနှင့် နမ့်ခမ်းမြို့များသို့ ထွက်ခွာသည့် လမ်းကြောင်းများရှိ စစ်တပ်စစ်ဆေးရေး ဂိတ်များတွင် တရုတ်ကုန်စည်များ သယ်ယူခွင့်ကို လုံးဝပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု ကုန်သည်များက ပြောသည်။
“အရင်က နားလည်မှုနဲ့ နည်းနည်းပါးပါး ရသေးတယ်။ အခုက လုံးဝပေးမသယ်တော့တာ။ မူဆယ်အထွက်ကနေ တရုတ်ပစ္စည်းတွေဆို အကုန်ပိတ်ထားတယ်” ဟု မူဆယ်မြို့ခံ ကုန်သည်အမျိုးသားတစ်ဦးက ပြောသည်။
စစ်တပ်ထိန်းချုပ်ထားသည့် မူဆယ်မြို့တွင် နန်းတော်ဂိတ်၊ မန့်ဝိန်းဂိတ်နှင့် ဆင်ဖြူဂိတ် စသည့် နယ်စပ်ဂိတ် သုံးခုရှိရာမန့်ဝိန်းဂိတ်မှာ နှစ်နိုင်ငံအကြား ကုန်ကားများ ကုန်ဖလှယ်မှုအတွက် အဓိက အသုံးပြုသည့် နေရာဖြစ်ပြီး ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ်များမှာ တပိုင်တနိုင် ကုန်သယ်ယူမှုနှင့် လူဝင်လူထွက်အတွက်သာ အသုံးပြုကြသည်။
တရုတ်အစိုးရဘက်က လက်နက်နှင့် မူးယစ်ဆေးဝါးမှအပ တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများကို နယ်စပ်ဂိတ်မှတဆင့် သယ်ယူခွင့်ပြုထားသည်ဟု တရုတ်နိုင်ငံ ရွှေလီမြို့ရှိ မြန်မာကုန်သည်များ၏ ပြောကြားချက်အရ သိရသည်။
သို့သော် မြန်မာဘက်သို့ ဝင်ရောက်လာသည့် တရုတ်နိုင်ငံထုတ် စားသောက်ကုန်များ၊ အထည်အလိပ်များ၊ လူသုံးကုန်များနှင့် စက်ပစ္စည်းများကို မူဆယ် မြို့အတွင်းရှိ စစ်တပ်လက်အောက်ခံ အကောက်ခွန်ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့များပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ယခင်ထက် ပိုမိုတင်းကျပ်စွာ စစ်ဆေးနေသည်ဟု ဒေသအခြေစိုက် ကုန်သည်များက ပြောသည်။
“မြန်မာဘက်ကို ဝင်မယ်ဆို ဆင်ဖြူဂိတ်မှာ ဌာနဆိုင်ရာအဖွဲ့စုံ ၁၀ ဖွဲ့ကျော်ရှိ တယ်။ သယ်လာတဲ့ပစ္စည်းကို ပြပြီးမှ အိမ်သုံးဆိုမှပဲ သယ်လို့ရတော့တာ။ များရင် မပေးတော့ဘူး။ အိမ်သုံးတောင် ရစ်ချင်ရင် ရစ်နေတာ” ဟု မူဆယ်မြို့အခြေစိုက် ကုန်သည်တစ်ဦးက ပြောသည်။
ထိုသို့အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ရသည့် ကုန်ပစ္စည်းများကိုလည်း မူဆယ်မြို့အတွင်း၌သာ အသုံးပြုရမည်ဖြစ်ပြီး အခြားမြို့များသို့ သယ်ဆောင်ခွင့်ကိုလည်း ယခင်ထက် ပိုမိုတင်းကျပ်စွာ ပိတ်ပင်ထားသည်ဟု မူဆယ်- မန္တလေး ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။
“ကုန်သည်တွေကတော့ တရုတ်ကနေ ရသလောက်ထုတ်ပေးတာပေါ့။ ဒါပေမဲ့ မရပါဘူး။ မြို့အထွက်မှာ စောင့်ပြီးတော့ကို စစ်နေတာ။ ပန်းသီးတစ်ဖာ၊ ဖိနပ်တစ်ရံတောင် မရဘူး။ တရုတ်စာပါရင်ကို မရတာ” ဟု အဆိုပါ ကုန်တင်ယာဉ်မောင်းက ပြောသည်။
စစ်တပ်၏ ဖမ်းဆီးမှုများကြောင့် ကုန်သည်အများစုမှာ ရှောင်ကွင်းလမ်းများကို အသုံးပြုကြသော်လည်း စစ်တပ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ရှောင်ကွင်းလမ်းများအထိ တင်းကျပ်စွာ စစ်ဆေးဖမ်းဆီးနေသည်ဟု ယာဉ်မောင်းများက ပြောသည်။
ထိုသို့ စစ်ဆေးဖမ်းဆီးမှုများ တင်းကျပ်လာခြင်းကြောင့် ကုန်သည်အများစုမှာ မူဆယ် ၁၀၅ မိုင်နှင့် ရှစ်မိုင်ခန့်အကွာ ညီနောင်သုံးဖွဲ့ ထိန်းချုပ်ထားသည့် ကျင်စန်းကျော့နယ်စပ်ဂိတ်ကို ပြောင်းလဲအသုံးပြုလာကြသည်။

“မူဆယ်က အဝင်အထွက်ကျပ်တော့ အကုန်လုံးက ကျင်စန်းကျော့ဘက် ရောက်လာတာပေါ့။ ဒီဘက်မှာက တရုတ်က ပစ္စည်းသယ်တာဖြစ်ဖြစ်၊ တရုတ်ကို သွင်းတာဖြစ်ဖြစ် ညီနောင်သုံးဖွဲ့ကို အခွန်ဆောင်လိုက်ရင် ပြီးပြီ။ ဘာအဖမ်းအဆီးမှ မရှိဘူး” ဟု ၁၀၅ မိုင်အခြေစိုက် ကုန်သည်တစ်ဦးက ပြောသည်။
ကုန်သည်အချို့မှာမူ ကိုးကန့်ဒေသ ချင်းရွှေဟော် နယ်စပ်ဂိတ်မှတဆင့် ကုန်သွယ်မှုပြုကြသည်ဟု သိရသည်။
သို့သော် ချင်းရွှေဟော်နှင့် ကျင်စန်းကျော့နယ်စပ်ဂိတ်များ မှတဆင့် ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများမှာ ရှမ်းမြောက်ဒေသအတွင်းမှာသာ အသုံးပြုနိုင်ပြီး စစ်တပ်ထိန်းချုပ်သည့် မြို့များသို့ ဖြတ်ကျော် သယ်ဆောင်၍ မရဟု ကုန်သည်များက ပြောသည်။
မူဆယ်- လားရှိုး ကုန်သွယ်ရေးလမ်းကြောင်းတွင်လည်း ပိုမိုတင်းကျပ်
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းမြောက်ဒေသရှိ တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် ကိုးကန့်ဒေသရှိ ချင်းရွှေဟော်နှင့် လောက်ကိုင် မြို့တို့ကို MNDAA တပ်ဖွဲ့က ထိန်းချုပ်ထားသည်မှာ လာမည့် ဩဂုတ်လတွင် သုံးနှစ် ပြည့်မည်ဖြစ်သည်။
ထို့အပြင် မူဆယ် ၁၀၅ မိုင်မှ မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ သီပေါမြို့အစပ်နှင့် မိုင်းရယ်မြို့အစပ်အထိ အဓိကကုန်သွယ်ရေး လမ်းကြောင်းများကို MNDAA တပ်ဖွဲ့က အဓိကထိန်းချုပ်ထားသည်။

တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် လားရှိုးမြို့ပေါ်ရှိ ရပ်ကွက် ၁၂ ခုကို စစ်တပ်က ထိန်းချုပ်ခွင့်ရထားသည်ဟု ဆိုသော်လည်း ကုန်သွယ်ရေးအတွက် အရေးပါသည့် လားရှိုးမြို့ရှောင်လမ်းကိုမူ MNDAA တပ်ဖွဲ့က ထိန်းချုပ်ထားသည်။
စစ်တပ်ထိန်းချုပ်သည့် လားရှိုးမြို့ပေါ်တွင်လည်း မြို့အဝင်အထွက်ဂိတ် သုံးခုမှ တဆင့် တရုတ်ကုန်စည်များ မြို့တွင်းသို့ ဝင်ရောက်မလာစေရန် စစ်တပ်က ဌာနဆိုင်ရာအဖွဲ့စုံဖြင့် တင်းကျပ်စွာ စစ်ဆေးနေသည်ဟု လားရှိုးမြို့အခြေစိုက် ကုန်သည်များက ပြောသည်။
“တရုတ်ကုန်တွေ မြို့ထဲပေးမဝင်တော့ ကုန်သည်တွေက မြို့အပြင်မှာပဲ ဂိုဒေါင်တွေငှားပြီး ပစ္စည်းတွေထားနေရတာ။ တခြားမြို့တွေ၊ နေရာတွေလည်း အဲဒီကနေပဲ ပို့နေရတယ်။ မြို့ထဲကဆိုင်တွေမှာက ပစ္စည်းသိပ်မထားရဲဘူး။ ဝင်ဝင်ပြီးဖမ်းနေလို့” ဟု လားရှိုးမြို့ခံ ကုန်သည်တစ်ဦးက ပြောသည်။
စစ်တပ်သည် ညီနောင်သုံးဖွဲ့ ထိန်းချုပ်ရာ တရုတ်နယ်စပ်မှတဆင့် ဝင်ရောက်လာသည့် တရုတ်ကုန်စည်များကို လားရှိုးမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ သီပေါမြို့၊ နမ့်လန်မြို့နှင့် မိုင်းရယ်မြို့တို့တွင် စောင့်ဆိုင်းဖမ်းဆီးနေသည်ဟု သိရသည်။
အဆိုပါမြို့တို့ကို တိမ်းရှောင်၍ ကွင်းလမ်းများမှတဆင့် မန္တလေးနှင့် တောင်ကြီးဘက်သို့ သွားသည့် ကုန်တင်ယာဉ်များကိုလည်း ပြင်ဦးလွင်အဝင် စစ်ဆေးရေးဂိတ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်စစ်ဆေးရေးဂိတ်များတွင် စောင့်ဆိုင်းဖမ်းဆီးနေသည်ဟု သိရသည်။
အခွန်ဆောင်ထားကြောင်း အထောက်အထား မပြနိုင်သည့် တရုတ်နိုင်ငံထုတ် စားသောက်ကုန်များ၊ လျှပ်စစ်ပစ္စည်းများ၊ အထည်အလိပ်များနှင့် စက်ပစ္စည်းများကို ကျေးသီး၊ ကလော၊ မိုင်းပန်၊ ပင်လုံနှင့် ဟိုပုံး စသည့် စစ်ဆေးရေးဂိတ်များတွင် ဩဂုတ်တစ်လလုံး နေ့စဉ်နီးပါး ဖမ်းဆီးရမိကြောင်း စစ်တပ်ထောက်ခံသည့် မီဒီယာများက ဖော်ပြထားသည်။
တရုတ်ကုန်စည်များ သယ်ဆောင်လာသည့် ယာဉ်မောင်းများကို ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့် ပို့ကုန်သွင်းကုန်ဥပဒေ၊ ထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်နိုင်သည့် အကောက်ခွန်ဥပဒေများဖြင့် အမှုဖွင့်အရေးယူပြီး အသုံးပြုသည့် ယာဉ်များကိုပါ သိမ်းဆည်းနေသည်ဟု ယာဉ်မောင်းအချို့က ပြော သည်။
ယခုလအတွင်း ထိုသို့ ဖမ်းဆီးခံရသည့် ယာဉ်မောင်း ၁၀ ဦးထက်မနည်း ရှိခဲ့သည်ဟု မူဆယ်မြို့ရှိ အမည်မဖော်လိုသည့် ကုန်တင်ဂိတ်တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စစ်တပ်၏ ထုတ်ပြန်ချက်များအရ ၂၀၂၁ ခုနှစ်အတွင်း တရားမဝင်ကုန်သွယ်မှု ဖမ်းဆီးမှု ၂,၂၄၀ မှုရှိခဲ့ပြီး ကုန်ပစ္စည်းတန်ဖိုးမှာ ကျပ် ၈ ဒသမ ၄၅၉ ဘီလီယံ ရှိခဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် ဇွန်လအထိ တရားမဝင်ကုန်သွယ်မှုမှ ဖမ်းဆီးရမိသည့် အမှုပေါင်း ၂၅,၂၃၁ မှုရှိပြီး ကုန်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်း တန်ဖိုး ကျပ် ၆၆၃ ဒသမ ၉၁၉ ဘီလီယံခန့် ရှိခဲ့သည်ဟု စစ်တပ်ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
သို့သော် ဖမ်းဆီးရမိသည့် ပစ္စည်းများအနက် တရုတ်နယ်စပ်မှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများ၏ စာရင်းကို သီးခြားခွဲခြား၍ တိတိကျကျ ဖော်ပြထားခြင်းမရှိပေ။



