အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြည်သူ့စစ် သံသယဖြင့် ဖမ်းဆီးစစ်ဆေးစဉ် ရဟန်း ၁ ပါး ပျံလွန်

ရွှေဒါးကျကျေးရွာတွင် ပြည်သူ့စစ်ဖွဲ့စည်းရန် ဦးဆောင်သူများနှင့် ဆက်စပ်သံသယရှိသည့် စွပ်စွဲချက်ဖြင့် ဆရာတော်တစ်ပါး ဖမ်းဆီးစစ်ဆေးခံရစဉ် သေဆုံးမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၌ ပြည်သူ့စစ်ဖွဲ့စည်းရေး ပါဝင်သည်ဟူသော သံသယဖြင့် ရဟန်းတစ်ပါးကို  အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံအဖွဲ့များက သီတင်းတစ်ပတ်အကြာ ဖမ်းဆီးစစ်ဆေးပြီးနောက် ဩဂုတ်လ ၂၅ ရက်တွင် ပျံလွန်တော်မူသွားကြောင်း ဒေသခံများထံက သိရသည်။ 

ချောင်းဦးနှင့် မုံရွာမြို့နယ်နှစ်ခု နယ်စပ် ချောင်းဦးမြို့အနောက်ဘက် ခုနစ်မိုင်အကွာ ရွှေဒါးကျကျေးရွာမှ သက်တော် ၅၂ နှစ်အရွယ် ဦးဣန္ဒာစာရ နှင့်အတူ ဒေသခံလေးဦးကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) က  ဩဂုတ်လ ၁၈ ရက် ညပိုင်း၌ လာရောက်ဖမ်းဆီးခဲ့သည်။ တချိန်တည်းမှာပင် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ကလည်း PDF တပ်ဖွဲ့ဝင် သုံးဦးကို နေအိမ်များ၌ ဝင်ရောက်ဖမ်းဆီးခဲ့ သည်။ 

PDF သုံးဦးအား စစ်ဆေးမေးမြန်းပြီး ညတွင်းချင်း ပြန်လွှတ်ပေးခဲ့သော်လည်း  ရဟန်း တစ်ပါး၊ ဒေသခံ လေးဦးကို ဖမ်းဆီးသွားသည်ဟု ထိုဖြစ်စဉ်ကို သိရှိသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။

ထို့နောက် ဦးဣန္ဒာစာရ ကို ချောင်းဦးပကဖက စစ်ဆေးပြီးနောက် ဩဂုတ်လ ၂၃ ရက်တွင် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)သို့ လွှဲပြောင်းပေးခဲ့သည်။ ယင်းနောက်ရရှိခဲ့သည့် ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပြီး ရုပ်အလောင်းအား ဩဂုတ်လ ၂၅ ရက်တွင် ကျေးရွာကိုပြန်လွှဲပေးခဲ့သည်ဟု ချောင်းဦးဒေသခံများက ပြောကြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​


ဦးဣန္ဒာစာရ ကို အလောင်းပြန်ရသည့်နေ့မှာပင် သင်္ဂြိုဟ်လိုက်ကြောင်း ချောင်းဦးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

ရုပ်အလောင်း ပြန်ရခဲ့ချိန်တွင်  ဦးဣန္ဒာစာရ၏ ကျောနှင့်ခြေထောက်တို့၌ ရိုက်နှက်ခံထားရသည့် အရှိုးရာများ၊ လက်သည်းခွံ ခွာထားသည့် ဒဏ်ရာဒဏ်ချက်များကို တွေ့ရကြောင်း ဒေသခံများအား ကိုးကားပြီး ဒေသတွင်း သတင်းဌာနအချို့က ဖော်ပြထားသည်။ Myanmar Now အနေဖြင့် အဆိုပါရွာခံများနှင့် ဆက်သွယ်နိုင်ရန်  ကြိုးပမ်းနေဆဲဖြစ်ပြီး သီးခြားအတည်မပြုနိုင်သေးပေ။

ရွှေဒါးကျကျေးရွာထဲတွင် သံသယရှိသူများကို ဆက်လက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး လက်ရှိအချိန်ထိ ပလဖ က ထိန်းသိမ်းထားသူ ဒေသခံ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား ခြောက်ဦးရှိကြောင်း သိရသည်။ 

ဆရာတော်အား ပလဖထံ လွှဲပြောင်းပေးခဲ့စဉ် ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း၊ ပြည်သူ့စစ် သံသယ စစ်ဆေးနေမှုအခြေအနေများကိုမူ ဖြေကြားမရသေးကြောင်း ချောင်းဦးမြို့နယ် ပကဖ ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။

“ဖမ်းရတဲ့အကြောင်းရင်းက အဲ့ဒီဘုန်းကြီးနဲ့ သူတို့ရွာက ဝင်းနိုင်ဦးဆိုတာ ဦးဆောင်ပြီးတော့ စစ်ကောင်စီနဲ့ ပတ်သက်ပြီး ပျူစောထီး (ခ) ပြည်သူ့စစ်ဖွဲ့မယ်လို့ သတင်းရတဲ့အတွက် ဖမ်းပြီးတော့ အဲ့ဒီနောက် ပလဖ ဆီကိုလွှဲပေးလိုက်တာပေါ့။ စစ်ဆေးတာက ပကဖက စစ်ဆေးထားတာရှိတယ်။ ပလဖ ကလည်း စစ်ဆေး ထားတာရှိတယ်။ စစ်ဆေးတဲ့ရလဒ်ကတော့ လက်ရှိအချိန်က ပြောဖို့တော့ အဆင်မပြေသေးဘူး”ဟု ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ 

ပသုံးလုံး ယန္တရားအနက် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) သည် ရပ်ရွာကာကွယ်ရေး နှင့်စစ်ရေးဆိုင်ရာများကိုကိုင်တွယ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) သည် ရဲလုပ်ငန်းစဉ်နှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကို အဓိက ကိုင်တွယ်ဆောင်ရွက်သည်။ 

ပလဖ က ထိန်းသိမ်းစဉ် ရဟန်းတစ်ပါးသေဆုံးသည့် ကိစ္စနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီကို မေးမြန်းရာ ပြည်သူလုံခြုံရေးအဖွဲ့ (ပလဖ) ကို စစ်ကိုင်း ဖက်ဒရယ်ယူနစ်အောက် လွှဲပြောင်းပြီးဖြစ်သဖြင့် စစ်ကိုင်းယူနစ်မှ လိုအပ်သလို စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

“ကနဦး အစီရင်ခံချက်တွေအရ စကစနဲ့ဆက်နွယ်ပြီး ပျူရွာလုပ်ဖို့ သိမ်းသွင်းစည်းရုံးနေတယ် သတင်းရလို့ လိုအပ်သူတွေ ထိန်းသိမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။ ရဟန်းတစ်ပါးပါဝင်ပြီး ပျံလွန်သွားတယ်လို့လည်း သိရပါတယ်။ ဘာကြောင့်ဆိုတာတော့ ဆေးစစ်ချက်နဲ့ စုံစမ်းစစ်ဆေးမှုတွေပြီးမှ သိရမှာပါ။ ထိန်းသိမ်းစဉ် သေဆုံးမှုတွေအတွက် ထိန်းသိမ်းသူမှာ တာဝန်ရှိပါတယ်”ဟု ပြည်ထဲရေးဝန်ကြီးဦးကျော်နီ က ဩဂုတ်လ ၂၆ ရက် နေ့လယ်ပိုင်းတွင် Myanmar Now ကို ပြောသည်။

“သူလျှိုဒလန်နဲ့ပတ်သက်တဲ့မူဝါဒ မရှိပါဘူး။ အကြမ်းဖက် စစ်အုပ်စုနဲ့ ပတ်သက်ရင် စစ်ဆေးခံရမှာပါ။ ပေါ်ပေါက်ရင် အကြမ်းဖက်ဥပဒေအပါအဝင် ကျူးလွန်တဲ့အမှုတွေပေါ်မူတည်ပြီး အရေးယူခံရမှာပါ”ဟု  ဦးကျော်နီက ဆက်ပြောသည်။

ချောင်းဦးမြို့နယ် ပြည်သူလုံခြုံရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိပေ။

ထိုဖြစ်ရပ်နှင့်ပတ်သက်သည့် အခြေအနေကို စစ်ကိုင်း ဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ရုံး၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ဒုတိယဝန်ကြီးချုပ်ရုံးသို့ ဆက်သွယ်မေးမြန်း ထားသော်လည်း ယနေ့ညနေအထိ အကြောင်းပြန်ကြားခြင်းမရှိသေးပါ။

ချောင်းဦးမြို့နယ်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာမြို့တောင်ဘက် ကပ်လျက်တွင် ရှိပြီး မြို့ပေါ်ရပ်ကွက်များနှင့် ခင်မွန်ရွာမှအပ ကျန်ကျေးလက်ဒေသတို့ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။ 

( ဖြည့်စွက်ချက် ။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ရွှေဒါးကျကျေးရွာ ရွှေသိမ်တော်ဘုန်းကြီးကျောင်းမှ လက်ထောက်ကျောင်းထိုင်ဆရာတော်အား PDF များမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း စစ်တပ်က ဩဂုတ်လ ၂၇ ရက်ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles