ချင်းပြည်နယ်တောင်ပိုင်းကို ထိုးဖောက်နိုင်ရန် ကြိုးပမ်းနေသည့် စစ်တပ်က မင်းတပ်မြို့အနီးရှိ ကျေးရွာ တစ်ရွာကို ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်) ညနေတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကလေးများ၊ သက်ကြီးရွယ်အိုများအပါအဝင် ရှစ်ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မင်းတပ်မြို့အနီး စစ်ဘေးရှောင်များ၊ ဒေသခံများ နေထိုင်နေသည့် တိုက်နယ် (၂) မှ ဝုမ်းခုမ်ကျေးရွာကို ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးလေးလုံးကြဲချခဲ့ရာ ရွာအတွင်း ကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်သေဆုံးမှုများပြားခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။
အမျိုးသား လေးဦး ၊ အမျိုးသမီး လေးဦး သေဆုံးခဲ့သူများအနက် မူကြိုတက်နေသည့် ကလေး တစ်ဦး၊ ကိုးတန်းတက်နေသည့် ကျောင်းသားတစ်ဦး တို့ပါဝင်ပြီး သက်ကြီးပိုင်းများ ပါဝင်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူများအပြင် နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ထံကသိရသည်။
ထိုဒေသ၌ လှုပ်ရှားသည့် ချင်းတော်လှန်ရေးအင်အားစုတစ်ခုဖြစ်သော ချင်းပြည်သူ့ အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမန်က သေဆုံး၊ ဒဏ်ရာ ရသူများရှိကြောင်း ဆိုသည်။
“ ပြည်သူတွေစုနေတဲ့ နှစ်နေရာမှာ ကြဲသွားတာ။ တကယ့်လူနေအိမ်တွေနေရာမှာ ကြဲသွားတဲ့ အတွက်ပါ။ ရွာအနီးအနားဝန်းကျင်မှာ တိုက်ပွဲလည်းမရှိပါ။ တိုက်ပွဲနဲ့ ၁၅ မိုင်၊ ၁၆ မိုင်လောက် ဝေးပါတယ် “ဟု ၎င်းက ဆိုသည်။
“သေဆုံးတဲ့သူအကုန်လုံးက အရပ်သားပြည်သူတွေပဲဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူ ၁၅ ဦးရှိပါတယ် ။ ဒဏ်ရာရသူတွေလည်း အရပ်သားပြည်သူတွေပါပဲ”ဟု ဆလိုင်းယောမန်က ဆက်ပြောသည်။
ထိုရွာမှာ ကားလမ်းဘေးရှိ ရွာတန်းရှည်ဖြစ်ပြီး အိမ်ခြေများသည့် ရပ်ကွက်များအတွင်း ဗုံးများ ကျရောက် ပေါက်ကွဲခဲ့သဖြင့် ထိခိုက်မှုများပြားခဲ့ရကြောင်း မင်းတပ်ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။
“ယခုလက်ရှိ တိုက်ပွဲ ဖြစ်နေတဲ့ ထင်ချောင်းရွာအနီးကပြည်သူအချို့စစ်ရှောင်လာကြတဲ့ လူစုတဲ့အခု ရွာကို ထပ်ကြဲသွားတာ။ စစ်ရှောင်တွေငှားနေတဲ့ အိမ်တွေကို ကျတာ တစ်အိမ်လုံးပျောက်။ အိမ်ထဲနေတဲ့သူတွေ တစစီဖြစ်”ဟု၎င်းက ဗုံးကြဲခံရသည့်အခြေအနေက်ု ပြောပြသည်။
လတ်တလောတွင် ချင်းတောင်သို့ ထိုးဖောက်လာသည့် စစ်တပ်စစ်ကြောင်းနှင့် ချင်းတော်လှန်ရေး အင်အားစုများ အကြား တိုက်ပွဲများ ငြိမ်သက်နေသည်မှာ သီတင်းပတ် သုံးပတ်ဝန်းကျင် ရှိနေပြီဖြစ်ပြီး စစ်တပ်မှာ မင်းတပ် – ကျောက်ထုလမ်းပိုင်းပေါ်တွင် ဆက်ရှိနေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

မင်းတပ်နယ်အတွင်း ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်တပ် ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ် စံညိုဝင်းနှင့် စစ်တပ်ခန့် ချင်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်တို့ကို Myanmar Now က ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း တုံ့ပြန်ဖြေကြားခြင်းမရှိပါ။
ချင်းပြည်တောင်ပိုင်းမြို့နယ်များဖြစ်သော မင်းတပ်၊ ကန်ပက်လက်၊ မတူပီ တို့ကို ချင်းညီနောင်အဖွဲ့ (CB) က ထိန်းချုပ်ထားပြီး ၎င်းတို့၏ မဟာမိတ် အာရက္ခတပ်တော် (AA) က ပလက်ဝမြို့နယ်ကို သိမ်းပိုက် ထိန်းချုပ်ထားရာ ချင်းပြည်တောင်ပိုင်းတစ်ခုလုံးကို စစ်တပ် လက်လွှတ်ထားရသည်။
ချင်းပြည်နယ်မြောက်ပိုင်းဖြစ်သော ဖလမ်း၊ တွန်းဇံ၊ ထန်တလန်မြို့နယ်တို့ကို ယခုနှစ်ဝက်အတွင်း စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တောင်ပိုင်းဒေသကိုလည်း ပြန်ရရန် အပြင်းအထန် ကြိုးပမ်းနေသည်။
ချင်းတောင်ပိုင်းသည် အာရက္ခတပ်တော် ထိန်းချုပ်ထားရာ ရခိုင်ပြည်နယ်သို့ ဝင်ရောက်ထိုးဖောက်နိုင်သည့် လမ်းကြောင်းတစ်ခုဖြစ်သည့်အတွက် နှစ်ဖက်လုံးအတွက် စစ်ရေးအရ အရေးပါသည့်ဒေသ ဖြစ်သည်။
ထို့ကြောင့် စစ်တပ်သည် ယခုနှစ် မေလလယ်ကတည်းက မင်းတပ်နှင့် ကန်ပက်လက်ကို ဦးတည်ပြီး မကွေးတိုင်းဘက်မှတဆင့် စစ်ကြောင်း နှစ်ခုဖြင့် ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းနေသဖြင့် ချင်းတော်လှန်ရေးအင်အားစုများ သာမက AA အပါအဝင် မဟာမိတ်တပ်ပေါင်းစုများက ပူးပေါင်း ခုခံနေကြသည်။
စတင်ထိုးဖောက်စဉ်ကတည်းက မင်းတပ်နယ်ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေရာ မေလ၊ ဇွန်လ၊ ဇူလိုင်လနှင့် ယခုလတိုက်ခိုက်မှုများအတွင်း ထိခိုက်မှုအများအပြားရှိခဲ့ပြီး လူသေဆုံးမှုများ ရှိခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က မင်းတပ်မြို့နယ်ကို ဗုံးကြဲစဉ် အသက် ၁၀ နှစ်အောက် ကလေးသုံးဦး သေဆုံးခဲ့သည်။
နှစ်ဖက်တိုက်ပွဲများအတွင်းလည်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသလို စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိခဲ့ကြောင်း ချင်းပြည်သူတပ်မတော် (CPU/ CPA)က ဩဂုတ်လ ၁ ရက်၌ ထုတ်ပြန်ထားသည်။ ထိုအဖွဲ့မှာ ချင်းတောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီတို့မှ ချင်းတော်လှန်ရေတပ်များ စုဖွဲ့ထားခြင်းဖြစ်ပြီး ချင်းညီနောင်အဖွဲ့ဝင်လည်းဖြစ်သည်။
စစ်တပ် ကြိုးကိုင်သည့် ရွေးကောက်ပွဲကာလ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစတင်၍ အရပ်သားအရေခြုံ စစ်အာဏာရှင်အစိုးရ တက်လာပြီး လက်ရှိအချိန်ထိ လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်နေသည်။ ယင်းကဲ့သို့ အရပ်သားပစ်မှတ်များ ဦးတည်သည့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ဒါဇင်နှင့်ချီ သေဆုံးခဲ့ရသည်။
မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲရေးကော်မတီက ဇွန်လဆန်းတွင် ထုတ်ပြန်ထားသည့် အချက်အလက်အရ စစ်တပ်ထိုးစစ်ကြောင့် ဒေသခံ တစ်သောင်းခုနှစ်ထောင်ကျော် စစ်ဘေးရှောင် တိမ်းနေရသည်။





