ခြေတစ်ဖက်ဖြတ်ရပေမယ့် အနားယူဖို့ငြင်းဆန်ခဲ့သူ ရဲဘော်ဟိုက်ဝေး
တော်လှန်ရေးရဲဘော်ဖြစ်လာတဲ့ ဆန္ဒပြလူငယ်တစ်ဦးဟာ မိုင်းပေါက်ကွဲမှုကြောင့် မသန်စွမ်းဘဝ ရောက်သွားပြီး နောက်ဆုံးအချိန်အထိ အလုပ်တွေ အများကြီး လုပ်ကိုင်သွားခဲ့ပါတယ်။
မိုးရွာနေတဲ့ ညတစ်ည၊ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကျေးလက်ဒေသမှာ ခြေတစ်ဖက်ဆုံးရှုံးထားသူ ရဲဘော်ဟိုက်ဝေးက အိုင်ကွန် ခေါ် စကားပြောစက်သုံးပြီး သတင်းတွေ စုဆောင်းနေပါတယ်။ တဲအပြင်ဘက်မှာ အစ်မနဲ့ ယောက်ဖဖြစ်သူတို့က ရေတံလျှောက် ပြင်နေကြတာပါ။ အဲဒီအချိန် မိုးကြိုးပစ်ခံရပြီး အသက် ၂၄ နှစ်အရွယ် ရဲဘော်ဟိုက်ဝေးရဲ့ဘဝ အဆုံးသတ်သွားခဲ့ပါတယ်။
ခင်ဦးမြို့နယ် ဇာတိ ရဲဘော်ဟိုက်ဝေးဟာ အာဏာသိမ်းမှုဆန့်ကျင်သူတွေ ပစ်သတ်ခံရတဲ့နောက် လက်နက်ကိုင်တဲ့ လမ်းစဉ်ကို ရွေးချယ်ခဲ့သူတစ်ဦးပါ။ သူနဲ့ သူငယ်ချင်းတစ်စုက ၂၀၂၂ ခုနစ် ဖေဖော်ဝါရီလမှာ ဒေသတွင်း မိုင်းအဓိကထုတ်လုပ်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုထဲကို ဝင်ရောက်ခဲ့ကြပါတယ်။
“မိုင်းဘီးလူး” ဆိုတဲ့ အဖွဲ့ထဲ ရောက်တော့ သူတို့ကို ခြေရာမခံနိုင်ရေး၊ မြို့ပေါ်မှာ ကျန်ခဲ့တဲ့ မိသားစုရဲ့ လုံခြုံရေးအတွက် နာမည်ပြောင်းကြရမယ့်အချိန်မှာ သူက ကိုင်ထားတဲ့ဖုန်းကိုကြည့်ပြီး “ဟိုက်ဝေး” ဆိုတဲ့ နာမည်ကို ရွေးလိုက်ပါတယ်။
“ကာယအားထက်၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်းဆိုင်ရာ သူက ပိုပြီးအားသာတယ်၊ အတွေးအခေါ်လည်း ကောင်းတယ်”လို့ “လကမ္ဘာ” အသံလွှင့်ဌာနရဲ့ ဌာနမှူးလည်းဖြစ်တဲ့ ကိုဂျီဝမ်း က ဆိုပါတယ်။

သူတို့ဒေသမှာ တော်လှန်ရေးအင်အားစု နယ်မြေစိုးမိုးမှုမရသေးချိန် ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးသတ်ဖြတ်တဲ့ အာဏာသိမ်းစစ်တပ်ရန်က ကာကွယ်ဖို့ မိုင်းကို အားထားခဲ့ကြပြီး ရဲဘော်တစ်ယောက်ကို လက်လုပ်မိုင်းအလုံး ၂၀ လောက်အထိ ကိုင်တွယ်အသုံးပြုခဲ့ရပါတယ်။
ကိုင်တွယ်အသုံးပြုနည်းကို စနစ်တကျ သင်ကြားထားပေမယ့် မိုင်းထုတ်လုပ်၊ စမ်းသပ်၊ သယ်ဆောင်၊ တပ်ဆင်၊ ဖယ်ရှားတဲ့ လုပ်ငန်းအဆင့်ဆင့်မှာ မတော်တဆ ပေါက်ကွဲတတ်ပါတယ်။
ဟိုင်းဝေးကတော့ ၂၀၂၂ ခုနှစ် ဇွန်လမှာ စခန်းကနေ ရေကန်ကို တစ်ယောက်တည်း ရေသွားချိုးချိန် မိုင်းကြိုးနဲ့ မတော်တဆ တိုက်မိပြီး မိုင်းပေါက်ကွဲခဲ့တာကြောင့် ဘယ်ဘက်ခြေထောက် ဆုံးရှုံးခဲ့ရတယ်၊ သွေးထွက်လွန်နေတဲ့သူ့ကို လုံခြုံရေးအခြေအနေအရ မနက်ရောက်မှပဲ ဆေးကုသပေးတဲ့နေရာကို ပို့နိုင်ခဲ့တယ်လို့ မိုင်းဘီလူးအဖွဲ့ရဲ့ ခေါင်းဆောင် ကိုဂျီဝမ်းက ပြောပြပါတယ်။
သွေးအမျိုးအစားမသိတာကြောင့် သွေးမသွင်းနိုင်ဘဲ ရွာက CDM ကျန်းမာရေးမှူးက ဒဏ်ရာတွေကို ပတ်တီးစည်းပေးတယ်၊ အဲဒီညက ရဲဘော်ဟိုက်ဝေးကို ဆုံးရှုံးရပြီလို့ပဲ ထင်မိခဲ့တယ်လို့ ဆက်ပြောပါတယ်။

ရဲဘော်ဟိုက်ဝေးက အေးအေးဆေးဆေး ရိုးရိုးသားသားနေတတ်သူ၊ မတရားတာမကြိုက်သူ၊ နားလည်မှု ပေးတတ်သူ၊ စိတ်ဓာတ်မာပြီး ပွင့်ပွင်းလင်းလင်းပြောဆိုရတာ ကြိုက်တဲ့သူ၊ သီးသန့်နေတတ်သူဖြစ်တဲ့ အတွက် သူ့ရဲ့လိုအပ်ချက်၊ ခံစားမှု၊ အဆင်ပြေပါ့မလားဆိုတာကို စဉ်းစား အကဲဖြတ်နေရတာ၊ စုံစမ်းနေရတာလို့ ကိုဂျီဝမ်း က ဆိုပါတယ်။
“သူ့ရဲ့စိတ်ကူးစိတ်သန်းနဲ့ သီးခြားနေတဲ့အကျင့်ပေါ့နော်၊ အဲဒါကိုက သူ့အားနည်းချက်လို့ထင်တယ်” လို့ ကိုဂျီဝမ်း က ဆိုပါတယ်။
ရဲဘော်ဟိုက်ဝေးက ဘယ်ဘက်ခြေထောက် တစ်ဖက်ကို ဆုံးရှုံးခဲ့ရပေမယ့် မိုင်းထောင်တဲ့တာဝန် ဆက်ယူခဲ့သလို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်၊ တာဝန်တွေလည်း ယူခဲ့ပြီး ခြေတုလက်တုတပ်ချင်သူတွေကို အကျိုးဆောင် ပေးခဲ့ပါတယ်။

အိုင်ကွန် သတင်းထုတ်လွှင့်ခြင်း
ခြေထောက်ဖြတ်ပြီး ခြောက်လအကြာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်မှာတော့ ခင်ဦးမြို့နယ်ထဲ စတင် ဖွဲ့စည်းလိုက်တဲ့ “လကမ္ဘာ” အသံလွှင့်ဌာနမှာ ရဲဘော်ဟိုက်ဝေး ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။ ထုတ်လွှင့်တဲ့ သတင်းတွေထဲမှာ ဒေသခံလူထုအတွက် လေကြောင်းအန္တရာယ်သတိပေးတာ၊ အာဏာသိမ်းစစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းသတင်း၊ မိုးလေဝသသတင်းတွေ ပါဝင်ပါတယ်။ ဒေသခံတွေက အိုင်ကွန်လို့ ခေါ်ကြတဲ့ ဆက်သွယ်ရေးစက်ကနေ သတင်းထုတ်လွှင့်ပေးခြင်း ဖြစ်ပါတယ်။
ရဲဘော်ဟိုက်ဝေးက ပထမဆုံး အကြိမ် သတင်းစတင်ထုတ်လွှင့်ချိန်မှာ လက်အရမ်းတုန်နေတဲ့အတွက် ကိုင်ထားတဲ့ အိုင်ကွန်ကို ပြန်ချခဲ့ရတာ၊ Mi- 35 ကို အသံထွက် မှားကြေညာမိတာလိုမျိုး အလွဲလေးတွေ ရှိခဲ့တယ်လို့ အတူနေသူငယ်ချင်းတွေက ပြောပြပါတယ်။
အိုင်ကွန်သုံးပြီး သတင်းဖြန့်တဲ့လုပ်ငန်းကို ငွေကြေး၊ လူအင်အား အခက်အခဲပေါင်းများစွာ ကြုံတွေ့ခဲ့ရပေမယ့် ဒီလုပ်ငန်းဟာ ပြည်သူတွေအတွက် အသုံးတည့်၊ အကျိုးရှိတာကြောင့် ရဲဘော်ဟိုက်ဝေးက နှစ်သက်ခဲ့တယ်လို့ ကိုဂျီဝမ်းက ဆိုပါတယ်။
“တိုက်ခိုက်ရေးထက် ပြန်ကြားရေးက သူ့အတွက်ပိုအရေးကြီးတယ်လို့ ပြောဖူးတယ်”လို့ သူက ဆိုပါတယ်။
သတင်းဖြန့်တာ သုံးနှစ်နီးပါးအကြာမှာတော့ သူရဲ့ဇာတိရွာမှာ ဖွဲ့စည်းလိုက်တဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ မှာ လုပ်ကိုင်ဖို့ တာဝန်ပေးခံရတဲ့အတွက် သူမသွားချင်ပေမယ့် အဖွဲ့ဝင်အဖြစ် လုပ်ကိုင်ပါတယ်၊ ပညာရေးဘုတ်အဖွဲ့မှာလည်း ဘဏ္ဍာရေးမှူး ဖြစ်လာပါတယ်။ သတင်းစုဆောင်းရေးအလုပ်ကိုတော့ ဆက်လုပ်ခဲ့ပါတယ်။
တောတိုက်လို့ခေါ်ကြတဲ့ တောင်ယာတဲတွေဆီကို မိဘတွေနဲ့အတူ ရဲဘော်ဟိုက်ဝေး ပြောင်းရွှေ့နေထိုင်ပါတယ်။
ထန်းပင်အများအပြားရှိတဲ့ အဲဒီနေရာဝန်းကျင်ဟာ နှစ်စဉ်မိုးကြိုးပစ်ခံရတတ်တာကြောင့် ဒေသခံတွေက မိုးကြိုးကွင်းလို့ ခေါ်ဆိုကြပါတယ်။ အဲဒီနေရာမှာပဲ ရဲဘောဟိုက်ဝေးဘဝ အဆုံးသတ်သွားခဲ့ရပါတယ်။
၂၀၂၆ ခုနှစ် ဧပြီလ ညတစ်ည မိုးရွာပြီး မိုးကြိုးအကြိမ်ကြိမ်ပစ်နေချိန် ဟိုက်ဝေးနေထိုင်တဲ့ တဲအနီး မိုးကြိုးထိမှန်ရာမှာ စက်ပစ္စည်းတွေရှိတဲ့ တဲထဲကို မိုးကြိုးလျှပ်စစ်စီးကြောင်း စုပြုံဝင်ရောက်သွားတာကို မြင်လိုက်သူတွေရှိတယ်လို့ အသက် ၂၆ နှစ် အရွယ် ယောက်ဖဖြစ်သူက ဆိုပါတယ်။
တဲအတွင်း သတင်းစုဆောင်းရေး လုပ်နေတဲ့ ဟိုက်ဝေးက နောက်လန်လဲကျသွားပြီး တဲအပြင်မှာရှိတဲ့ အစ်မနဲ့ ယောက်ဖဖြစ်သူတို့လည်း ခေတ္တ သတိမေ့သွားပါတယ်။
နားမှာ နားကြပ်တပ်ထားတဲ့ ရဲဘော်ဟိုက်ဝေးဟာ မိုးကြိုးကြောင့် နားအုံနဲ့ ကုပ်ပိုး ညိုမည်း၊ သေဆုံးနေပြီး တဲထဲက စက်ပစ္စည်းတွေ အကုန်ပျက်စီးသွားပါတယ်။ ဘက်ထရီအိုး အဟောင်းတစ်လုံးနဲ့ တဲအနီးရှိ ပေ ၃၀ ခန့်အမြင့် တိုင်ပေါ် ထောင်ထားတဲ့ စတားလင့်ခ်စက်မှာလည်း ကွဲသွားခဲ့ပါတယ်။
အစ်မတို့လင်မယားလည်း ခြေလက်ထုံကျင်၊ ဂျိုင်းအောက်မှာ အညိုအမည်းစွဲ၊ ခြေဖဝါးတွေမှာ ဆန်ခါပေါက်တွေလို ဖြစ်သွားတဲ့ ဒဏ်ရာတွေကြောင့် တစ်လလောက် ဆေးကုသခဲ့ရတယ်၊ အဲဒီနောက်ပိုင်း အေးတဲ့နေ့တွေမှာ ထုံကျင်ကိုက်ခဲနေတယ်လို့ ဆိုပါတယ်။


ကိုဂျီဝမ်းက ဒီဖြစ်ရပ်အတွက် အပြစ်မကင်းသလို ခံစားနေမိတယ်၊ စတားလင့်ခ် အခွဲစက်မှာ မိုးကြိုးလွှဲတပ်ဖို့ သတိမပေးလိုက်မိဘူး၊ ရဲဘော်ဟိုက်ဝေးကို ဆုံးရှုံးရပြီးနောက်မှာ မိုးကြိုး အန္တရာယ် ကာကွယ်ရေးအကြောင်း အသေးစိတ် ပညာပေးနေတယ်လို့ ဆိုပါတယ်။
ရဲဘော်ဟိုက်ဝေးဟာ သူ ကျဆုံးသွားတဲ့အချိန်အထိ ယူခဲ့တဲ့ တာဝန်တွေကို လစ်ဟင်းမှု၊ အားနည်းမှု မရှိအောင် လုပ်ဆောင်ပြီး ဖြစ်လာသမျှအကြောင်းအရာတွေအပေါ်မှာလည်း ရဲရဲဝံ့ဝံ့ရပ်တည်တတ်တယ်၊ ပွင့်လင်းမြင်သာပြီး အလေးအနက်ထားဆွေးနွေး အကောင်အထည်ဖော် လုပ်ဆောင်ခဲ့တယ်လို့ ဌာနမှူးက ပြောပါတယ်။
ဖခင်ဖြစ်သူရဲ့ ပြောဆိုချက်
ရဲဘော်ဟိုက်ဝေးဟာ မွေးချင်းမောင်နှမ ငါးယောက်ရှိတဲ့အထဲမှာ အငယ်ဆုံးသား ဖြစ်ပြီး
သူ့လောက် နိုင်ငံရေးစိတ်ဝင်စားတဲ့သူ မရှိဘူးလို့ ဖခင်ဖြစ်သူက ဆိုပါတယ်။
သူငယ်ချင်းတွေနဲ့ တိုင်ပင်ဆွေးနွေး၊ ဆုံးဖြတ်ပြီးမှ တော်လှန်ရေးထဲ ဝင်တော့မယ့်အကြောင်း မိဘဖြစ်သူတွေကို အသိပေးခဲ့တယ်။ အနေဆင်းရဲ၊ အစားဆင်းရဲမှာ စိုးရိမ်စိတ်တွေရှိသော်လည်း သားဖြစ်သူက စိတ်ဓာတ်ပြင်းပြတဲ့အတွက် ခွင့်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။
“သူက တင့်တင့်တယ်တယ်၊ ဦးဆောင်ဦးရွက်လုပ်တယ်ဆိုတော့ ဂုဏ်ယူတယ်၊ ဝမ်းသာတာပေါ့” လို့ အသက် ၅၉ နှစ်အရွယ် ဖခင်ဖြစ်သူက ပြောပြပါတယ်။
သားဖြစ်သူဟာ စာအုပ်စာပေဖတ်ရတာ ကြိုက်သူ၊ နိုင်ငံရေးကို စိတ်ဝင်စားတဲ့အတွက် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဇာတ်ကား၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာတွေကိုပဲ ဖတ်တယ်၊ နွားကျောင်းသွားခိုင်းရင် အချိန်ကုန်မခံဘဲနဲ့ ဖုန်းနဲ့ စာဖတ်နေတတ်တယ်လို့ ဆိုပါတယ်။
သားဖြစ်သူဟာ မိဘအပေါ်သိတတ်သူ၊ လိမ္မာရေးခြားရှိသူ၊ မိဘဖြစ်သူရဲ့ တောင်ယာလယ်လုပ်တဲ့ လုပ်ငန်းတွေမှာလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သူပါ။
ရဲဘော် ဟိုက်ဝေးဟာ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တက္ကသိုလ်တွေ ပိတ်ထားရချိန် ကျောင်းဆက်မတက်ရသေးဘဲ နားနေရတာလို့ ဆိုပါတယ်။
သားငယ်က တော်လှန်ရေးအဖွဲ့ထဲ စတင်ဝင်ရောက်ခဲ့ချိန် ခင်ဦးမြို့နယ်ထဲ စစ်တပ်အင်အားကောင်းချိန်မို့ ကျေးရွာထဲဝင်ရောက် ဖမ်းဆီးမှာ ကြောက်တဲ့အတွက် မိသားစုက ကျေးရွာထဲက တခြားသူရဲ့နေအိမ်တွေမှာ တလှည့်စီပြောင်းအိပ်ခဲ့ရတာပါ။
နောက်ပိုင်းမှာတော့ ရွာနဲ့ တစ်မိုင်ခွဲခန့်အကွာ တောတိုက်ထဲကို စစ်ရှောင်တွေနဲ့အတူ အပြီးပြောင်းရွှေ့ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးကို အာရုံစိုက်ကာ တိတိကျကျပြတ်ပြတ်သားသား မှန်မှန်ကန်ကန်လုပ်တဲ့ သူတွေဖြစ်တဲ့အတွက် ရပ်ရွာအေးအေးချမ်းချမ်းနေရတာ ချီးကျူးဂုဏ်ယူတယ်လို့ ပြောပါတယ်။




