အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

စစ်တပ်နှင့် ခရိုနီ KBZ ဦးအောင်ကိုဝင်းတို့ ပူးပေါင်းတည်သည့် မော်စကိုရွှေစည်းခုံနှင့် သီရိပျံချီဘွဲ့ရ ရုရှားဗိုလ်ချုပ်

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သူ၏အရင်းနှီးဆုံး ရုရှားစစ်ဗိုလ်ချုပ်နှင့်အတူ ၂၀၂၂ ခုနှစ် ဇူလိုင်လက မော်စကိုတွင် ရွှေစည်းခုံပုံတူစေတီတော်ကို အနေကဇာတင်လှူခဲ့သည်။

စစ်ခေါင်းဆောင်နှင့်ရုရှားကာကွယ်ရေးဒုဝန်ကြီးတို့သည့် ‘အောင်ပြီ၊အောင်ပြီ၊အောင်ပြီ’ ဟု မော်စကိုမှ ရွှေစည်းခုံစေတီတော်ထက်ကြွေးကြော်ခဲ့ကြသည်။
စစ်ခေါင်းဆောင်နှင့်ရုရှားကာကွယ်ရေးဒုဝန်ကြီးတို့သည့် ‘အောင်ပြီ၊အောင်ပြီ၊အောင်ပြီ’ ဟု မော်စကိုမှ ရွှေစည်းခုံစေတီတော်ထက်ကြွေးကြော်ခဲ့ကြသည်။

“…အောင်ပြီ…အောင်ပြီ…အောင်ပြီ…” ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နှင့် ရုရှား စစ်ဗိုလ်ချုပ်ကြီး တစ်ဦးတို့ လက်သီးလက်မောင်းတန်းကာ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သည့် ဘုရားထီးတော်တင်ပွဲ၌ ကြွေးကြော်ခဲ့ကြသည်။

ရှရုားမြို့တော်မော်စကိုနှင့် ၇၄ ကီလိုမီတာခန့်ဝေးသည့် အက်သ်နိုမီယာ ကမ္ဘာ့ယဉ်ကျေးမှုမြို့တော် (Ethnomir Cultural City Park) တွင် တည်ထားသည့် ရွှေစည်းခုံပုံတူစေတီ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲတွင် ၎င်းတို့ကြွေးကြော်ခဲ့ကြခြင်းဖြစ်သည်။

ထိုအခမ်းအနားတွင် တက်ရောက်ခဲ့သည့် ရုရှားကာကွယ်ရေး ဒုတိယဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အလက်ဇန္ဒား ဗာစီးလီယယ်ဗစ် ဖိုမင် (Colonel General Aleksandr Vasilyevich Fomin) သည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာလရှည်ကြာဆက်ဆံရေးရှိသူဖြစ်သည်။

ကန့်လန့်ကာနောက်ကွယ်တွင်မူ ထိုနေ့က ကျင်းပခဲ့သည့် အခမ်းအနားက ဘာသာရေးအခမ်းအနား တစ်ခုထက် ပိုခဲ့သည်။ မော်စကိုမှ ရွှေစည်းခုံစေတီတော်၏ နောက်ကွယ်တွင် ဆယ်စုနှစ်နှင့်ချီကြာမြင့်နေပြီဖြစ်သည့် နက်နဲခိုင်မာလှသော ရုရှားနှင့် မြန်မာစစ်ဘက် ဆက်ဆံရေးရှိနေသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုဘုရားတည်သည့်အလှုရှင်မှာ စစ်ခေါင်းဆောင်၏ စိတ်ချယုံကြည်ရဆုံး ခရိုနီ KBZ ဘဏ်သူဌေး ဦးအောင်ကိုဝင်းဖြစ်ပြီး၊ စီစဥ်ညွှန်ကြားသူမှာ သီတဂူဆရာတော် ဦးဥာဏိဿရဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ၎င်းတို့ သုံးဦးလုံး ရုရှားနိုင်ငံသို့ ရောက်ရှိနေခဲ့သည်။

သြဂုတ်လ ၁၈ ရက်နေ့က ရုရှားသမ္မတင်ပူတင်နှင့် မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်တို့ ကရင်မလင်နန်းတော်တွင် တွေ့ဆုံခဲ့စဉ်။
သြဂုတ်လ ၁၈ ရက်နေ့က ရုရှားသမ္မတင်ပူတင်နှင့် မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်တို့ ကရင်မလင်နန်းတော်တွင် တွေ့ဆုံခဲ့စဉ်။ (Sputnik/AFP)

မော်စကိုရွှေစည်းခုံနှင့် ရုရှားစစ်ဗိုလ်ချုပ်

မြန်မာနှင့်ရုရှားစစ်ခေါင်းဆောင်များဆုံစည်းကြသည့် မော်စကိုမှ ဘာသာရေးအခမ်းအနားကို စစ်တပ်ဘက်ယိမ်း  သီတဂူဆရာတော်ဦးဉာဏိဿရက ဦးဆောင်သည်။

“ရုရှားနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာရှိပါစေကြောင်း ရှေးဦးစွာဆုတောင်းပါတယ်”ဟု သီတဂူဆရာတော်က စင်မြင့်ပေါ်မှ မြန်မာစကားဖြင့်မိန့်ကြားချက်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘေးတွင်ထိုင်နေသည့် ရုရှားကာကွယ်ရေးဒုဝန်ကြီး  အလက်ဇန္ဒား ဖိုမင် နားလည်စေရန်အတွက် ဘာသာပြန်က ရုရှားဘာသာဖြင့် ရှင်းပြနေသည်။

ရုရှားစစ်ဗိုလ်ချုပ်အတွက်မူ မြန်မာဘုန်းကြီး၏ ထိုဆုတောင်းစကားက လပေါင်းများစွာအတွင်း ပထမဆုံးသော နိုင်ငံခြားသားတစ်ဦး၏ ချီးကျူးထောပနာစကား ဖြစ်ကောင်းဖြစ်နိုင်သည်။ ယင်းအခမ်းအနားမတိုင်မီ လပိုင်းအလိုတွင် သြစတြေးလျ၊ ဗြိတိန်နှင့်နယူးဇီလန်တို့က အလက်ဇန်းဒါး ဖိုမင်ကို ရုရှား၏ ယူကရိန်း ကျူးကျော်စစ်အတွက် ဒဏ်ခတ်အရေးယူသည့် စာရင်းတွင်ထည့်သွင်းခဲ့သည်။ 

ဗြိတိန်အစိုးရက အလက်ဇန်းဒါး ဖိုမင်သည်  ရုရှားတပ်များကိုဖြန့်ကြက်ရာတွင် တိုက်ရိုက်ကွပ်ကဲသူ(သို့မဟုတ်) အရေးပါသည့်နေရာတွင်ရှိသူဟု ထုတ်ပြန်ပြီး ဒဏ်ခတ်အရေးယူသည့် စာရင်းတွင်ထည့်သွင်းထားခြင်းဟု ဆိုသည်။

 မော်စကိုရွှေစည်းခုံစေတီတော်။ (ဓာတ်ပုံ- သီတဂူသတင်းနှင့် ပြန်ကြားရေးအဖွဲ့)
၂၀၂၂ မော်စကိုမှ ရွှေစည်းခုံအနေကဇာတင်အခမ်အနားတွင်တွေ့ရသည့် စစ်ခေါင်းဆောင်(ဝဲ)၊ သီတဂူဆရာတော်(အလယ်)နှင့် ခေါင်းလောင်းထိုးနေသည့် ရုရှားကာကွယ်ရေး ဒုဝန်ကြီး အလက်ဇန္ဒရား ဗာစီးလီယယ်ဗစ် ဖိုမင်။ (ဓာတ်ပုံ – မြဝတီ)

မြန်မာတို့အတွက်တော့ အလက်ဇန္ဒရား ဖိုမင်သည် ဥရောပမှယူကရိန်းစစ်ပွဲကို ကြီးကြပ်သူဆိုသည်ထက် အရှေ့တောင်အာရှမှ ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ပွဲကို အရှိန်မြင့်စေခဲ့သည့် ၂၀၂၁ အာဏာသိမ်းပွဲ ဦးဆောင်သည့် မြန်မာစစ်ခေါင်းဆောင်၏ အရင်းနှီးဆုံးသော ရုရှားစစ်ဗိုလ်ချုပ် (သို့မဟုတ်) မြန်မာစစ်တပ်အတွက် အရေးအကြီးဆုံးသော မော်စကိုမှစစ်ခေါင်းဆောင်ဟု အနက်ဖွင့်နိုင်သည်။

အလက်ဇန္ဒရားဖိုမင်နှင့် မြန်မာစစ်ဗိုလ်ချုပ်များအကြား ဆက်ဆံရေးသည် မနေ့တနေ့ကမှ စတင်ခဲ့ခြင်းမဟုတ်ဘဲ အလက်ဇန္ဒရားဖိုမင် ရုရှားစစ်တပ် အရာရှိပေါက်စဘဝ၊ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက သန္ဓေတည်ခဲ့သည်။ သူ၏ ပထမဆုံး မြန်မာပြည်ခရီးစဉ်က လွန်ခဲ့သည့် ၂၆ နှစ်အကြာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေခေတ်၊ ၂၀၀၀ ပြည့်နှစ်တွင် ဖြစ်သည်။ ထိုအချိန်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ပင် အလယ်အလတ်အဆင့် စစ်တပ်အရာရှိအဖြစ်သာ ရှိသေးသည်။

အလက်ဇန္ဒရားဖိုမင်၏ ပထမဆုံးမြန်မာခရီးစဉ်အကြောင်း ရုရှားနှင့်မြန်မာစစ်တပ်တို့က ဘယ်တုန်းကမျှ ထုတ်ပြောခဲ့ခြင်းမရှိ။ သို့သော်လည်း စစ်တပ်ပိုင် မြဝတီသတင်းဌာနတွင် ထုတ်ပြန်ခဲ့သော ၂၀၂၁ နှစ်လယ်က မြန်မာစစ်တပ်နှင့် အလက်ဇန္ဒရားဖိုမင်တို့ တွေ့ဆုံမေးမြန်းခန်း တစ်ခု၏အဆိုအရ ထိုခရီးစဉ်သည် မြန်မာစစ်ဗိုလ်များ ရုရှားတက္ကသိုလ်များတွင် ပညာသင်ရန် အတွက် ဆွေးနွေးခဲ့ခြင်းဟု နားလည်ရသည်။ 

မြန်မာစစ်ဗိုလ်ချုပ်များနှင့် ဆွေးနွေးမှု၏ရလဒ်အဖြစ် ၂၀၀၀ ပြည်နှစ်မှစ၍ ၂၁ နှစ်အတွင်း မြန်မာစစ်တပ်မှ အရာရှိ ၇၀၀၀ ကျော်ကို ရုရှားသို့ခေါ်ကာ အဆင့်မြင့်ပညာများ သင်ကြားပေးခဲ့သည်ဟု မြန်မာစစ်တပ်ထိန်းချုပ်သည့် သတင်းဌာနနှင့် ၂၀၂၁ ခုနှစ် နှစ်လယ်က တွေ့ဆုံမေးမြန်းခန်းတွင် အလက်ဇန္ဒရားဖိုမင်ကပြောသည်။

“ဥပမာအနေနဲ့ စိန့်ပီတာစဘတ် ရေကြောင်းနည်းပညာ တက္ကသိုလ်က သင်္ဘောတည်ဆောက်ရေး အင်ဂျင်နီယာ ဘွဲ့ရရှိသူတွေက မြန်မာ့တပ်မတော်(ရေ) အတွက် အဆင့်မြင့် ဖရီးဂိတ်တိုက်ခိုက်ရေးသင်္ဘောများကို တည်ဆောက်နိုင်ပြီ ဖြစ်ပါတယ်” ဟု မြန်မာစစ်တပ်အား ကူညီခဲ့ပုံကို ထိုမေးမြန်းခန်းတွင် အလက်ဇန္ဒရားဖိုမင်က ပြောသည်။

မော်စကိုနှင့်ရန်ကုန် ကူးချည်သန်းချည်ခရီးထွက်နေသည့် အလက်ဇန္ဒရားဖိုမင်နှင့် ဦးမင်းအောင်လှိုင်တို့ အကြားဆက်ဆံရေးသည်  ဦးမင်းအောင်လှိုင် ပြင်ဦးလွင် DSA စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်လာချိန် ၂၀၀၃ မှစ၍ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်လာခဲ့သည်။ 

နောင်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာစစ်တပ်၏ အကြီးအကဲဖြစ်လာသည့်အခါ အလက်ဇန္ဒရားဖိုမင်၏ နေပြည်တော်ခရီးကို မြန်မာစစ်တပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကော်ဇောနီခင်း ကြိုဆိုခဲ့သလို၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ရုရှားသို့ ခရီးစဉ်များတွင်လည်း အလက်ဇန္ဒရားဖိုမင်က မော်စကိုမြို့အပြင် Domodedovo လေဆိပ်တွင် လာကြိုလေ့ရှိသည်။

အလက်ဇန္ဒရားဖိုမင်၏ ချောင်းပေါက်မတတ် မြန်မာခရီးစဉ်များထဲမှ အရေးအကြီးဆုံးခရီးစဉ် က ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ဖြုတ်ချမည့် စစ်တပ်အာဏာသိမ်းပွဲမစမီ ၁၀ရက်အလို၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင်ဖြစ်သည်။ 

အလက်ဇန္ဒရားဖိုမင်နှင့်အတူပါလာသည့် ရုရှားကာကွယ်ရေးဝန်ကြီးက “ ကိုဗစ်-၁၉  ကမ္ဘာ့ကပ်ရောဂါ ကူးစက်နေမှုများကြားမှ နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်” ဟု နေပြည်တော်စစ်ရုံးတွင် မြန်မာစစ်ခေါင်းဆောင်ကို ကတိပေးခဲ့သည်။

ထို့နောက် ၁၀ ရက်အကြာ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အရုဏ်တက်ချိန်တွင် မြန်မာစစ်တပ်က အာဏာသိမ်းလိုက်သည်။

သီရိပျံချီအလက်ဇန္ဒရားဖိုမင် 

အရပ်သားအစိုးရကိုဖြုတ်ချခဲ့သည့် မြန်မာစစ်ခေါင်းဆောင်ကို သြဘာပေးရန် စစ်တပ်အာဏာသိမ်းပြီး နှစ်လမပြည့်မီ၊ ၂၀၂၁ ခုနှစ် မတ်လကုန်ပိုင်းတွင် အလက်ဇန္ဒရားဖိုမင် နေပြည်တော်သို့ နောက်ထပ်တစ်ကြိမ် ရောက်လာပြန်သည်။ 

၂၀၂၁ ခုနှစ် မတ်လ ၂၆ ရက်နေ့၊ နေပြည်တော်တွေ့ဆုံပွဲတွင် အလက်ဇန္ဒရားဖိုမင်က အာဏာသိမ်းစစ်ခေါင်းဆောင်၏ အယုံကြည်ဆုံးအနီးကပ်စစ်ဗိုလ်ချုပ်ငါးဦးကို ရုရှားစစ်တပ်၏ “တိုက်ပွဲဝင် သွေးသောက် စိတ်မြှင့်တင်မှု” (For Strengthening of Combat Companionship-in-Arms) ဆုတံဆိပ်ကို စစ်ခေါင်းဆောင်ရှေ့တွင် ချီးမြှင့်ခဲ့သည်။ သူကောင်းပြုခံရသူများထဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နေရာကို ဆက်ခံမည့် မြန်မာစစ်တပ် ခေါင်းဆောင်သစ် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးလည်းပါဝင်သည်။ 

စစ်တပ်အာဏာသိမ်းပြီး နှစ်လမပြည်မီ၊ ၂၀၂၁ ခုနှစ် မတ်လ ၂၆ ရက်နေ့က နေပြည်တော်သို့ ရောက်လာသည့် အလက်ဇန္ဒရားဖိုမင်ကို မြန်မာစစ်ခေါင်းဆောင်က ၎င်းအားခုခံတွန်းလှန်နေသူတို့၏ လက်နက်များအကြောင်း ရှင်းပြနေစဉ်။(ဓာတ်ပုံ – စစ်တပ်ထိန်းချုပ် MOI)

အာဏာသိမ်းပြီးနောက် အလက်ဇန္ဒရားဖိုမင်နှင့် မြန်မာစစ်ခေါင်းဆောင်တို့အကြား ဆက်ဆံရေးက ပိုမိုခိုင်မာလာခဲ့ပြီး ရုရှားအစိုးရကလည်း မြန်မာစစ်ခေါင်းဆောင်ကို ယုံကြည်ရသည့်မဟာမိတ်ဟု သတ်မှတ်ခဲ့သည်။ ထို့နောက်ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ကိုယ်တိုင် မြန်မာစစ်ခေါင်းဆောင်ကို အာဏာသိမ်းပြီးနောက်ပိုင်း ကရင်မလင်နန်းတော်သို့  နှစ်ကြိမ်တိုင်တိုင် ဖိတ်ခေါ်ခဲ့သည်။

အလက်ဇန္ဒရားဖိုမင်သည် မြန်မာစစ်တပ်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီခဲ့သူဟုလည်း မြန်မာစစ်အာဏာရှင်ကဆိုပြီး ‘သီရိပျံချီ’ ဆိုသည့်ဘွဲ့ကို ၂၀၂၃ ခုနှစ် တွင်ပေးခဲ့သည်။

မိုင်ထောင်ချီဝေးသည့် စစ်ဘက်မိတ်ဆွေနှစ်ဦးသည် မော်စကိုရွှေစည်းခုံပွဲတွင် ထပ်မံဆုံတွေ့ခဲ့ကြပြန်သည်။

ခရိုနီ KBZ ဦးအောင်ကိုဝင်းနှင့်မော်စကိုရွှေစည်းခုံ

ပုဂံခေတ်လက်ရာ ရွှေစည်းခုံပုံစံတူ ၂၁ ရာစု မော်စကိုရွှေစည်းခုံ၏အလှူရှင်သည်  မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်သူဌေးကြီး ဦးအောင်ကိုဝင်းနှင့် ဇနီးတို့ဖြစ်ကြသည်။  

၂၀၁၈ ခုနှစ် ကတည်းကစတင်ခဲ့သည့် စေတီတည်ဆောက်ရေးတွင် မြန်မာစစ်တပ်က ရုရှားသို့ပို့ထားသည့် ပညာသင်စစ်ဗိုလ်များ ပါဝင်ခဲ့ကြကြောင်းလည်း စစ်ခေါင်းဆောင်ကဆိုသည်။ 

စေတီတည်ဆောက်ရေးအတွက် ဦးဆောင်သည့် စစ်တပ်ဘက်ယိမ်း  သီတဂူဆရာတော်ဦးဉာဏိဿရ တည်ထောင်ထားသည့် သီတဂူအပြည်ပြည်ဆိုင်ရာဗုဒ္ဓသာသနာပြုအဖွဲ့၏ ထုတ်ပြန်ချက်တစ်ခုတွင် ရုရှားနိုင်ငံရှိ တက္ကသိုလ် ၁၀ ခုတွင် ပညာသင်ကြားနေသော မြန်မာကျောင်းသား ၂၅၀ ခန့်က အလှည့်ကျ လုပ်အားပေးခဲ့သည် ဟုဆိုသည်။ ရုရှားတက္ကသိုလ်များတွင် ပညာသင်နေသည့် မြန်မာအရပ်သားက နည်းပါးရာ ၎င်းတို့သည် မြန်မာစစ်တပ်က စေလွှတ်သည့် စစ်သားများဟုနားလည်ရသည်။

မော်စကိုရွှေစည်းခုံနံရံထက်တွင် ကမ္ပည်းမော်ကွန်းစာတွင် ကမ္ဘောဇသူဌေး  ဦးအောင်ကိုဝင်းနှင့်ဇနီးတို့၏ အမည်သည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့၏ အမည်နှင့်အတူ ယှဉ်တွဲလျက်ရှိနေသည်။

မော်စကိုရွှေစည်းခုံစေတီထက် ကမ္ပည်းစာတွင် ကမ္ဘောဇသူဌေး  ဦးအောင်ကိုဝင်းနှင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏အမည်များ ယှဉ်တွဲလျက်ရှိနေသည်။

စစ်ခေါင်းဆောင်နှင့် ဦးအောင်ကိုဝင်းတို့ကို တပူးပူးတတွဲတွဲမြင်ရသည်က မော်စကိုရွှေစည်းခုံနံရံမှ ကမ္ပည်းမော်ကွန်းစာတစ်ခုတည်းတွင်တော့မဟုတ်။ စစ်ခေါင်းဆောင်၏ ပြီးခဲ့သည့်ဇွန်လအိန္ဒိယခရီးစဉ်နှင့် သြဂုတ်လ ထိုင်းခရီးစဉ်တို့တွင်လည်း ဦးအောင်ကိုဝင်းကို စစ်ခေါင်းဆောင်၏ အနီးတွင်တွေ့မြင်ခဲ့ရသည်။

ယခုလ တတိယပတ်အတွင်း ရုရှားနှင့်ဘယ်လာရုစ်သို့ အာဏာသိမ်းစစ်ခေါင်းဆောင် ရောက်နေချိန်တွင်လည်း ဦးမင်းအောင်လှိုင်တက်ရောက်သည့် စီးပွားရေးအခမ်းအနားများတွင် ဦးအောင်ကိုဝင်းကို တွေ့မြင်ရသည်။

မြန်မာနိုင်ငံ၏အကြီးဆုံး စီးပွားရေးအင်ပါယာဖြစ်သည့် KBZ Group ကိုတည်ထောင်ထားသည့် ဦးအောင်ကိုဝင်း သည် ယခင်က မြန်မာစစ်ဘက်ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပေါ်ပေါ်ထင်ထင် တွဲထွက်လေ့မရှိခဲ့ပေ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်မူ အခမ်းအနားပွဲလမ်းသဘင်များတွင် ထင်ထင်ရှားရှား ယှဉ်တွဲမြင်ရလေ့ရှိလာ သည်။

“အောင်ပြီ…အောင်ပြီ… အောင်ပြီ” ဟု စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကြွေးကြော်ခဲ့ဖူးသည့် မော်စကိုရွှေစည်းခုံအား ငွေကြေးကုန်ကျခံတည်ခဲ့သည့်အချက်နှင့် ပတ်သက်၍လည်းကောင်း၊ စစ်ခေါင်းဆောင်နှင့် ၎င်း၏ ဆက်ဆံရေးအားလည်းကောင်း ဦးအောင်ကိုဝင်းကို Myanmar Now က ၎င်း၏ ရှေ့နေများကတဆင့်မေးမြန်းသော်လည်း ၎င်းက အကြောင်းပြန်ကြားခြင်းမရှိပေ။ 

ဦးအောင်ကိုဝင်းသည် UMFCCI နာယကအနေဖြင့်  စစ်ခေါင်းဆောင်၏ ပြည်ပသံခင်းတမန်ခင်း ဆောင်ရွက်ချက်များကို လူသိရှင်ကြားလည်းအားပေး ချီးကျူးခဲ့ဖူးသည်။ ၂၀၂၅ ခုနှစ် မတ်လ ၈ ရက် စစ်တပ်ထိန်းချုပ် သတင်းစာများမှတဆင့် ဖော်ပြခဲ့သည့် သဝဏ်လွှာတစ်စောင်တွင် စစ်ခေါင်းဆောင်၏ ရုရှားနှင့် ဘယ်လာရုစ်ခရီးစဉ်တို့ကို “သမိုင်းဝင် အောင်မြင်မှုများ”ဟု သုံးနှုန်း၍ ဦးအောင်ကိုဝင်းနှင့် UMFCCI အသင်းချုပ် ခေါင်းဆောင်များက ဂုဏ်ပြုခဲ့ကြသည်။

အိန္ဒိယ မဟာရက်ရှ်ထရာပြည်နယ် အုပ်ချုပ်ရေးမှူး ရှရီ ဂျစ်ရှနု ဒေဗ် ဗာရ်မနှင့် ဦးမင်းအောင်လှိုင်တို့ ဇွန်လ ၂ ရက်က မွမ်ဘိုင်း၌ တွေ့ဆုံပွဲတွင် ကမ္ဘောဇအုပ်စု တည်ထောင်သူ ဦးအောင်ကိုဝင်းကို တွေ့ရစဉ်။ (ဓာတ်ပုံ – စစ်တပ်ထိန်းချုပ်မီဒီယာ)

ဦးအောင်ကိုဝင်းသည် လူမြင်ကွင်းရှေ့ထွက်လာသည့်ဓာတ်ပုံများတွင် အနက်ရောင်ဦးထုပ်ကို အမြဲဆောင်းလေ့ ရှိပြီး ထိုဦးထုပ်ကို အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရကွန်းတို့ရှေ့တွင်ပင် မချွတ်ဘဲဆောင်းထားသည်။

သို့သော်မော်စကိုရွှေစည်းခုံစေတီကို ဦးဆောင်သည့် စစ်တပ်ဘက်ယိမ်း  သီတဂူဆရာတော် ဦးဉာဏိဿရနှင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်းက ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှ သူ၏နေအိမ်၌ တွေ့ဆုံချိန်တွင်မူ ဦးအောင်ကိုဝင်းက သီတဂူဆရာတော်ရှေ့ ဦးထုပ်ချွတ် ရှိခိုး ဂါရဝပြုခဲ့သည်။

နာရီနှင့်ချီကြာမြင့်သည့် မော်စကိုရွှေစည်းခုံစေတီ အနေကဇာတင်အခမ်းအနားပြီးဆုံးရန် တဖြည်းဖြည်းနီးကပ်လာချိန်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အရင်းနှီးဆုံး ရုရှားစစ်ဘက်မိတ်ဆွေ အလက်ဇန္ဒရား ဖိုမင်လက်ထဲ မိုက်ကရိုဖုန်းရောက်လာသည်။

ထိုနေ့အခမ်းအနားသည် မြန်မာကဦးဆောင်သည့် ဘာသာရေးအခမ်းအနားသက်သက်မဟုတ်ဟု ရုရှားကာကွယ်ရေး ဒုဝန်ကြီးက ရုရှားဘာသာဖြင့်ပြောသည်ကို စကားပြန်က မြန်မာများနားလည်စေရန် ရှင်းပြသည်။ထိုနေ့ပွဲကြောင့် ရုရှား- မြန်မာအကြား နယ်ပယ်အစုံတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားနိုင်သည်ဟုလည်း ၎င်းကဆိုသည်။

မော်စကိုရွှေစည်းခုံစေတီ  အနေကဇာတင်အခမ်းအနားပြီးဆုံးသွားပြီးဖြစ်သော်လည်း ရုရှားနှင့် မြန်မာစစ်အာဏာရှင်တို့အကြား ဆက်ဆံရေး ခေတ်သစ်တစ်ခုအစပျိုးလာခဲ့ပြီဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles