အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရှမ်းမြောက် စစ်ဆေးရေးဂိတ် ပစ်ခတ်မှု ပြည်သူ့စစ်နှင့်ဆက်နွှယ်သည့် အမျိုးသမီး သေဆုံး

မူဆယ်နှင့် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အကြား လမ်းပိုင်းပေါ်ရှိ MNDAA နှင့် အာရက္ခတပ်တော် (AA) တို့၏ စစ်ဆေးရေးဂိတ်တွင် ရပ်တန့်မပေးသော ကားတစ်စီး ပစ်ခတ်ခံရမှုတွင် သေဆုံးသွားသည့် အမျိုးသမီးမှာ  လုံထန်ပြည်သူ့စစ်ခေါင်းဆောင်၏ ချွေးမဖြစ်သည်ဟု သိရသည်။

မြန်မာ- တရုတ်နယ်စပ် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် (၁၀၅) မိုင်အနီး နမ့်ပန်စစ်ဆေးရေးဂိတ်တွင် ယခုလ ၂၉ ရက် နေ့လယ်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်အဖွဲ့နှင့် ဆက်နွှယ်သည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု ထိုအဖွဲ့များနှင့် နီးစပ်သူများထံက သိရသည်။

အနက်ရောင် ဂျစ်ကားအမျိုးအစား မော်တော်ယာဉ် မောင်းနှင်လာသည့် အမျိုးသမီးကို နမ့်ပန်ဂိတ်တွင် တာဝန်ကျနေသည့် ကိုးကန့်တပ်(MNDAA)နှင့် အာရက္ခတပ်တော် (AA) ရဲဘော်များက တားဆီးစဉ် ရပ်တန့်မပေးသည့်အတွက် ပစ်ခတ်ခဲ့မှုကြောင့် ကားမောင်သူအမျိုးသမီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု  ဆိုသည်။

သေဆုံးသူ အမျိုးသမီးမှာ ထိုဒေသတွင် လှုပ်ရှားသည့် လုံထန်ပြည်သူ့စစ်ခေါင်းဆောင် ဦးဟန်ဝင်း၏ ချွေးမဖြစ်သူ ရန်ကျားရွှေ ဖြစ်သည်ဟု (၁၀၅) မိုင်ရှိ ညီနောင်မဟာမိတ်တပ်ဖွဲ့ ဘက်က အတည်ပြုထား သည်။

ထိုကားသည်  မူဆယ်ဘက်မှ (၁၀၅) မိုင်သို့ လာရောက်ပြီး မူဆယ်ဘက်အပြန်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး စစ်ဆေးရေးဂိတ်၌ ရပ်တန့်မပေးဘဲ ကားဖြင့် တိုက်ရန် ကြိုးစားခဲ့သည့်အတွက် တာဝန်ကျ ရဲဘော်များက သေနတ်ဖြင့် ပစ်ခတ်စဉ် ကျည်ထိမှန်သေဆုံးခြင်းဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“မူဆယ်ကနေ (၁၀၅) မိုင်ကို လာတုန်းကလည်း အဲအမျိုးသမီးက စစ်ဆေးရေး ဂိတ်မှာ ရဲဘော်တွေကို စကားကို မချေမငံပြောပြီး ဝင်လာတာ။ ပြန်ထွက်တော့လည်း တားတာကို ရပ်မပေးဘူး။ ကားမှန်လည်း မချဘူး။ ဂိတ်မှာရှိတဲ့ တပ်သားတွေကို ကားနဲ့ လိုက်တိုက်တာ” ဟု (၁၀၅) မိုင်ရှိ ညီနောင်မဟာမိတ်အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဂိတ်လုံခြုံရေးအဖွဲ့များက ထိုကားကို သေနတ်ဖြင့် ခုနစ်ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်း အမျိုးသမီးမှာ ဦးခေါင်းနှင့် ပေါင်တွင် ကျည်ထိမှန်၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

“ခေါင်းမှာတစ်ချက်၊ ပေါင်မှာတစ်ချက်ထိတယ်။ (မူဆယ်) ဆေးရုံကို ပို့ပေးတော့ ဆုံးသွားတယ်။ အလောင်းကိုတော့ သူတို့ရဲ့ မိသားစုဝင်တွေကို လာယူခိုင်းထားတယ်လို့ သိရတယ်” ဟု ညီနောင်မဟာမိတ်အဖွဲ့နှင့် နီးစပ်သူ အမျိုးသားက ပြောသည်။

သေဆုံးသူအမျိုးသမီး မောင်းနှင်လာသည့်ယာဉ်က အခြားကားတစ်စီးကို တိုက်မိပြီး ရပ်တန့်နေစဉ်။  (ဓာတ်ပုံ-Mine Yu News)

အဆိုပါကိစ္စနှင့် ပတ်သက်၍ လုံထန်ပြည်သူ့စစ်တပ်ဖွဲ့ထံမှ တုံ့ပြန်မှုရရှိရန် Myanmar Now က ဆက်သွယ်နေဆဲ ဖြစ်သည်။ အာရက္ခတပ်တော် (AA) ကို ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းမပြန်သေးပေ။

ခုနစ်မိုင်ခန့်သာ ကွာဝေးသည့် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နှင့် နယ်စပ် မူဆယ်မြို့တို့ကို ဆက်သွယ်ထားရာ လမ်းပိုင်းတွင် စစ်တပ်နှင့် MNDAA/ AA ပူးပေါင်းစစ်ဆေးရေးဂိတ်များ ရှိကြပြီး နှစ်ဖက်လုံးက ခရီးသည်နှင့် ကုန်တင်ယာဉ်များကို စစ်ဆေးကြသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ယခု ပစ်ခတ်မှုဖြစ်သည့်နေရာနှင့် စစ်တပ်ဂိတ်မှာတစ်ဖာလုံခန့်သာ (တစ်မိုင်လျှင် ရှစ်ဖာလုံ) ကွာဝေးသည်ဟု သိရသည်။

လက်ရှိတွင် ထိုပစ်ခတ်မှုကြောင့် စစ်တပ်နှင့် MNDAA တို့အကြား တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို (၁၀၅) မိုင်ဒေသခံများက စိုးရိမ်နေကြသည်။ 

“အဲဒီ (သေဆုံးသူ) အမျိုးသမီးက လုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမတဲ့။ အဲဒါ ပြဿနာတွေ ထပ်တက်ကြမလား ကြောက်နေရတယ်” ဟု (၁၀၅) မိုင် ဒေသခံတစ်ဦးက ပြောသည်။

မူဆယ်မြို့ပေါ်တွင် လုံထန်ပြည်သူ့စစ်တပ်ဖွဲ့အပြင် မူဆယ်မြို့မပြည်သူ့စစ်၊ နမ့်ခမ်းမြို့မပြည်သူ့စစ်၊ ယခင်ကောင်းခါးပြည်သူ့စစ် လက်အောက်ခံအဖွဲ့ခွဲများ၊ တာမိုးညဲပြည်သူ့စစ် အပါအဝင် ပြည်သူ့စစ်တပ်ဖွဲ့များ အဓိက လှုပ်ရှားသည်။

ထို့အပြင် “၁၀၂၇ စစ်ဆင်ရေး” မတိုင်မီ ကွတ်ခိုင်၊ တာမိုးညဲ၊ နမ့်ခမ်း၊ မုံးကိုး မြို့တို့၌ လှုပ်ရှားသည့် ပြည်သူ့စစ်တပ်ဖွဲ့များပါ မူဆယ်မြို့ပေါ်တွင် ပူးတွဲထားသည်ဟု ပြည်သူ့စစ်တပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။

ယခုလ ၁၈ ရက်ကလည်း မူဆယ်မြို့နှင့် နမ့်ခမ်းမြို့အကြား နမ့်လိုင်းကျေးရွာအနီး ကားလမ်းပေါ်တွင် ဂိတ်ဖွင့်ထားသည့် KIA တပ်ဖွဲ့က ကားတစ်စီးအား ပစ်ခတ်ရာ အရပ်သားတစ်ဦး ဒဏ်ရာရခဲ့ သည်။

KIA ဂိတ်တွင် ဖြတ်သန်းမောင်းနှင်သွားသည့် ကားတစ်စီးက ရပ်တန့်ပေးခြင်းမရှိသည့်အတွက် တာဝန်ကျ ရဲဘော်က ပစ်ခတ်ခဲ့ရာမှ သဲတင်လာသည့် ကုန်ကားမောင်းသူ  နမ့်စန့်ကျေးရွာခံ စိုင်းအိုက်လှိုင်းဆိုင် ဆိုသူကို ပစ်ခတ်ခဲ့မိခြင်းဖြစ်သည်။ 

ထိုဖြစ်စဉ်ကြောင့် KIA တပ်ဖွဲ့ဂိတ်စခန်းကို ဒေသခံများက ဝိုင်းဝန်းဖျက်ဆီးခဲ့ပြီး ငွေကောက်ခံသည့် ဂိတ်အား ပိတ်သိမ်းခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားထားသည်။

စိုင်းအိုက်လှိုင်းဆိုင်သည် ဝဲဘက်ပခုံးအောက်တွင် ကျည်ဆန်နှစ်ခု ထိမှန်ထားပြီး ယာဘက် ဝမ်းဗိုက်တွင် ဒဏ်ရာရရှိထားသောကြောင့် မူဆယ်မြို့ ချယ်ရီမြေဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း ၊ KIA ထံမှ နစ်နာကြေး မရရှိသေးကြောင်း တအာင်းအမျိုးသမီးအဖွဲ့ (TWO) ကလည်း ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။ 

ပစ်ခတ်ခံရ၍ ဒဏ်ရာရထားသော နမ့်စန့်ကျေးရွာခံ စိုင်းအိုက်လှိုင်းဆိုင်။ (ဓာတ်ပုံ-TWO) 

“၁၀၂၇ စစ်ဆင်ရေး” အတွင်း မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိရာ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အား MNDAA၊ TNLA နှင့် AA တပ်ဖွဲ့ဝင်များက သိမ်းပိုက်နိုင်ခဲ့သည်။ ယခုနှစ် မတ်လတွင် မဟာမိတ် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို MNDAA တပ်ဖွဲ့က ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး မူဆယ် (၁၀၅) မိုင်ရှိ TNLA တပ်ဖွဲ့ များပါ လက်နက်ဖြုတ်သိမ်းပေးခဲ့ရသည်။

ထို့ကြောင့် လက်ရှိတွင် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အား MNDAA နှင့် AA တပ်ဖွဲ့များကသာ ပူးတွဲ အုပ်ချုပ်နေသည်။ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နှင့် ခုနစ်မိုင်အကွာရှိ မူဆယ်မြို့အား စစ်တပ်နှင့် ၎င်း၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များက ထိန်းချုပ်ထားသည်။

တရုတ်- မြန်မာနယ်စပ် နမ့်ခမ်းမြို့ကို TNLA က သိမ်းပိုက်ထားပြီး သိန္နီနှှင့် ကွတ်ခိုင်မြို့တို့အား MNDAA တပ်ဖွဲ့က ထိန်းချုပ်ထားသည်။

မန္တလေးမှ မူဆယ်မြို့ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အထိ ကုန်သွယ်ရေးလမ်းမတလျှောက် စစ်တပ်သာမက ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ အာရက္ခတပ်တော် (AA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့က ဂိတ်စခန်းများ ဖွင့်လှစ်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles