၁၀၂၇ စစ်ဆင်ရေးအလွန် ရှမ်းပြည်တခွင် ပျံ့နှံ့သွားသော တရုတ်ကျားဖြန့်ပြဿနာ
ဒေသအာဏာပိုင်များ၊ လက်နက်ကိုင်အဖွဲ့များ၏ မျက်ကွယ်တွင် ရပ်တည်ရန် မဖြစ်နိုင်သော ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည်နယ်တွင်ပင် ဆက်လက် လည်ပတ်ခဲ့သည်ကို စစ်တပ်ထုတ်ပြန်ချက်များတွင် တွေ့ရသည်။

မြန်မာနိုင်ငံ အရှေ့မြောက်နယ်စပ်က ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများကို “လုံးဝရှင်းလင်းလိုက်ပြီ” ဟု လွန်ခဲ့သောနှစ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ကြွေးကြော်ခဲ့သည်ကို မှတ်မိကြပါလိမ့်မည်။ တိတိကျကျ ဆိုရလျှင် ၂၀၂၅ ခုနှစ် မတ်လ ၇ ရက်၊ (၁၄) ကြိမ်မြောက် တရုတ်ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ် အစည်းအဝေးအပြီး၊ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးဝမ်ယိက တရုတ်ပြည်သူများနှင့် ကမ္ဘာကြီးကို ထိုကဲ့သို့ ကြွေးကြော် အသိပေးခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးဝမ်ယိ၏ ယုံကြည်မှုအပြည့်ဖြင့် ကြေညာခဲ့ပုံက အိမ်နီးချင်း မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်နက် နယ်မြေအတွင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မစွမ်းဆောင်နိုင်သော နိုင်ငံဖြတ်ကျော် တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်း ကွန်ရက်ကြီးကို မြေလှန်ဖြိုခွင်းလိုက်နိုင်သည့် အောင်မြင်မှုကြီးအဖြစ် တရုတ်အစိုးရကို ဂုဏ်တက်စေမည်မှာ အမှန်ပင်ဖြစ်သည်။
မြန်မာ- တရုတ်နယ်စပ်မြို့များတွင် အခြေစိုက်ပြီး၊ စစ်အုပ်စု၏ နယ်ခြားစောင့် ပြည်သူစစ်အဖွဲ့များ သို့မဟုတ် အပစ်အခတ်ရပ်စဲထားပြီး မဟာမိတ်ပြုထားသော နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ကာကွယ်စောင့်ရှောက်မှုဖြင့် ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသော ပြည်ပြေး တရုတ်ရာဇဝတ်သားများအားလုံးကို တရုတ်အစိုးရက တစ်ယောက်မကျန် ဖမ်းဆီးခေါ်ဆောင် သွားနိုင်ခဲ့လေပြီလားဟု အံ့ဩ မှင်တက် ဖြစ်ကြပေလိမ့်မည်။
ဝန်ကြီးဝမ်ယိ ရည်ညွှန်းခဲ့သော မြန်မာမြောက်ပိုင်းနယ်စပ်ဒေသ ဆိုသည်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် တရုတ်အစိုးရက “မီးစိမ်းပြ” ခွင့်ပြုခဲ့သည်ဟု နာမည်ကြီးခဲ့ပြီး၊ မည်သည့်တရုတ်ခေါင်းဆောင်က မျှ ထိုအချက်ကို ငြင်းဆိုခြင်းမရှိခဲ့သော “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့ရာ ကိုးကန့်ဒေသ၊ ထိုစစ်ဆင်ရေးကို နောက်ကွယ်မှ အဓိကထောက်ပံ့ခဲ့သော “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ ပန်ဆန်းနှင့် မိုင်းပေါက်ဒေသများ၊ မိုင်းလားတပ်ဖွဲ့ (NDAA) ထိန်းချုပ်နယ်မြေများ ဖြစ်သည်။
တရုတ်နိုင်ငံအတွက် အလွန်အရေးကြီးသော တရုတ်ပြည်သူ့ကွန်ဂရက် အစည်းအဝေးအပြီး၊ တရုတ်ပြည်သူများကို သတင်းကောင်းပါးချင်နေသော ဝန်ကြီးဝမ်ယိ၏ ကြေညာချက်က မြေပြင် ပကတိအမှန်တရားနှင့် မည်မျှကိုက်ညီမှု ရှိပါသနည်း။ ဝန်ကြီးဝမ်ယိ ကြေညာပြီးနောက် မြန်မာနိုင်ငံအနှံ့ တရုတ်ကျားဖြန့်ငွေလိမ် ဂိုဏ်းများ ပျံ့နှံ့သွားသည့် ဖြစ်စဉ်များ၊ ထိုငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေကြသော တရုတ်နိုင်ငံသား ရာထောင်ချီ ဆက်တိုက်ဖမ်းဆီးရမိနေသည့် ဖြစ်စဉ်များက ထိုမေးခွန်းအတွက် အဖြေပေးလျက်ရှိသည်။
ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းရေး ရည်ရွယ်ချက်ပါဝင်သော “၁၀၂၇ စစ်ဆင်ရေး” ကို ရှမ်းပြည်နယ် အရှေ့မြောက်တခွင်လုံး ဆင်နွှဲခဲ့ကြသော ညီနောင်မဟာမိတ်သုံးဖွဲ့ထဲတွင် ကိုးကန့် (MNDAA) နှင့် တအာင်း (TNLA) တို့ အဓိက ဦးဆောင်ခဲ့ကြသည်။ ရခိုင်ပြည်နယ်တွင် အဓိက စစ်ဆင်ရေး ဖော်ဆောင်ခဲ့သော အာရက္ခတပ်တော် (AA) က ရှမ်းမြောက်တခွင်တွင်လည်း ၎င်း၏တပ်ဖွဲ့များ အင်အားဖြည့် ပါဝင်ခဲ့သည်။
ထိုစစ်ဆင်ရေးကြောင့် စစ်တပ်ပြိုလဲလုနီး ဖြစ်ခဲ့ရာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကူအညီတောင်းခံမှုကြောင့် တရုတ်အစိုးရက ကြားဝင်စေ့စပ်ညှိနှိုင်းပေးကာ “ဟိုင်ဂင်သဘောတူညီချက်” အဆင့်ဆင့်ဖြင့် အပစ်အခတ် ရပ်စဲခဲ့ကြသည်။ ၂၀၂၅ ခုနှစ် ဧပြီလ ၂၁ ရက်တွင် လားရှိုးမြို့ပေါ်ရပ်ကွက်များကို ကိုးကန့်အဖွဲ့က စစ်ကောင်စီလက်ထဲ ပြန်လည်လွှဲပြောင်းပေးခြင်း၊ ဇူလိုင်လမှစ၍ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တို့မှ စစ်ရှုံးဆုတ်ခွာခဲ့ရသော TNLA သည် ဒီဇင်ဘာလတွင် မိုးကုတ်နှင့်မိုးမိတ်မြို့တို့ကို စစ်ကောင်စီ လက်ထဲ ပြန်လည်လွှဲပြောင်းပေးခြင်းဖြင့် “၁၀၂၇ စစ်ဆင်ရေး” ကို အဆုံးသတ်ခဲ့သည်။
သို့သော် အဆုံးမသတ်နိုင်သည်က ကျားဖြန့်ပြဿနာ ဖြစ်သည်။ ဤဆောင်းပါးတွင် “၁၀၂၇ စစ်ဆင်ရေး” အလွန် မြန်မာ- တရုတ်နယ်စပ်မျဉ်းပေါ်ရှိ ကိုးကန့် ၊ “ဝ” ၊ မိုင်းလား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ ထိန်းချုပ်နယ်မြေများဖြစ်သော လောက်ကိုင်၊ ပန်ဆန်းနှင့် မိုင်းလားမြို့တို့ အပါအဝင် သံလွင်မြစ်အရှေ့ခြမ်း နယ်မြေများမှ သံလွင်မြစ်အနောက်ခြမ်း ဒေသများအထိ တရုတ်ကျားဖြန့်ဂိုဏ်းများ ပျံ့နှံ့ရောက်ရှိသွားပုံကို အထောက်အထားအခြေပြု လေ့လာဆန်းစစ်သုံးသပ်သွားမည် ဖြစ်သည်။
ရှမ်းပြည်နယ်တခွင် တရုတ်ကျားဖြန့်ဂိုဏ်းများ ပျံ့နှံ့သွားသော သက်သေအထောက်အထားများ
၂၀၂၅ ခုနှစ် ဒီဇင်ဘာလဆန်းတွင် မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို အာဏာသိမ်းစစ်တပ် ပြန်လည်ထိန်းချုပ်နိုင် ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတခွင် “၁၀၂၇ စစ်ဆင်ရေး” အဆုံးသတ်သွားခဲ့သည်။ သို့သော် မြန်မာ – တရုတ်နယ်စပ်အနီး သံလွင်မြစ်အရှေ့ခြမ်းနယ်မြေများမှ တရုတ်ကျားဖြန့်ဂိုဏ်းများသည် စစ်ဆင်ရေးကာလ မတိုင်မီ မြစ်အရှေ့ခြမ်းတွင် အခြေစိုက်ရာမှ စစ်ပွဲများနှင့်အတူ မြစ်အနောက်ခြမ်းရှိ ရှမ်းပြည်နယ်အတွင်းပိုင်း မြို့ရွာများအထိ ပျံ့နှံ့သွားသည့် သက်သေအထောက်အထားများ ၂၀၂၆ ခုနှစ် နှစ်ဆန်းမှစ၍ စတင်ထွက်ပေါ် လာခဲ့သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်ထုတ် စစ်အုပ်စု၏ ဝါဒဖြန့် မြန်မာ့အလင်း သတင်းစာပါ ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရယ်မြို့တွင် မူးယစ်ဆေးဝါထုတ်လုပ်သည့် စခန်းနှင့် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ ဖော်ထုတ်တွေ့ရှိမှုသတင်းတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကတည်းက ကျေးသီးမြို့နယ်အတွင်းရှိ မိုင်းနောင်မြို့တွင် ကျားဖြန့်ဂိုဏ်းများ အခြေစိုက်နေမှုကို ဖော်ထုတ်တွေ့ရှိခဲ့ရကြောင်း၊ နိုဝင်ဘာလတွင် ကျောက်မဲမြို့နယ်အတွင်း ထပ်မံတွေ့ရှိကြောင်း၊ ဖမ်းဆီးရမိသော နယ်မြေများသည် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) နယ်မြေများအတွင်း ဖြစ်ပြီး၊ SSPP/SSA တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရသည်။
ဤဆောင်းပါးတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ အလယ်အထိ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သော ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ ဖမ်းဆီးရမိသည့် သတင်းအချက်အလက်များကို သက်သေအထောက်အထားများအဖြစ် အခြေခံထားပြီး၊ ကျားဖြန့်ဂိုဏ်းများ ပျံ့နှံ့ရောက်ရှိသွားသော မြို့များ ၏ တည်နေရာပြ မြေပုံကားချပ်၊ ဖမ်းဆီးရမိခဲ့သော တရုတ်နိုင်ငံသားနှင့် အခြားနိုင်ငံသားများ အရေအတွက်၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် အဓိကအသုံးပြုသော ဖုန်းမျိုးစုံ၊ ကွန်ပျူတာနှင့် ဆက်သွယ်ရေးပစ္စည်းများကို စာရင်းပြုစု လေ့လာဆန်းစစ် သုံးသပ်တင်ပြသွားမည် ဖြစ်သည်။
ပထမဦးစွာ ရှမ်းပြည်နယ်တခွင် တရုတ်ကျားဖြန့်ဂိုဏ်းများ ပျံ့နှံ့နေပုံကို နားလည်နိုင်ရန် အောက်ဖော်ပြပါ မြေပုံကားချပ်ကို လေ့လာရန် အလွန်အရေးကြီးပါသည်။ အစိမ်းရောင် တြိဂံများဖြင့် ဖော်ပြထားသော မြန်မာ- တရုတ် နယ်စပ်မျဉ်းအနီးရှိ မြို့လေးမြို့ ဖြစ်သော လောက်ကိုင်၊ ချင်းရွှေဟော်၊ ပန်ဆန်းနှင့် မိုင်းလား မြို့တို့သည် တရုတ်ကျားဖြန့်ဂိုဏ်းများ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက် အခြေစိုက်လာသော အဓိက နယ်စပ်ဝင်ပေါက်မြို့များ ဖြစ်သည်။

“၁၀၂၇ စစ်ဆင်ရေး” မတိုင်မီ ကိုးကန့်ဒေသသည် လောက်ကိုင်ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ) အခြေစိုက်သော အာဏာသိမ်းစစ်တပ် အပြည့်အဝထိန်းချုပ်ထားသည့် နယ်မြေဖြစ်သည်။ ပန်ဆန်းနှင့် မိုင်းလားတို့သည် UWSA နှင့် NDAA တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေများ ဖြစ်သည်။ ထို့အပြင် အာဏာသိမ်းစစ်တပ် အပြည်အဝထိန်းချုပ်ထားသော မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့နှင့် မြန်မာ- ထိုင်း နယ်စပ် တာချီလိတ်မြို့တို့သည် တရုတ်နိုင်ငံသားများ ပုံမှန်ဝင်ရောက်နေသော နယ်စပ်ကုန်သွယ်ရေး အဓိက ဝင်ပေါက်များ ဖြစ်သော်လည်း၊ ၁၀၂၇ စစ်ဆင်ရေး မတိုင်မီအထိ ကျားဖြန့်ဂိုဏ်းများ အခြေချလှုပ်ရှားသည့် သတင်းများ ထွက်ပေါ်ခြင်းမရှိဘဲ နယ်စပ်ကုန်သွယ်ရေးဖြင့် ထင်ရှားခဲ့သည်။
ကိုးကန့်ဒေသ လောက်ကိုင်နှင့် ချင်းရွှေဟော်၊ “ဝ” ဒေသ ပန်ဆန်းနှင့် မိုင်းပေါက်၊ မိုင်းလားနယ်စပ်မြို့များ သည် နယ်စပ်ကုန်သွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းနှင့် တွဲဖက်၍ ကာစီနို လောင်းကစားရုံများ၊ သတ္တုသယံဇာတ တူးဖော်ထုတ်လုပ်ရေး အပါအဝင် စီးပွားရေးလုပ်ငန်းမျိုးစုံ၌ တရုတ်နိုင်ငံသားများ၏ နယ်စပ် ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုများ နှစ်ကာလအတန်ကြာကတည်းက စီးဝင်လျက်ရှိသည်။
ထိုနယ်စပ်မြို့များ၏ မြို့ပြအင်္ဂါရပ်များသည် တရုတ်ရင်းနှီးမြှုပ်နှံမှုများကြောင့် ရှမ်းပြည်နယ်အတွင်းပိုင်း မြို့များထက် အလျင်အမြန် ကြီးထွားဖွံ့ဖြိုးခဲ့သည်။ ထို့အတူ UWSA နှင့် NDAA လက်နက်ကိုင်အဖွဲ့များသည် လက်နက်အင်အား အတောင့်တင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်လာသည်။
၁၀၂၇ စစ်ဆင်ရေး စတင်ချိန်တွင် MNDAA နှင့် မဟာမိတ်တပ်ဖွဲ့များသည် “ဝ” နယ်ထဲတွင် စစ်ရေးပြင်ဆင်ခဲ့ပြီး၊ ကိုးကန့်နှင့် “ဝ” နယ်စပ် နမ့်တစ်တံတားကို ဖြတ်၍ ချင်းရွှေဟော်နယ်စပ်ဂိတ်ကို စတင်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ ကျားဖြန့်ဂိုဏ်းများ အဓိကအခြေစိုက်သော လောက်ကိုင်မြို့ကို ကိုးကန့်ဒေသတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့ပြီးမှ လောက်ကိုင်- ဒကစ လက်နက်ချခြင်းကြောင့် နောက်ဆုံးမှ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် လောက်ကိုင်မြို့နှင့် ပတ်ဝန်းကျင်တွင် အခြေစိုက်လှုပ်ရှားနေသော တရုတ်ပြည်ပြေး ရာဇဝတ်သား ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များနှင့် ကျားဖြန့်လုပ်ငန်းတွင် အခရာကျသော နည်းပညာကျွမ်းကျင်သူများသည် ထိုမြို့မှ ထွက်ခွာရှောင်တိမ်းရန် အချိန်လုံလောက်စွာ ရရှိခဲ့မည်ကို တွက်ဆနိုင်သည်။ ထို့အတူ ကိုးကန့်သူဌေး မိသားစုဝင်များသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အထူးစီစဉ်ပေးမှုဖြင့် နေပြည်တော်အထိ ကယ်ထုတ် စောင့်ရှောက်ထားခဲ့သည် မဟုတ်ပါလား။
ဤနေရာတွင် တရုတ်အစိုးရသည် ကိုးကန့်သူဌေးမိသားစု လေးခုကိုသာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့် အဓိက တရားခံများသဖွယ် ဝါဒဖြန့် ပုံဖော်ခဲ့သည်ကို သတိပြုရမည် ဖြစ်သည်။ စင်စစ် ကိုးကန့်သူဌေးကြီးများ ဆိုသူ တို့သည် ကိုးကန့်ဒေသတွင် စစ်ဘုရင်များသဖွယ်ကြီးစိုးလျက် အသက်အရွယ်ကြီးရင့်သူများဖြစ်ပြီး၊ ခေတ်မီ နည်းပညာတို့ကို တတ်ကျွမ်းသူများ မဟုတ်ကြပါ။ ၎င်းတို့၏ သားသမီးများသည်လည်း ကိုးကန့်နယ်စပ်ဒေသ နှင့် တရုတ်နိုင်ငံဘက်အခြမ်းတွင် ကြီးပြင်းကြသူများဖြစ်ပြီး၊ နည်းပညာ ကျွမ်းကျင်သူများ မဟုတ်ကြပါ။
ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများ၏ အဓိကသော့ချက်ဖြစ်သော နည်းပညာအခြေခံ အဆောက်အဦများ ကို နောက်ကွယ်မှ ကြိုးကိုင်မောင်းနှင်ကြသူများနှင့် လိမ်လည်ရရှိသော ငွေကြေးများကို ဒီဂျစ်တယ်ငွေကြေး များအဖြစ် ပြောင်းလဲ၍ သိုဝှက်သိမ်းဆည်းကြသည့် တရုတ်ရာဇဝတ်ပြေး ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များ မည်သူမည်ဝါဆိုသည့်အချက်ကို ယနေ့အချိန်ထိ တရုတ်အစိုးရခေါင်းဆောင်များ ဖုံးကွယ်ထားကြသည်။
“၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း ကျားဖြန့်ဂိုဏ်းတွင် လုပ်ကိုင်နေကြသော တရုတ်လူမျိုး ထောင်သောင်းချီ ဖမ်းဆီးခံရပြီး၊ တရုတ်အစိုးရလက်ထဲ အပ်နှံခဲ့ကြသော်လည်း၊ အဓိက အရေးပါသော ကျားဖြန့်ခေါင်းဆောင် များနှင့် နည်းပညာရှင်များသည် တရုတ်နိုင်ငံထဲသို့ ပြန်လည်ဝင်ရောက်လျှင် ဖမ်းဆီးခံရနိုင်သဖြင့် သံလွင်မြစ် ကို ဖြတ်၍ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း မြို့ငယ်များစွာသို့ လွတ်မြောက်သွားခဲ့ပုံ ရသည်။
ထိုကဲ့သို့ ထွက်ပြေးရာတွင် ကျားဖြန့်လုပ်ငန်း၏ အဓိကအရေးပါသော ဒေတာစင်တာများ (Database) ကို အွန်လိုင်းတွင် ထိန်းသိမ်းထားနိုင်ခြင်း၊ အရေးပါသော နည်းပညာအခြေခံပစ္စည်းအချို့ကို တပါတည်း ယူဆောင်သွားနိုင်ခဲ့ခြင်း၊ ဒီဂျစ်တယ်ငွေကြေးသုံးစွဲကြသဖြင့် လိမ်လည်ရယူထားသော ငွေကြေးများ မဆုံးရှုံးရန် ကာကွယ်နိုင်ခြင်း၊ ရောက်ရှိသည့် နေရာသစ်များတွင် ကျားဖြန့်အဆောက်အအုံသစ်များကို အလျင်အမြန် တည်ဆောက်နိုင်သောငွေကြေး သုံးစွဲနိုင်စွမ်းရှိခြင်းနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းကို အချိန်တိုအတွင်း ပြန်လည် လုပ်ကိုင်နိုင်စွမ်းရှိခြင်းတို့ကို ၎င်းတို့၏ အားသာချက်များအဖြစ် လေ့လာတွေ့ရှိရသည်။
ထို့ကြောင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ကြွေးကြော်သကဲ့သို့ မြန်မာ- တရုတ်နယ်စပ်တွင် တရုတ် ကျားဖြန့်ဂိုဏ်းများကို လုံးဝရှင်းလင်းနိုင်ခဲ့ပြီ ဆိုသည်မှာ နယ်စပ်ဒေသမှ ရှမ်းပြည်နယ်အတွင်းပိုင်း မြို့ရွာအနှံ့ သို့ မောင်းထုတ်လိုက်ခြင်းမျှသာဖြစ်ကြောင်း အောက်တွင်ဖော်ပြမည့် အချက်အလက်များအရ လေ့လာတွေ့ရှိ ရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မြို့များတွင် တရုတ်ကျားဖြန့်ဂိုဏ်းများ ဖမ်းဆီးရရှိမှု အခြေအနေ
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်ပိုင်းအထိ ခုနစ်လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ငါးမြို့တွင် ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသည့်နေရာများကို အာဏာသိမ်းစစ်တပ်နှင့် ရဲတပ်ဖွဲ့များက ဝင်ရောက်စီးနင်း ဖမ်းဆီးရမိမှုပေါင်း ၁၉ မှုရှိခဲ့ပြီး၊ တရုတ်နိုင်ငံသား ၇၇၂ ဦးနှင့် မြန်မာနိုင်ငံသား ၂၆၅ ဦး၊ စုစုပေါင်း ၉၈၇ ဦးအထိ ရှိကြောင်း လေ့လာတွေ့ရှိရသည်။
စစ်အုပ်စု ဝါဒဖြန့်သတင်းစာ ထုတ်ပြန်ကြေညာချက်များအရ ဖြစ်စဉ်တစ်ခုချင်းစီတွင် ဖမ်းဆီးမိသော လူဦးရေ နှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းသုံးပစ္စည်းများကို ဇယား (၁) တွင် ပြုစုဖော်ပြထားပါသည်။ သို့သော် အွန်လိုင်း ငွေလိမ်ဂိုဏ်းများတွင် လုပ်ငန်းလုပ်ကိုင်သူများ နေထိုင်သည့် အဆောက်အအုံများနှင့် အခြား အသုံးအဆောင် ပစ္စည်းများစာရင်းကို ထိုဇယားတွင် ထည့်သွင်းမဖော်ပြဘဲ ချန်လှပ်ထားပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ် ငါးမြို့မှာ မူဆယ်၊ သီပေါ၊ မိုင်းရယ်၊ တန့်ယန်းနှင့် မက်မန်း မြို့တို့ ဖြစ်သည်။ ထိုမြို့များ၏ ပထဝီအနေအထားအရ မက်မန်းတစ်မြို့တည်းသာ သံလွင်မြစ်အရှေ့ခြမ်းတွင် တည်ရှိပြီး၊ ကျန် လေးမြို့မှာ သံလွင်မြစ်အနောက်ခြမ်းတွင် တည်ရှိသော မြို့များ ဖြစ်သည်။ မက်မန်းမြို့သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲတွင် ပါဝင်ပြီး၊ စစ်တပ် ထိန်းချုပ်နယ်မြေ ဖြစ်သည်။
“၁၀၂၇ စစ်ဆင်ရေး” ကို နောက်ကြောင်းပြန် ခြေရာခံကြည့်လျှင် ညီနောင်မဟာမိတ်တပ်ဖွဲ့များ သီပေါမြို့ကို သိမ်းပိုက်ချိန်၊ လာရှိုးမြို့သိမ်းစစ်ပွဲနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဝိုင်းပတ်တိုက်ခိုက်နေချိန်၊ UWSA တပ်ဖွဲ့များသည် သံလွင်မြစ်ကို ဖြတ်ကူး၍ တန့်ယန်းနှင့် မိုင်းရယ်မြို့များကို ထိန်းချုပ်ခဲ့သည်။ ထိုကဲ့သို့ UWSA တပ်ဖွဲ့များ သံလွင်မြစ်အနောက်ခြမ်းသို့ စိုးမိုးနယ်မြေ ချဲ့ထွင်လာခြင်းသည် ၁၉၈၉ ခုနှစ် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။
ထိုစဉ်က စစ်တပ်နှင့်ညှိနှိုင်းပြီး တန်ယန်းနှင့် မိုင်းရယ်ဒေသရှိ “ဝ” ပြည်သူများကို အကာအကွယ်ပေးရန်နှင့် စစ်ပွဲများ ထိုမြို့များအထိ ရောက်ရှိမလာစေရန် ကာကွယ်ခြင်းဖြစ်သည်ဟု UWSA ခေါင်းဆောင်များက တုံ့ပြန်ခဲ့ကြသည်ကို မှတ်မိကြပါလိမ့်မည်။ တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် “၁၀၂၇ စစ်ဆင်ရေး” တွင် သိမ်းပိုက်ခြင်းမပြုခဲ့သဖြင့်၊ အာဏာသိမ်းစစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် ကျန်ရှိနေသည့် တစ်ခုတည်း သော မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့မှာ မူဆယ်မြို့ ဖြစ်သည်။

ဇယား (၁) ကို လေ့လာမည်ဆိုလျှင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် UWSA ထိန်းချုပ်ထားခဲ့သော မိုင်းရယ်မြို့နယ်ထဲ အခြေစိုက်နေသော တရုတ်ကျားဖြန့်ဂိုဏ်းနှင့် တရုတ်နိုင်ငံသား ၃၃၀ ဦးကိုလည်းကောင်း၊ နောက် နှစ်လအကြာ ဧပြီလ ၄-၅ ရက်တို့တွင် တန့်ယန်း မြို့နယ်ထဲ စခန်းချလုပ်ကိုင်နေသော တရုတ်နိုင်ငံသား ၁၀၃ ဦးနှင့် မြန်မာနိုင်ငံသား ၂၀ ဦးကို လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။ ထို့ကြောင့် မိုင်းရယ်နှင့် တန်ယန်း နှစ်နေရာတွင် ဖမ်းဆီးမိသည့် တရုတ်နိုင်ငံသား အရေအတွက်သည် ရှမ်းပြည်နယ်မြောက်ပိုင်းတခွင် ဖမ်းဆီးရမိမှုအားလုံး၏ ၆၀ ရာခိုင်နှုန်း ရှိသည်။ တဖန် စစ်အုပ်စု ထိန်းချုပ်ထားသော မူဆယ်မြို့တွင် ဖမ်းဆီးမှု ကိုးကြိမ် အတွင်း တရုတ်နိုင်ငံသား ၁၅၇ ဦးနှင့် မက်မန်းမြို့တွင် ဖမ်းဆီးမှု လေးကြိမ်အတွင်း တရုတ်နိုင်ငံသား ၁၀၇ ဦး ဖမ်းဆီးရမိခဲ့သည်။
တရုတ်ကျားဖြန့်ဂိုဏ်းများသည် နယ်စပ်ဒေသများမှ သံလွင်မြစ်အနောက်ခြမ်း ရှမ်းပြည်နယ်မြောက်ပိုင်း မြို့များသို့ ပြောင်းရွှေ့အခြေစိုက်ခဲ့ရာတွင် ၎င်းတို့၏ လုံခြုံရေးကို အထူးအလေးထား ကာကွယ်ပေးနိုင်မည့် မြို့များကို ရွေးချယ်ကြလိမ့်မည်မှာ သေချာပါသည်။ အဆိုပါ စဉ်းစားချက်အခြေခံပေါ်မှ လေ့လာသုံးသပ်ခဲ့ရာ စိတ်ဝင်စားစရာကောင်းသည့် တွေ့ရှိချက်မှာ စစ်အုပ်စု သို့မဟုတ် စစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်မြို့နယ်များသို့ ရွှေ့ပြောင်းခဲ့ကြသည်ဆိုသောအချက် ဖြစ်သည်။
ထူးခြားချက်အနေဖြင့် မူဆယ်မြို့ရှိ ကျားဖြန့်အွန်လိုင်း ငွေလိမ်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားထက်၊ မြန်မာနိုင်ငံသား အရေအတွက် ပို၍များပြားစွာ ဖမ်းဆီးရရှိခဲ့ပြီး၊ စုစုပေါင်း မြန်မာနိုင်ငံသား ၂၃၉ ဦး ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ဖမ်းဆီးရမိသော နေရာများမှာ မူဆယ်မြို့ထဲရပ်ကွက်များအတွင်းရှိ အဆောက်အအုံများ ဖြစ်နေသည်။
ထိုအချင်းအရာက ညွန်ပြနေသည်မှာ တရုတ်နိုင်ငံသား ဦးဆောင်သူ အရေအတွက် အနည်းငယ်နှင့် မြန်မာနိုင်ငံသား ကျားဖြန့်လုပ်သားအများစုပါဝင်သော ကျားဖြန့်ဂိုဏ်းများ မြန်မာပြည်တွင်း၌ ဖြစ်ထွန်းပေါ်ပေါက်နေပြီလားဆိုသည့် မေးခွန်းဖြစ်သည်။ အကယ်၍ ထိုကဲ့သို့ ဖြစ်ပေါ်နေပြီဟုဆိုလျှင် ကျားဖြန့်ငွေလိမ် ဂိုဏ်းများသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကင်ဆာရောဂါသဖွယ် အန္တရာယ်အလွန်ကြီးမားစွာ အမြစ်တွယ် ပျံ့နှံ့နေပြီ ဟု သုံးသပ်နိုင်ပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း မြို့များတွင် တရုတ်ကျားဖြန့်ဂိုဏ်းများ ဖမ်းဆီးရရှိမှု အခြေအနေ
၂၀၂၆ ခုနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကွန်ဟိန်း၊ မိုင်းရှူး၊ လဲချား၊ နမ့်စန်နှင့် မိုင်းပန် မြို့နယ်တို့တွင် တရုတ်ကျားဖြန့်ဂိုဏ်းများကို ၁၃ ကြိမ် ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား ၅၃၁ ဦး၊ မြန်မာနိုင်ငံသား ၂၀ ဦးနှင့် ဗီယက်နမ်နိုင်ငံသား တစ်ဦးတို့ ဖမ်းဆီးရမိကြောင်း မြန်မာ့အလင်း သတင်းစာတွင် တွေ့ ရှိရသည်။
ဇယား (၂) ကို လေ့လာကြည့်လျှင် ဖမ်းဆီးမှု အကြိမ်အရေအတွက်အလိုက် လဲချားမြို့တွင် ငါးကြိမ်၊ ကွန်ဟိန်း မြို့တွင် သုံးကြိမ်၊ မိုင်းပန်မြို့တွင် သုံးကြိမ်၊ မိုင်းရှူးနှင့် နမ့်စန်မြို့များတွင် တစ်ကြိမ်စီ ဖြစ်သည်။ တရုတ်နိုင်ငံသား ဖမ်းဆီးရမိမှုမှာ ကွန်ဟိန်းမြို့တွင် ၂၇၆ ဦး သို့မဟုတ် ဖမ်းဆီးရမိမှု စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော်ရှိပြီး၊ လဲချားမြို့တွင် တရုတ်နိုင်ငံသား ၁၃၈ ဦး သို့မဟုတ် ဖမ်းဆီးရမိမှု စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကျော် ရှိသည်။ မိုင်းပန်မြို့တွင် တရုတ်နိုင်ငံသား ၆၁ ဦး သို့မဟုတ် ဖမ်းဆီးရမိမှု စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကျော် ရှိသည်။
အဆိုပါငါးမြို့လုံးသည် သံလွင်မြစ်အနောက်ခြမ်းတွင် တည်ရှိသည်။ ထို့အပြင် “၁၀၂၇ စစ်ဆင်ရေး” နယ်မြေ အပြင်ဘက်တွင် တည်ရှိပြီး၊ စစ်ဖြစ်ပွားလျက်ရှိသော စစ်ဇုန်ထဲတွင် မပါဝင်သော်လည်း၊ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့၏ နယ်မြေစိုးမိုးရေးအတွက် လှုပ်ရှားသော နယ်မြေများ ဖြစ်သည်။ ကျေးသီးမြို့ အတွင်းရှိ ဝမ်ဟိုင်းဒေသသည် SSPP/SSA ဌာနချုပ် တည်ရှိရာဒေသ ဖြစ်သည်။ ကျားဖြန့်ဂိုဏ်းဝင် တရုတ်နိုင်ငံသား ၃၈ ဦးကို ဖမ်းဆီးရမိခဲ့သော နမ့်စန်မြို့သည် အာဏာသိမ်း စစ်အုပ်စု၏ လေတပ်စခန်းနှင့် စစ်တပ်များ အခိုင်အမာတပ်စွဲထားသော စစ်တပ်ထိန်းချုပ်မြို့နယ် ဖြစ်သည်။

ထို့ကြောင့် ခြုံငုံသုံးသပ်ရလျှင် ရှမ်းပြည်နယ်တောင်ပိုင်း ငါးမြို့နယ်တွင် ကျားဖြန့်ဂိုဏ်းများ ဝင်ရောက်ပျံ့နှံ့ အခြေစိုက်လာခြင်းသည် အာဏာသိမ်းစစ်တပ်၏ နယ်မြေ သို့မဟုတ် စစ်တပ်နှင့် အပစ်အခတ် ရပ်စဲထားသော ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့နယ်မြေများ ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့များတွင် တရုတ်ကျားဖြန့်ဂိုဏ်းများ ဖမ်းဆီးရရှိမှု အခြေအနေ
၂၀၂၆ ခုနှစ်အတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တရုတ်ကျားဖြန့်ဂိုဏ်းများ ဖမ်းဆီးရရှိသောနှစ်မြို့မှာ တာချီ လိတ်နှင့် မိုင်းခတ်မြို့တို့ ဖြစ်သည်။ ပထဝီတည်နေရာအရ တာချီလိတ်မြို့သည် မြန်မာ- ထိုင်းနယ်စပ် ကုန်သွယ်ရေးမြို့ ဖြစ်ပြီး၊ အာဏာသိမ်းစစ်အုပ်စု အပြည့်အဝထိန်းချုပ်ထားသော မြို့ဖြစ်သည်။ မိုင်းခတ်မြို့ သည် UWSA ၏ ပန်ဆန်းမြို့နှင့် NDAA ၏ မိုင်းလားမြို့အကြား တည်ရှိပြီး၊ အာဏာသိမ်း စစ်အုပ်စု အဓိက ထိန်းချုပ်ဒေသ ဖြစ်သည်။
ဇယား (၃) ကို လေ့လာမည်ဆိုလျှင် ၂၀၂၆ ခုနှစ်အတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၌ တရုတ်ကျားဖြန့် ဂိုဏ်းများ ဖမ်းဆီးမှု ရှစ်ကြိမ် ရှိခဲ့ရာတွင် တာချီလိမ်မြို့၌ ခြောက်ကြိမ်နှင့် မိုင်းခတ်မြို့၌ နှစ်ကြိမ် ဖြစ်သည်။ တာချီလိတ်မြို့၌ ဖမ်းဆီးရမိသော တရုတ်နိုင်ငံသား ၅၆၃ ဦး သို့မဟုတ် ဖမ်းဆီးရရှိမှု စုစုပေါင်း၏ ၈၅ ရာခိုင်နှုန်း၊ မိုင်းခတ်မြို့၌ တရုတ်နိုင်ငံသား ၁၀၁ ဦး သို့မဟုတ် ၁၅ ရာခိုင်နှုန်း ရှိသည်။ မြန်မာလူမျိုး ၆၄ ဦး ဖမ်းဆီးရမိသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျားဖြန့်ဂိုဏ်းများ ဖမ်းဆီးမှုတွင် ထူးခြားချက်မှာ ဖမ်းဆီးရမိသူများအထဲ နိုင်ငံခြားသားစုံလင်ပြီး၊ ဗီယက်နမ်နိုင်ငံသား ၅၈ ဦး၊ မလေးရှားနိုင်ငံသား ၃၈ ဦး၊ လာအိုနိုင်ငံသား နှစ်ဦး၊ ဖိလစ်ပိုင်နှင့် ထိုင်ဝမ်နိုင်ငံသား တစ်ဦးစီ ပါဝင်သည်။

တာချီလိတ်မြို့တွင် ကျားဖြန့်တရုတ်နိုင်ငံသား အများအပြား ဝင်ရောက်နိုင်ခြင်းမှာ ထိုင်း- မြန်မာ- လာအို သုံးနိုင်ငံကို မဲခေါင်မြစ်ဖြင့် နယ်နိမိတ်ပိုင်းခြားထားသော ရွှေတြိဂံနယ်မြေဒေသထဲတွင် တည်ရှိသောကြောင့် ဖြစ်သည်။ ရွှေတြိဂံဒေသသည် အရှေ့တောင်အာရှဒေသတွင် ဘိန်းဖြူနှင့် မူယစ်ဆေးဝါး ထွက်ရှိသည့် နာမည်ကြီး ဒေသဖြစ်သည်။ တရုတ်နိုင်ငံသားများသည် လာအိုနိုင်ငံမှတဆင့် မဲခေါင်မြစ်ကို ဖြတ်ကူး၍ဖြစ်စေ၊ ထိုင်းနိုင်ငံထဲမှတဆင့် မဲဆိုင်- တာချီလိတ် နယ်စပ်ဂိတ်မှဖြစ်စေ အလွယ်တကူ ဝင်ရောက်နိုင်သောမြို့ ဖြစ်သည်။
ထို့ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ- တရုတ်နယ်စပ်မြို့များတွင် ကျားဖြန့်ဂိုဏ်းများကို တရုတ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်း၍ ပြင်းပြင်းထန်ထန် နှိမ်နင်းလာချိန်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းသို့ တရုတ်ကျားဖြန့်ဂိုဏ်းများ ရွှေ့ပြောင်းအခြေစိုက် လာခြင်းက သိသာထင်ရှားသော အချင်းအရာ ဖြစ်သည်။
ကျားဖြန့်ဂိုဏ်းများ ရှင်သန်လည်ပတ်နိုင်ရေး မရှိမဖြစ် နည်းပညာပစ္စည်းများနှင့် လုံခြုံရေးအကာအကွယ်
ကျားဖြန့်ဂိုဏ်းများကို ဖမ်းဆီးရမိတိုင်း ၎င်းတို့ အဓိက အသုံးပြုသော နည်းပညာပစ္စည်းများဖြစ်သည့် ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများနှင့် အင်တာနက် ဆက်သွယ်ရေးပစ္စည်း အမြောက်အမြားကိုပါ သိမ်းဆည်းရမိလေ့ ရှိပါသည်။ အထက်တွင်ဖော်ပြခဲ့သော ဇယား (၁)၊ (၂) နှင့် (၃) တွင် သိမ်းဆည်းရမိသော ပစ္စည်းများစာရင်းကို ပူးတွဲဖော်ပြထားရာ၊ စိတ်ဝင်စားဖွယ်အကောင်းဆုံး ပစ္စည်းမှာ Starlink များ ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ဖမ်းဆီးမှုများအတွင်း Starlink စက်အရေအတွက် ၇၃ လုံး၊ တောင်ပိုင်းတွင် ၄၅ လုံး နှင့် အရှေ့ပိုင်းတွင် ၂၂ လုံး၊ စုစုပေါင်း ၁၄၀ လုံး သိမ်းဆည်းရမိခဲ့သည်။ ၎င်းနှင့်အတူ Wifi Router စက်အလုံးရေ စုစုပေါင်း ၆၃ ခုကိုလည်း သိမ်းဆည်းရမိခဲ့သည်။ Starlink စက်များသုံးစွဲမှုသည် မြန်မာနိုင်ငံ တွင် ခွင့်ပြုထားခြင်းမရှိသလို၊ ဝယ်ယူရရှိနိုင်ခြင်းမရှိပါ။ ထို့အတူ အိမ်နီးချင်း တရုတ်နိုင်ငံတွင်လည်း Starlink ကို ပိတ်ပင်ထားပါသည်။ ထိုစက်များကို ထိုင်းနှင့် လာအိုနိုင်ငံမှတဆင့် အဓိက ဝယ်ယူတင်သွင်း နိုင်ဖွယ်ရှိပါသည်။
ထို့အပြင် သိမ်းဆည်းရမိသော ပစ္စည်းများအထဲ ကွန်ပျူတာများနှင့် မိုဘိုင်းဖုန်းများသည် အရေအတွက် အများဆုံးဖြစ်သည်။ Desktop ကွန်ပျူတာ ၉၉၅ လုံး၊ Laptop ကွန်ပျူတာ ၁၃၄ လုံးနှင့် မိုဘိုင်းဖုန်းမျိုးစုံ ၂,၆၇၀ လုံး သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ ကွန်ပျူတာများနှင့် မိုဘိုင်းဖုန်းများ၊ အင်တာနက်ဆက်သွယ်ရေး ပစ္စည်းများသည် ကျားဖြန့်ဂိုဏ်းများ မည်ကဲ့သို့ လုပ်ငန်းလည်ပတ်နေသည်ကို ခြေရာခံနိုင်သည့် သက်သေ အထောက်အထားများ ဖြစ်သည်။
သို့ရာတွင် အာဏာသိမ်းစစ်တပ်က ကျားဖြန့်ဂိုဏ်းများ ဖမ်းဆီးရမိမှုသတင်းကိုသာ ထုတ်ပြန်လေ့ရှိပြီး၊ နောက်ဆက်တွဲ စုံစမ်းဖော်ထုတ်မှုအခြေအနေများကို မည်သည့်အခါကမျှ ထုတ်ပြန်ခြင်းမရှိခဲ့ပါ။ ထို့အပြင် သံသယဖြစ်ဖွယ်ကောင်းသည့်အချက်မှာ ကျားဖြန့်ရာဇဝတ်မှုများ၏ အဓိက သက်သေအထောက်အထားများ ဖြစ်သော နည်းပညာ ပစ္စည်းများကို စစ်အုပ်စုက ဖျက်ဆီးခြင်းနှင့် ထိုသတင်းများကို ၎င်းတို့၏ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြနေခြင်း ဖြစ်သည်။
အဆိုပါ မရှိမဖြစ် နည်းပညာပစ္စည်းများအပြင် ကျားဖြန့်ဂိုဏ်းတစ်ခုတွင် ရာနှင်ချီသော အလုပ်လုပ်ကြသူများ အတွက် နေထိုင်စရာ အဆောက်အအုံများ ဆောက်လုပ်ရန် ကျယ်ဝန်းသော မြေနေရာများနှင့် ဆောက်လုပ်ရေးပစ္စည်း အမြောက်အမြား လိုအပ်သည်။ ထို့အပြင် လျှပ်စစ်ဓာတ်အား ထုတ်ပေးသော မီးစက်များလည်း ပါဝင်သည်။ ထို့ပစ္စည်းများသည် ကျားဖြန့်လုပ်ငန်းလည်ပတ်ရန် မရှိမဖြစ် လိုအပ်သော ပစ္စည်းများ ဖြစ်သည်။ အဆိုပါ ပစ္စည်းများကို တရုတ်နိုင်ငံသား အများစုပါဝင်သော ကျားဖြန့် ဂိုဏ်းများက ရှမ်းပြည်နယ်အတွင်း လွယ်လင့်တကူ ရရှိနေခြင်း၊ အဆောက်အအုံများစွာ ပါဝင်သော ကျားဖြန့် ခြံဝင်းကြီးများကို အခိုင်အမာတည်ဆောက် လည်ပတ်နေခြင်းတို့မှာ ဒေသအာဏာပိုင်များနှင့် လက်နက်ကိုင်အဖွဲ့၏ မျက်ကွယ်တွင် လျှို့ဝှက်စွာ လုပ်ဆောင်ရန် မဖြစ်နိုင်ပါ။
ထို့ကြောင့် ရှမ်းပြည်နယ်အတွင်း ကျားဖြန့်ဂိုဏ်းများ အခြေစိုက်လှုပ်ရှားနိုင်ခြင်းသည် အွန်လိုင်းမှလိမ်လည် ရရှိသော ငွေကြေးများပေါ်တွင် အကျိုးအမြတ်ခွဲဝေခံစားနေသော ဒေသအာဏာပိုင်များနှင့် လက်နက်ကိုင်အဖွဲ့များ၏ ကာကွယ်စောင့်ရှောက်မှုကြောင့် ဆိုသည့်အချက်က ထင်ရှားလှပါသည်။ ဤဆောင်းပါးက ဖော်ထုတ်တွေ့ရှိသော အဆိုပါ ဒေသအာဏာပိုင်များနှင့် လက်နက်ကိုင်အဖွဲ့များဆိုသည်မှာ အာဏာသိမ်းစစ်အုပ်စုနှင့် စစ်တပ်နှင့်အပစ်အခတ်ရပ်စဲထားပြီး မဟာမိတ်ပြုထားသော လက်နက်ကိုင်အဖွဲ့များဖြစ်ကြောင်း မြေပြင်ဖမ်းဆီးရမိသော နယ်မြေဒေသများနှင့် အထောက်အထားများ အရ သက်သေခံနေပါကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ရပါသည်။



