မန္တလေးတိုင်း မလှိုင်မြို့နယ် ထမ္မကြီးကျေးရွာတွင် စစ်တပ်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာခံ တစ်ဒါဇင်ခန့် ယမန်နေ့က ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသောကြောင့် စစ်တပ်၏တပ်ဖွဲ့အချို့က ထိုနေရာသို့ ရောက်ရှိနေသည်ဟု သိရသည်။
ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) နံနက်တွင် ရန်ကုန် – မန္တလေးအမြန်လမ်း အနောက်ဘက် နှစ်မိုင်ခန့်အကွာ ထမ္မကြီးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်နှင့် ထိုရွာခံများဖြစ်ကြသော ဦးဗိုလ်သက်လင်း၊ ဦးမောင်သိန်း၊ ဦးချစ်စမ်းမောင်၊ ဦးသန်းဌေးအောင်၊ ဦးဝေယံစိုး၊ ဦးဇော်ခက်၊ ဦးဟိန်းဝဏ္ဏဇော်၊ ဦးဝင်းနိုင်၊ ဦးအုန်းမောင်၊ ဒေါ်ခင်မူနှင့် ဒေါ်လဲ့လဲ့ဝင်းတို့ ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်သည်။
ထိုသူများသည် စစ်တပ်က ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်အဖွဲ့ (ပျူစောထီး) ခေါင်းဆောင်၊ ဒုခေါင်းဆောင်၊ ဘဏ္ဍာရေးမှူးနှင့် အဖွဲ့ဝင်များ ဖြစ်သောကြောင့် တော်လှန်ရေးဘက်က ပစ်ခတ်ရှင်းလင်းခြင်း ဖြစ်နိုင်ကြောင်း မလှိုင်မြို့နယ်မှ တော်လှန်ရေးသတင်းများကို ထုတ်ပြန်ပေးနေသော Guardians of Mahlaing အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အဲ့ဒီပြည်သူ့စစ်အဖွဲ့ဝင်တွေက စစ်တပ်ကပေးထားတဲ့ လက်နက်တွေကိုကိုင်ပြီး မိတ္ထီလာခရိုင်ထဲမှာ စစ်တပ် အလိုကျ စစ်တပ်နဲ့ပူးပေါင်းပြီးတော့ ပြည်သူတွေကို ပေါ်တာဆွဲတာ၊ ပြည်သူတွေကိုဒုက္ခပေးတာတွေကို ကျေကျေနပ်နပ်လုပ်နေတဲ့သူတွေမို့လို့ တော်လှန်ရေးအင်အားစုတွေဘက်က စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားတာကြာပြီလို့လည်း သိရပါတယ်။ သူတို့အဖွဲ့ မှာလည်း စစ်တပ်က ပေးထားတဲ့ လက်နက်တွေ ရှိတာမို့လို့ အခွင့်အခါကိုစောင့်ရင်း အခုမှပဲ ရှင်းလင်းနိုင်တာလို့ သိရပါတယ်”ဟု အထက်ပါ တာဝန်ရှိသူ အမျိုးသားက ပြောသည်။
အသက် ၂၀ နှင့် ၆၀ ဝန်းကျင်အကြား ရွာအုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီးနှစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များ က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း စစ်တပ်ဝါဒဖြန့်မီဒီယာများ၊ ယမန်နေ့ နေ့လယ်ကတည်းက ဖော်ပြနေကြပြီး စစ်တပ်က ယနေ့ သတင်း ထုတ်ပြန်ထားသည်။
PDF၂၅ ဦးခန့်က မော်တော်ယာဉ်သုံးစီး၊ မော်တော်ဆိုင်ကယ်များဖြင့် ကျေးရွာအတွင်း ဝင်ရောက်လာကာ အုပ်ချုပ်ရေးမှူးအပါအဝင် ၁၂ ဦးတို့အား ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ပြန်ထွက်ခွာသွားခဲ့ကြောင်း အဆိုပါသတင်းတွင် ပါရှိသည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ မလှိုင်မြို့နယ်မှာ မြင်းခြံနှင့် မိတ္ထီလာကြားတွင် တည်ရှိပြီး ထမ္မကြီးရွာမှာ မလှိုင်မြို့မှ ၁၂ မိုင်ခန့်သာကွာဝေးသည်။
မလှိုင်မြို့နယ် ဒေသခံတစ်ဦးက သတ်ဖြတ်ခံရသူများမှာ စစ်တပ်ထံမှ လစာယူကာ ပျူစောထီးအဖြစ် လုပ်ကိုင်သူများဖြစ်ကြောင်း ဆိုသည်။
“ ပျူစောထီးတွေ စစ်တပ်လက်အောက်ခံ သင်တန်းဆင်း လက်နက်ကိုင် လစာရလို့ကြားမိတယ်။ အကြမ်း ဖက်တပ် ခိုင်းစေရာအကုန်လုပ်တာပေါ့။ အဲ့ဒီဘက်အပိုင်းက ဒေသခံတွေ သိကြပါတယ်။ ခြိမ်းခြောက်မှုတွေ၊ မတရားဖမ်းဆီးခံရတာတွေ သူတို့ဦးဆောင်လုပ်တာပေါ့။ (စစ်တပ်) ရွေးကောက်ပွဲတုန်းကလည်း မဲမထည့်သူတွေ ဖမ်းမယ်ဆီးမယ်ထိ သူတို့လုပ်တာ အသံချဲ့စက်နဲ့တောင် အော်တယ်”ဟု ပြောသည်။
သို့ရာတွင် မည်သည့်တော်လှန်ရေးအဖွဲ့လက်ချက်ဖြစ်သည်ကို ယနေ့အထိ ထုတ်ပြန်ထားခြင်း မရှိသေးပေ။ Myanmar Now အနေဖြင့် ယင်းအခြေအနေနှင့် ပတ်သက်၍သီးခြားအတည်မပြုနိုင်သေးဘဲ အသေးစိတ်သိရှိရန် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
သတ်ဖြတ်ခံရမှုအပြီး ထိုနေ့ချင်းမှာပင် မလှိုင်မြို့ဘက်နှင့် အမြန်လမ်းဘက်ရှိ ထမ္မကြီးရွာသို့ စစ်တပ်က ရောက်လာခဲ့ကြောင်း၊ စစ်သားအချို့မှာ ကျေးရွာထဲတွင် ယနေ့အထိ ရှိနေဆဲဖြစ်ကြောင်း Guardians of Mahlaing မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်တပ်ထုတ်ပြန်ချက်တွင် အဆိုပါသေဆုံးသူများ၏ ရုပ်အလောင်းများအား မလှိုင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ထမ္မကြီးရွာ ကျေးရွာအုပ်ချုပ်ရေးမှူ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ စစ်တပ်ခန့် မန္တလေးတိုင်း ပြောရေး ဆိုခွင့်ရှိသူ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေးကို ဆက်သွယ်သော်လည်းမရရှိခဲ့ပါ။
တော်လှန်ရေးအင်အားစုများအားကောင်းရာ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးဒေသကို ပြီးခဲ့သည့်နှစ်ကုန်မှစ၍ စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ရေးဖိအားပေးထိုးစစ်ဆင်ခဲ့သည်။ ထို့နောက် မလှိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ဝန်းကျင်တို့ကို ယခုနှစ်လယ်မှစတင်၍ စစ်တပ်က စစ်ကြောင်းထိုးမှုများ ပိုစိပ်လာခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံကသိရသည်။
ဇွန်လကုန်ပိုင်းကလည်း မလှိုင်မြို့နယ်အနောက်မြောက်ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးခဲ့ပြီးနောက် တောင်သာ – မလှိုင် လမ်းပေါ်ရှိ ပန်းအိုင်ဘုရားတွင် တပ်စွဲထား၍ ခရီးသွားကားများကို ငွေကြေး ကောက်ခံနေကြောင်း ဒေသခံများက ဆိုသည်။
ထို့နောက် ဩဂုတ်လ ဒုတိယပတ်တွင် ကျောက်ပန်းတောင်းဘက်မှ ထွက်လာသည့် စစ်တပ်စစ်ကြောင်းက မလှိုင်မြို့နယ် အနောက်တောင်ခြမ်းကျေးရွာများကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့ရာ နေအိမ် ၃၀ ကျော် ပြာကျခဲ့ပြီး ထော်လာဂျီ၊ ထွန်စက်၊ နှမ်း၊ ဆန်၊ ရွှေ၊ ငွေ နှင့် လူသုံးကုန်ပစ္စည်းများပါ ခိုးယူသွားကြောင်း အထက်ပါ မလှိုင်ဒေသခံက ပြောသည်။
မိတ္ထီလာမှ မြင်းခြံအထိလမ်းပေါက်လိုသည့်အတွက် စစ်တပ်က လမ်းတလျှောက် နယ်မြေစိုးမိုးမှုပြန်ရရန် ကြိုးစားနေခြင်းဖြစ်နိုင်ကြောင်း ၎င်းကသုံးသပ်သည်။
“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ရှမ်း – မန်း စစ်ဆင်ရေးတွင် တော်လှန်ရေးအင်အားစုများက မန္တလေးမြို့ အနီး မတ္တရာဝန်းကျင်အထိ စိုးမိုးနိုင်ခဲ့သော်လည်း တရုတ်ကြားဝင်မှုကြောင့် ရှမ်းပြည်မြောက်ပိုင်းတွင် အပစ်ရပ်သွားပြီး နိုင်ငံအလယ်ပိုင်းကို အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာချိန် မန္တလေးတိုင်း စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းမြို့နယ်မှသည် စစ်ကိုင်းတိုင်းအထက်ပိုင်းအထိ နယ်မြေများကို တော်လှန်ရေးအင်အားစုများက ပြန်လည်လက်လွှတ်ခဲ့ရသည်။



