အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းနှင့် ကချင်နယ်စပ် လေကြောင်းတိုက်ခိုက်မှုတွင် ၈ ဦးထက်မနည်းသေဆုံး 

အင်းတော်မြို့နယ်ရှိ ကုန်တင်ကားတန်းများ ရပ်နားနေရာနှင့် ကောလင်းမြို့နယ်အရှေ့ခြမ်း စစ်ရှောင်များ နေထိုင်သည့်နေရာတို့ကို  လေကြောင်းမှ နှစ်ရက်ဆက် ဗုံးကြဲ ပစ်ခတ်ခဲ့စဉ်  အရပ်သားထိခိုက်သေဆုံးမှုများ ပေါ်ပေါက်ခဲ့သည်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်စပ်ရှိ အရပ်သားများနေထိုင်ရာနေရာနှင့် လူစုလူဝေးတို့ကို ဦးတည်သည့် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ရှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး တစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

ယမန်နေ့ (စက်တင်ဘာလ ၂၄ ရက်) ညနေက ကောလင်းမြို့နယ်အရှေ့ခြမ်း ကုက္ကိုလ်ကုန်းကျေးရွာရှိ စစ်ရှောင်များ နေထိုင်သည့်နေရာကို လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆၀ နှစ်နှင့် အသက် ၂၅ နှစ်အကြား အမျိုးသားသုံးဦး သေဆုံးပြီး ခြောက်ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ကောလင်းမြို့နှင့် မိုင် ၂၀ ခန့်အကွာ ကုက္ကိုလ်ကုန်းရွာကို တိုက်လေယာဉ်တစ်စီးက ဗုံး နှစ်လုံးကြဲ၊ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး တော်လှန်ရေးအင်အားစုများမှ ထုတ်ပြန်ထားသည့် ဓာတ်ပုံမှတ်တမ်းများအရ နေအိမ် နှစ်လုံးထက် မနည်း ပျက်စီးခဲ့ပြီး နေအိမ်များအနီးခြံဝင်းထဲတွင် ချိုင့်ခွက်များဖြစ်၍ အပင်များ ထက်ပိုင်းကျိုးကျ ပျက်စီးနေသည်ကိုတွေ့ရသည်။ 

ကုက္ကိုလ်ကုန်းရွာတွင် စစ်ရေးလှုပ်ရှားမှုမရှိဘဲ အရပ်သားပြည်သူများကို  ဦးတည်သည့် ထိုတိုက်ခိုက်မှုအား ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကောလင်းခရိုင် အမှတ် (၁) တပ်ရင်းကလည်း ထုတ်ပြန်ထားသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ဘေးရှောင်များခိုလှုံနေကြသည့်  ကုက္ကိုလ်ကုန်းကျေးရွာသည် ၂၀၂၄  ခုနှစ် အောက်တိုဘာလတွင် လေကြောင်းတိုက်ခိုက်မှုခံထားရပြီး ထိုစဉ်က အရပ်သား လေးဦး သေဆုံးခဲ့သည်။ 

ကောလင်းမြို့နယ် ကုက္ကိုလ်ကုန်းရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတစ်ဦး။(ဓာတ်ပုံ- ကောလင်းခရိုင်အမှတ် ၁ တပ်ရင်း)

ယင်းမတိုင်မီ စက်တင်ဘာလ ၂၃ ရက်ကလည်း အင်းတော်မြို့နယ်ရှိ ကုန်တင်ကားတန်းများ ရပ်နားထားသည့် နေရာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံများအပါအဝင် ကုန်သည် ငါးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းအင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။

အရပ်သားများ ကူးသန်းရောင်းဝယ်ရာနေရာများနှင့် လမ်းပိုင်းမြေကျွံမှုကြောင့် ကုန်သွယ်ယာဉ်တန်း ရပ်နားထားရသည့်နေရာများကို  ထိုနေ့ နံနက်တွင် တစ်ကြိမ်၊ ညနေတွင် တစ်ကြိမ် လေကြောင်းမှ ဗုံးသီး ၄၀ ခန့်ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများ၊ စစ်ရှောင်များ၊ ယာဉ်မောင်းနှင့်ကုန်သည် အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

အင်းတော်နယ်အတွင်း သေဆုံးသူများမှာ အသက် ၃၀နှင့် ၄၀ အကြား အမျိုးသား ငါးဦးဖြစ်ပြီး အသက် ၂၀ မှ ၅၀ အကြား အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား ခြောက်ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ 

ဗုံးကြဲတိုက်ခိုက်ခံရသည့်နေရာများတွင် တော်လှန်ရေးအဖွဲ့များ စစ်ရေးလှုပ်ရှားမှုနှင့် တိုက်ပွဲများမရှိဘဲ အရပ်သားများ နေထိုင်သွားလာလှုပ်ရှားသည့်နေရာဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“စစ်ကြောင်းထိုးတာတွေမရှိပါဘူး အရပ်သားစစ်ဘေးရှောင်တွေများပြီး လူစည်ကားတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှု သက်သက် လုပ်တာပါ။ ပထမရက်ကလည်း အင်းတော်ကို ဒီပုံစံအတိုင်းပဲ” ဟု ကောလင်းမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။  

နေ့စဉ်ရက်ဆက်လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် စစ်တပ်ခန့် စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို Myanmar Now က အကြိမ်ကြိမ်ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။  

ကောလင်းမြို့မှာ ၂၀၂၃ နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် မြို့ ဖြစ်သော်လည်း စစ်တပ်က လပိုင်းအကြာမှာပင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်သည့်အတွက် မြို့ကို ပြန်လည်လက်လွှတ်ခဲ့ရသည့်တိုင် ကျေးလက်ဒေသအများစုကိုမူ နယ်မြေစိုးမိုးထားသည်။ 

စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်စပ်တွင်ရှိပြီး “ကသာ၊ ကန့်ဘလူ၊ ကောလင်း”ခရိုင် မြို့နယ်များဖြစ်သည့် “ကသုံးလုံးဒေသ”မှာ လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျပြီး  အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ စစ်ရေးလှုပ်ရှားသည့်ဒေသဖြစ်သည်။

ကသုံးလုံးဒေသရှိ တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားခဲ့သည့်  ဗန်းမောက်၊ အင်းတော်၊ မော်လူးတို့ကို ယခုနှစ်ဆန်းပိုင်းတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးဖောက်စစ်ဆင်ပြီး ပြန်လည်ထိန်းချုပ် နိုင်ခဲ့သည်။ ထို့နောက် စစ်တပ်က ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ကြေညာခဲ့သည်။ 

နှစ်နှင့်ချီ စစ်ရေးပြင်းထန်နေသည့် ကချင်ပြည်နယ်သို့ စစ်အင်အားနှင့်ရိက္ခာများပို့ရန် ပြီးခဲသည့် ဩဂုတ် လကုန်ပိုင်းကစ၍ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် ရေယာဉ်အုပ်စုကို   KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ရေကြောင်းတလျှောက် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ၁၀ စီးထက်မနည်း ပျက်စီးခဲ့သည်။

ယခုနှစ်ဆန်းပိုင်းမှစတင်၍ လေကြောင်းတိုက်ခိုက်မှုများ စစ်တပ်က ပိုမိုအားပြုလာပြီး အရပ်သားများမှာ အဓိက ထိခိုက်နစ်နာနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)၏ အကြီးအကဲက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ 

အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ပြန်သည့်အချက်အလက်များအရ ယခုနှစ် ဩဂုတ်လအတွင်းလေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၉၃ ဦးသေဆုံးခဲ့ရပြီး ၂၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အနက် စစ်ကိုင်းတိုင်းမှာ ထိခိုက်မှုအများဆုံးဖြစ်သည်။ 

ကောလင်းမြို့နယ် ကုက္ကိုလ်ကုန်းရွာလေကြောင်းထိခိုက်မှု အပျက်အစီးများ။ (ဓာတ်ပုံ- ကောလင်းခရိုင် အမှတ် ၁ တပ်ရင်း)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles