စစ်တပ်ထံ လက်နက်ချသွားသူများတွင် စစ်ကိုင်းမြို့နယ်အခြေစိုက် ဒေသခံတော်လှန်ရေးအဖွဲ့ နှစ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များနှင့်အတူ ဝက်လက်မြို့နယ်ပကဖ အဖွဲ့ဝင်များလည်း ပါဝင်ကြောင်း ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့များက ပြောကြသည်။
စစ်ကိုင်းမြို့နယ် ဆားတောင်မြို့အနီးတွင်လှုပ်ရှားသည့် ဒေသခံအဖွဲ့တစ်ခုမှ တပ်ဖွဲ့ဝင် အမျိုးသား ၂၃ ဦး၊ မိသားစုဝင် အမျိုးသမီး သုံးဦး၊ ဆားတောင်မိုးကြိုး အမည်ရှိ အဖွဲ့မှ တပ်ဖွဲ့ဝင် အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး သုံးဦး၊ မိသားစုဝင် အမျိုးသမီး သုံးဦးတို့ လက်နက် ၁၃ လက်နှင့်အတူ ဆားတောင်ရဲစခန်းသို့ စက်တင်ဘာလ ၂၂ ရက်တွင် လက်နက်ချခဲ့ကြောင်း စစ်တပ်က ယမန်နေ့ (စက်တင်ဘာလ ၂၃ ရက်) တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထိုသို့ထုတ်ပြန်ကြေညာသော်လည်း ဝက်လက်မြို့နယ် ရွာသာကြီးတိုက်နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့ဝင် အသက် ၃၀ ဝန်းကျင်အရွယ် မီးတောက် ဆိုသူ အပါအဝင် ပကဖအဖွဲ့ဝင် သုံးဦးပါဝင်ကြောင်း ဝက်လက်အခြေစိုက် တော်လှန်ရေးအဖွဲ့များက Myanmar Now ကို အတည်ပြုသည်။
“လမ်းပေါ်မှာငွေကြေးကောက်ခံတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့ ရပ်လိုက်နားလိုက်တော့ သူတို့ ရွာလည်သွားတဲ့ပုံပေါက်တယ်။ အဲ့ဒီကနေစပြီးတော့ တောင်လိုလိုမြောက်လိုလိုပါပဲ။ တော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့ လောက်လောက်လားလားမရှိပါဘူး”ဟု ဝက်လက်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။
လက်နက်ချသူများထဲတွင် ဆားတောင်မြို့အနီး စစ်ဆေးရေးဂိတ်ဖွင့်ကာ ငွေကြေး ကောက်ခံနေသူများလည်း ပါဝင်ပြီး စစ်ကိုင်းမြို့နယ်အခြေစိုက် နှစ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံအဖွဲ့များ မဟုတ်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
ထိုသူများသည် မကြာသေးခင်က ဆားတောင်မြို့အထွက် စတားလင့်ခ်စက်နှင့်အတူ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရမိပြီး ရဲစခန်းမှူးထံ ငွေ ၁၀ သိန်း (သို့မဟုတ်) ကျည်ဖြင့် ပြန်ရွေးရန် ဖုန်းဆက်တောင်းခဲ့သည်။ ယင်းဖြစ်စဉ်ကို ထိုဒေသအခြေစိုက် NUG / MOD တပ်များက အရေးယူမှုပြုလုပ်ရန် ပြင်ဆင်နေစဉ် ယခုကဲ့သို့ စစ်တပ်ထံ လက်နက်ချသွားခြင်းဖြစ်သည်ဟု စစ်ကိုင်းမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။
“အခုဝင်သွားတဲ့ပုံစံတွေက တော်လှန်ရေးနယ်မြေတွေမှာ ပြစ်မှုလုပ်ထားတာတွေကို MOD ဘက်က တင်းတင်းကျပ်ကျပ် ဖမ်းဆီးနေတာတွေ ရှိတယ်။ အဲ့ဒါမျိုးကြောင့်ဝင်သွားတာ” ဟု စစ်ကိုင်းမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။

ရွှေဘို- မန္တလေးလမ်းပိုင်းပေါ်ရှိ ဆားတောင်မြို့သည် စစ်ကိုင်းမြို့နှင့် မိုင် ၃၀ ကျော်ဝေးပြီး ရဲစခန်းကို အခြေပြုပြီး မြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားသည်။
ဧရာဝတီမြစ်အနောက်ဘက်ကမ်း စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့မှာ တော်လှန်ရေး အားကောင်းရာ ဒေသဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များ၊ စစ်တပ်နှင့်ရဲစခန်းအခြေစိုက်သည့် ကျေးရွာတို့မှအပ ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည်။
“အဓိကပြဿနာက ငွေကြေးပဲ။ ၂၄ – ၂၅ (၂၀၂၄- ၂၀၂၅ ခုနှစ်) လောက်က လမ်းပေါ်မှာ သုံးပေတစ်ဂိတ်လောက်ထိ ဖြစ်ခဲ့ကြတယ်။ လက်နက်ရှိ ငွေကောက်ပြီး ငွေကြေးပြေလည်ကြတယ်။ စနစ်တကျ အဲ့ဒါတွေကို (အမျိုးသားညီညွတ်ရေးအစိုးရ) ထိန်းလိုက်တော့ ငွေကြေးစီးဆင်းမှုမလည်ပတ်တော့ဘူး။ ဒါက အဓိကလို့ ထင်တာပဲ”ဟု ဝက်လက်မြို့နယ်မှ အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်ကပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်ကလည်း မြင်းမူမြို့နယ် ဂုံညင်းဆိပ်တိုက်နယ် ပကဖတာဝန်ခံနှင့် ဇနီးဖြစ်သူ တို့ စစ်တပ်ထံ လက်နက်ချဘက်ပြောင်းသွားခဲ့ပြီးနောက် တစ်ပတ်ကျော်အကြာ ထိုကဲ့သို့ အစုလိုက်အပြုံလိုက် ဘက်ပြောင်းသည့် ဖြစ်စဉ် ထပ်မံပေါ်ထွက်လာခြင်းဖြစ်သည်။
ဂုံညင်းဆိပ်တိုက်နယ် ပကဖ တာဝန်ခံ နှင့် ဇနီးတို့ ဘက်ပြောင်းပြီးနောက် တော်လှန်ရေးအင်အားစုများ၏ အခွန်ကောက်ဂိတ်ဝန်းကျင်နှင့် စခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း မြင်းမူမြို့နယ် အခြေစိုက်အဖွဲ့များက ထုတ်ပြောထားကြပြီး ထိခိုက်မှုအခြေအနေ အသေးစိတ် မသိရပေ။
ဆားတောင်နယ်မှတော်လှန်ရေးအင်အားစုများ ဘက်ပြောင်းမှုအပြီး ဝက်လက်နှင့် စစ်ကိုင်းနယ်တွင် လည်း လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်စစ်ကြောင်းထိုးခြင်းများ ယနေ့ (စက်တင်ဘာလ ၂၄ ရက်) နံနက်ပိုင်းအထိ မရှိသော်လည်း လေကြောင်းအန္တရာယ်သတိပြုရန်လိုကြောင်း ဒေသတွင်းတော်လှန်ရေး အင်အားစုများကဆိုသည်။
စစ်တပ်က ရှမ်းမြောက်တွင် တအာင်းတပ်၊ ကိုးကန့်တပ်တို့နှင့် အပစ်ရပ်ပြီးနောက် နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေးနှင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန် မြှင့်တင်နေသည်။



