အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော်တွင် ကိုးကန့်အထူးဒေသ (၁) နယ်မြေသတ်မှတ်ရေးအပါအဝင် ဆွေးနွေးမှုများ စတင် 

နေပြည်တော်ဆွေးနွေးပွဲတွင် တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ ကိုးကန့်တပ်များ ဆုတ်ခွာပေးရေးနှင့် ကုန်သွယ်ရေးဆိုင်ရာကိစ္စများအပြင် ကိုးကန့်တပ်က လိုလားသည့် “အထူးဒေသ (၁) နယ်မြေ” သတ်မှတ်ပေးရေးကိစ္စများကို အဓိက ဆွေးနွေးနိုင်သည်ဟု ကိုးကန့်တပ် (MNDAA) နှင့် နီးစပ်သူများအဆိုအရ သိရသည်။

မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ် တပ်မတော် ((MNTJP/ MNDAA) နှင့် စစ်တပ်၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ ယနေ့ (စက်တင်ဘာလ ၂၄ ရက်) တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးနေပြီး ကိုးကန့်လိုလားသည့် အထူးဒေသ (၁) နယ်မြေ သတ်မှတ်ပေးနိုင်ရေးလည်း ပါဝင်နိုင်ကြောင်း MNDAA နှင့် နီးစပ်သည့် သတင်းရင်းမြစ်များ ထံက သိရသည်။

ထိုဆွေးနွေးပွဲသို့ MNDAA ၏ ပြင်ပဆက်ဆံရေးဌာနမှူး ဖုန်ဝင်းနိုင် ဦးဆောင်တက်ရောက်နေသည်ဟု MNDAA သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

“ဒီနေ့မှ တွေ့တာဆိုတော့ ဘာတွေဆွေးနွေးတယ်ဆိုတာတော့ မပြောနိုင်သေးဘူး။ ဆွေးနွေးနေကြတုန်းပါ” ဟု အထက်ပါ MNDAA သတင်းရင်းမြစ်က ဆိုသည်။

တွေ့ဆုံမှုတွင် အပစ်အခတ်ရပ်စဲရေး ခိုင်မာလာစေရန်နှင့် နှစ်ဖက်အဖွဲ့များအကြား ပိုမိုခိုင်မာသည့် နားလည်မှုရရှိရေးကို အဓိကထား ဆွေးနွေးနေသည်ဟု ဆွေးနွေးပွဲအကြောင်း သိရှိသူအချို့ထံက စုံစမ်းသိရှိရပြီး ရက်မည်မျှဆွေးနွေးမည် မသိရှိရကြောင်း ပြောကြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အထက်ပါနေပြည်တော်ဆွေးနွေးပွဲနှင့်ပတ်သက်၍ ယနေ့ ညနေအထိ နှစ်ဖက်လုံးမှ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

နေပြည်တော်တွေ့ဆုံဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ တက်ရောက်ခဲ့ပြီး MNDAA ဘက်မှ MNTJP/ MNDAA အထွေထွေအတွင်းရေးမှူး (၂) ဆက်ဆံရေးဌာန ဌာနမှူး ဖုန်ဝင်းနိုင်၊ ပေါလစ်ဗျူရိုနှင့် နိုင်ငံရေးဌာန ဌာနမှူး ကျင်းရှင်း၊ ဗဟိုကော်မတီဝင်များဖြစ်သော စစ်ဦးစီးဌာန ဒုတိယစစ်ဦးစီးမှူး လီရှိကြဲ၊ နိုင်ငံရေးဌာန ဒုတိယဌာနမှူး ချားတတ်အန်း၊ အထူးဒေသ အရာရှိသင်တန်းကျောင်း ဒုတိယကျောင်းအုပ် လီဖျင်ယုံတို့အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ဒုတိယဌာနမှူး လီကြားခွမ်း၊ တပ်မဟာ(၆၁၁) ဒုတိယ နိုင်ငံရေးမှူးနှင့် ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေအဖွဲ့ရုံး တာဝန်ခံ ရွှေခိုင်၊ ဗဟိုကော်မတီရုံးအဖွဲ့ဝင် ရန်နိုင်၊ စည်းရုံးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ချစ်ကွားရွှင်၊ ဆက်ဆံရေးဌာနရုံးအဖွဲ့ဝင် ရှဲယွီရှင်း၊ နိုင်ငံရေးဌာနရုံးအဖွဲ့ဝင် လီဝင်လုံတို့ ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

MNDAA အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လကတည်းက UWSA “ဝ” တပ်ဖွဲ့နှင့်အတူ နေပြည်တော် ဆွေးနွေးပွဲသို့ တက်ရောက်ရန် စီစဉ်ထားသော်လည်း ၎င်းတို့ ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အား သြဂုတ်လ ၁၄ ရက် ည ၈ နာရီခွဲခန့်တွင် စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် ဆွေးနွေးပွဲတက်ရန် အစီအစဉ် ပျက်ခဲ့ခြင်းဖြစ်သည်ဟု MNDAA နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။

ထို့နောက် ဩဂုတ်လ ၃ ရက်နှင့် ၄ ရက်တို့တွင် “ဝ” တပ်ဖွဲ့က နေပြည်တော်သို့ ရောက်ရှိလာခဲ့ပြီး စစ်တပ်၏ ငြိမ်းချမ်းရေးကော်မတီနှင့် တွေ့ဆုံခဲ့သော်လည်း MNDAA တပ်ဖွဲ့မှာ ပါဝင်လာခြင်းမရှိပေ။

စစ်တပ်ဘက်က ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ ရက် ၁၀၀ စီမံကိန်းကို အကောင်အထည် ဖော်ခဲ့ပြီး ယင်းစီမံကိန်းကို နောက်တစ်လ သက်တမ်းတိုးထားခဲ့သော်လည်း ထိုကာလအထိ MNDAA သည် နေပြည်တော်သို့ ရောက်မလာခဲ့သဖြင့် စစ်တပ်နှင့် ဆွေးနွေးတော့မည် မဟုတ်ဟု အများက ယူဆခဲ့ကြသည်။

ထိုအခြေအနေမျိုးတွင် MNDAA  နေပြည်တော်သို့ ရောက်လာခြင်းမှာ တရုတ်အစိုးရ၏ဖိအားကြောင့် ဖြစ်နိုင်သည်ဟု မြန်မာ့နိုင်ငံရေးအကဲခတ်များက မှတ်ချက်ပြုကြသည်။

“ကိုးကန့်က ဆွေးနွေးပွဲတောင် မလာတော့ဘူးလို့ အားလုံးက ယုံကြည်ထားတာ။ သူလည်း သိပ်လာချင်ပုံ မရဘူး။ အခုဟာကလည်း တရုတ်ဖိအားကြောင့် လာရတာလို့ ပြောလို့ရတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေးလေ့လာသူ အမျိုးသားတစ်ဦးက သုံးသပ်သည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း MNDAA သည် လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုးနှင့် တာမိုးညဲ စသည့် မြို့များကို သိမ်းပိုက်ခဲ့သည်။

ယခုနှစ် မတ်လတွင်လည်း TNLA ထံမှ ကွတ်ခိုင်မြို့ကို ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ကာ လောက်ကိုင်၊ မူပန် (သိန္နီ)၊ ကွတ်ခိုင်နှင့် မုံးကိုးခရိုင်ဟူ၍ ခရိုင် လေးခုခွဲကာ အထူးဒေသ (၁) အမည်ဖြင့် အုပ်ချုပ်လျက် ရှိသည်။

မူဆယ် (၁၀၅) မိုင်မှ မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ လားရှိုး- သီပေါလမ်းနှင့် လားရှိုး- မိုင်းရယ်မြို့အစပ်အထိ အဓိကကုန်သွယ်ရေးလမ်းကြောင်းများကို MNDAA တပ်ဖွဲ့က အဓိက ထိန်းချုပ်ထားသည်။

စစ်တပ်ဘက်က MNDAA အနေဖြင့် မူဆယ်- သီပေါ လမ်းမကြီးတလျှောက်ရှိ MNDAA တပ်ဖွဲ့များ ဆုတ်ခွာပေးရန် လားရှိုး ဆင်နှစ်ကောင်ဟိုတယ်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲများ၌ မကြာခဏ တောင်းဆိုမှုများ ရှိခဲ့သည်။

နေပြည်တော်ဆွေးနွေးပွဲတွင် တရုတ်- မြန်မာနယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းပေါ်ရှိ MNDAA တပ်ဖွဲ့များ ဆုတ်ခွာပေးရေးနှင့် ကုန်သွယ်ရေးဆိုင်ရာကိစ္စများအပြင် ကိုးကန့်တပ်ဖွဲ့ လိုလားသည့် “အထူးဒေသ (၁) နယ်မြေ” သတ်မှတ်ပေးရေးကိစ္စများကို အဓိက ဆွေးနွေးနိုင်သည်ဟု MNDAA နှင့် နီးစပ်သူများ၏ အဆိုအရ သိရသည်။

“ထိန်းချုပ်နယ်မြေတွေကနေ ဖယ်ပေးဖို့ ကိစ္စမျိုးကတော့ ကိုးကန့်က လက်ခံမှာ မဟုတ်ဘူး။ အစီအစဉ်လည်း မရှိဘူး။ ငြိမ်းချမ်းရေးကို ဆက်ထိန်းထားဖို့နဲ့ လက်ရှိမြို့ယူထားတဲ့မြို့တွေကို အထူးဒေသ သတ်မှတ်ပေးဖို့တော့ ကိုးကန့်က လိုလားတယ်” ဟု အထက်ပါ MNDAA တပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

“ ၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA တပ်ဖွဲ့ သိမ်းပိုက်သည့် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တို့အား စစ်တပ်က ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် MNDAA နှင့် နယ်မြေချင်းထိစပ်နေသည့် သီပေါတံတားကို စစ်တပ်က ထိန်းချုပ်ထားသည်။

အဆိုပါတံတားပေါ်တွင် ခရီးသွားကားများနှင့် ကုန်ကားများ ဖြတ်သန်းခွင့်ကို ယမန်နှစ်မှစ၍ ပိတ်ဆို့ထားပြီး ခရီးသွားများကိုသာ ခြေလျင်ဖြတ်သန်းခွင့် ပြုထားသည်။

MNDAA ၏ နေပြည်တော်ခရီးစဉ် မစတင်မီ ယခုလ ၁၄ ရက်မှ စတင်၍ သီပေါတံတားမှ ခရီးသွားများ ခြေလျင်ဖြတ်သန်းခွင့်ကို လုံခြုံရေးအရဟု ဆိုကာ စစ်တပ်က ပိတ်ထားသည်ဟု ဒေသခံများထံက သိရသည်။

ရှမ်းမြောက်ဒေသခံများကမူ စစ်တပ်နှင့် ကိုးကန့်တပ်ဖွဲ့တို့၏ ဆွေးနွေးမှုမှ တဆင့် သီပေါတံတား ပြန်လည်ဖွင့်လှစ်ရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်လာရေး မျှော်လင့်နေသည်။

ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ရက် ၁၀၀ စီမံကိန်းအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များအပြင် အပစ်အခတ်ရပ်စဲရေး လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပါ တွေ့ဆုံခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်/ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ် မတော် (DKBA) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) စသည့် ခြောက်ဖွဲ့နှင့် ဆွေးနွေးခဲ့သည်ဟု ဦးမင်းအောင်လှိုင်၏ ရက် ၁၀၀ ပြည့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆို ထားသည်။

ထို့အပြင် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးသည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်- မိုင်းလားအဖွဲ့ (NDAA)၊ ဝပြည်သွေးစည်းညီ ညွတ်ရေးပါ တီ (UWSP)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ- ကပ်ပလန် (NSCN-K) တို့နှင့်လည်း ဆွေးနွေးထားကြောင်း ဆိုသည်။

ဆွေးနွေးပွဲ တက်ရောက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် UWSA နှင့် TNLA တပ်ဖွဲ့တို့က ပြည်နယ်ရရှိရေးကို အဓိကတောင်းဆိုခဲ့ပြီး ကျန်အဖွဲ့များကမူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေးအတွက် အဓိက တောင်းဆိုဆွေးနွေးထားသည်။

(ဖြည့်စွက်ချက်။ ။ စက်တင်ဘာလ ၂၄ ရက် ညပိုင်းတွင် MNDAA နှင့် တွေ့ဆုံဆွေးနွေးနေကြောင်း စစ်တပ်၏ ငြိမ်းချမ်းရေးကော်မတီက ထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အရေး၊ ၊ MNDAA ၏ နိုင်ငံရေးတရားဝင်မှုဖြစ်စေရေး၊ နယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နယ်စပ်ဒေသစီမံကိန်းများဖော်ဆောင်ရေး၊ အွန်လိုင်း လိမ်လည်မှုနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများကို ပူးပေါင်းနှိမ်နင်းရေး၊ နှစ်ဖက်အကြား အပြန်အလှန် ယုံကြည်မှုခိုင်မာစေရေးနှင့် နိုင်ငံရေးပါတီ တည်ထောင်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကိစ္စများ ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။) 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် MNDAA တို့ စက်တင်ဘာလ ၂၄ ရက်က နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် တွေ့ဆုံနေကြစဉ်။ (ဓာတ်ပုံ-NSPNC) 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles