စစ်တပ် ထိန်းချုပ်ထားသည့် မန္တလေးတိုင်းအတွင်း ဩဂုတ်လအတွင်း ကျားဖြန့် ခေါ် အွန်လိုင်းလောင်းကစား လိမ်လည်မှုများ လုပ်နေသည့် ဖုန်းဆင်းကတ် ငါးသိန်းနီးပါး ပိတ်ပစ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ (စက်တင်ဘာလ ၂၄ ရက်) က ပြုလုပ်သော စစ်တပ်၏ တိုင်းလွှတ်တော်အစည်းအဝေးတွင် ထိုကဲ့သို့ ကျားဖြန့်ဆင်းကတ် အရေအတွက် သိန်းနှင့်ချီ ပိတ်ပစ်ခဲ့ရသည်ဟု စစ်တပ်၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ဖေ့ဘွတ်ခ်၊ တယ်လီဂရမ်အပါအဝင် လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့နေသည့် အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက်များ၊ အပလီကေးရှင်းများ၏ Server Domainနှင့် တည်နေရာ (IP Address) များကို ပိတ်ပင်ခြင်း၊ လောင်းကစားမှုစာတို (SMS) ပေးပို့နေသည့် ဖုန်းနံပါတ်များ ပိတ်သိမ်းခြင်းကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
“စာတို SMS များပေးပို့နေတဲ့ ဖုန်းနံပါတ်တစ်ခုတည်းမှ တူညီသောစာသားများကို အချိန်တစ်နာရီ အတွင်း ဖုန်းနံပါတ် ၆ဝ သို့ ပေးပို့ခြင်း (သို့မဟုတ်) ၂၄ နာရီအတွင်း ဖုန်းနံပါတ် ၁၀၀၀ သို့ ပေးပို့ခြင်းများကို ပုံမှန် မဟုတ်သော ပေးပို့မှုများအဖြစ် သတ်မှတ်၍ ၎င်းဖုန်းနံပါတ်များအား သက်ဆိုင်ရာ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ၏ System ရှိ SMS အလိုအလျောက်ပိတ်သိမ်းသောမူဝါဒနည်းလမ်းဖြင့် တားဆီး ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ် သြဂုတ်လမှ သံသယဖြစ်ဖွယ် ဆင်းကတ်အရေအတွက် ၄၇ဝ,ဝဝဝ ကျော်ကို အပြီးတိုင် ဖျက်သိမ်းဆောင်ရွက်ခဲ့ပါတယ်”ဟု စစ်တပ်နယ်လုံ ဗိုလ်မှူးကြီး နေလင်းစိုးက ပြောသည်။
၎င်းတို့အနေဖြင့် အထက်ပါကိစ္စရပ်များအား ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် အွန်လိုင်းလိမ်လည်မှု တားဆီးကာကွယ်ရေးဥပဒေ ဖြင့် အရေးယူနေသည်ဟု စစ်တပ်နယ်လုံဝန်ကြီးက ထည့်သွင်းပြောခဲ့သည်။
မြန်မာနိုင်ငံရှိ ဖုန်းဆင်းကတ်အများစုသည် မှတ်ပုံတင်ထားရပြီး ထိုပိတ်သိမ်းလိုက်သော ဆင်းကတ်များနှင့် ပတ်သက်၍ လူအရေအတွက်မည်မျှ အရေးယူခဲ့သည်ကိုမူ မသိရပေ။
သက်ဆိုင်ရာဖုန်းအော်ပရေတာများ၏ ဝက်ဘ်ဆိုက်များနှင့် ဆိုရှယ်မီဒီယာများတွင် လိမ်လည်မှုများနှင့်ပတ်သက်၍ သတိပေးမှုများကို ဆောင်ရွက်နေသည်ဟု ဆိုသည်။
ထို့အပြင် အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှု လောင်းကစားလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုသည့် ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်ထိန်းချုပ်ကာ အရေးယူနေကြောင်း ၎င်းက ပြောခဲ့သည်။
စက်တင်ဘာလ ၂၄ ရက်က ကျင်းပခဲ့သည့် စစ်တပ်၏ မန္တလေးတိုင်းလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် မဟာအောင်မြေမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြိုးသန္တာက ပျံ့နှံ့နေသည့် အွန်လိုင်း လောင်းကစားများနှင့် ပတ်သက်၍မေးမြန်းရာ၌ စစ်တပ်နယ်လုံဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃ ဃ/ ၃၈ဖြင့် ၂၀၂၄ ခုနှစ်အတွင်း အမှု ခုနစ်မှုမှ တရုတ်နိုင်ငံသား ၁၁ ဦးအပါအဝင် ၁၁၆ ဦးကို အရေးယူခဲ့ပြီး၂၀၂၅ ခုနှစ်တွင် အမှု နှစ်မှုမှ ငါးဦး၊ ၂၀၂၆ ခုနှစ်တွင် အမှုလေးမှုမှ တရုတ်နိုင်ငံသား ၂၃ ဦးအပါအဝင် ၄၂ ဦး အရေးယူခဲ့ကြောင်း သိရသည်။

ကျားဖြန့်လုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတကာဖိအားပေးမှုများကို ရင်ဆိုင်လာရသော အာဏာသိမ်း စစ်တပ်သည် ဖမ်းဆီးအရေးယူမှုများကို ပြုလုပ်နေသော်လည်း လုပ်ငန်းများသည် နိုင်ငံတဝန်း ပျံ့နှံလာနေပြီး ရှမ်းပြည်နယ်တစ်ခုလုံး အပါအဝင် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများပေါ်အထိ ရောက်ရှိနေသည်။
မန္တလေးမြို့ပေါ် ဟိုတယ်များတွင်လည်း အွန်လိုင်းလောင်းကစားလိမ်လည်မှု ခြေရာခံရေးတွင် ပူးပေါင်း ဆောင်ရွက်ရန် အကြောင်းကြားထားကြောင်း မန္တလေးမြို့ဟိုတယ်ဝန်ထမ်း အသိုင်းအဝိုင်းထံကလည်း Myanmar Now က စုံစမ်းသိရှိထားသည်။
၂၀၂၄ ခုနှစ် အတွင်း ဇွန်လ ၂၇ ရက်က မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်(ဃ) ရပ်ကွက် ၁၁၇ လမ်း (၆၁ လမ်းနှင့် ၆၂ လမ်းကြား)တွင် အွန်လိုင်းလောင်းကစားလုပ်ကိုင်နေသူ ၁၂ ဦး ဖမ်းမိခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ခဲ့သည်။ နောက်တစ်နေ့ (ဇွန်လ ၂၈ ရက်) တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား၂၈၈ ဦး အပါအဝင် ၂၉၅ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု ပါရှိသည်။
ယခုနှစ် စက်တင်ဘာလဆန်းတွင် မန္တလေးမြို့ပေါ်နေရာနှစ်ခုတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ နိုင်ငံခြားသားများအပါအဝင် ၃၀ ကျော်ကို လက်ကိုင်ဖုန်း ၆၀၀ ကျော်တို့နှင့်အတူ ဖမ်းဆီးရမိသည်ဟု စစ်တပ်ဝါဒဖြန့်မီဒီယာများက ဖော်ပြထားကြသည်။
စက်တင်ဘာလ ၂ ရက်တွင် မဟာအောင်မြေမြို့နယ် လမ်း၈၀ (၃၉ လမ်းနှင့် ၄၀ လမ်းကြား) နေအိမ်တစ်ခုတွင် အွန်လိုင်းငွေလိမ်လည်မှုများ လုပ်နေသည့် တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံသားများ အပါအဝင်၂၈ ဦးနှင့် ဖုန်းအလုံးရေ ၆၀၀ ဝန်းကျင်ကိုလည်းကောင်း၊ စက်တင်ဘာလ ၈ ရက်တွင် ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက် ၃၁ လမ်း (၆၃ လမ်းနှင့် ၆၄ လမ်းကြား) နေအိမ်တစ်ခုတွင် အွန်လိုင်းလောင်းကစားလုပ်ကိုင်နေသူ ခုနစ်ဦးကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဗိုက်ဘာ (Viber) နှင့် တယ်လီဂရမ်တို့မှ ငွေကြေးလိမ်လည်သူများက ရင်းနှီးသည့် သူငယ်ချင်း အသွင်ယူ၍ ၎င်းနံပါတ်ဖြင့် မိမိအမည်ကို ခေါ်ဆိုစာပေးပို့မှုရှိခဲ့ကြောင်း မန္တလေးမြို့တွင် နေထိုင်သူ အမျိုးသမီး တစ်ဦးကလည်း ဆိုသည်။
“ သူငယ်ချင်းလို ပြောတာ။ တယ်လီဂရမ်မှာ သူငယ်ချင်းနံပါတ်နဲ့ ပေါ်လာတာ။ အရင်နှုတ်ဆက်ပြီး Link ပို့လာတာ။ Block လိုက်တယ်” ဟု ၎င်းက ပြောသည်။
စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ပျံ့နှံ့ခဲ့သည့် ကျားဖြန့်
တရုတ်နယ်စပ်အနီးရှိ UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်ဒေသများနှင့် ကိုးကန့်ဒေသတို့တွင် စစ်တပ် အာဏာ သိမ်းသည့် ၂၀၂၁ ခုနှစ်မှ စတင်၍ အွန်လိုင်းငွေလိမ်လုပ်ငန်းများ ကျယ်ပြန့်လာခဲ့သည်။ တရုတ်အစိုးရက တရုတ်- မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ၂၀၂၃ ခုနှစ် နှစ်လယ်တွင် စတင်နှိမ်နင်းခဲ့သည်။
ကိုးကန့်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ဆက်စပ်သည့် စစ်တပ် လက်အောက်ခံ လောက်ကိုင်ဒေသ ဦးစီးအဖွဲ့နှင့် ၎င်းတို့၏ မိသားစုဝင်များကိုပါ တရုတ်အစိုးရက ဖမ်းဆီးခဲ့သည်။
ထို့နောက် စစ်တပ်လက်အောက်ခံ ကိုးကန့်အဖွဲ့ ပြုတ်ကျသည်အထိ ဖြစ်ပေါ်ခဲ့ရသော “၁၀၂၇ စစ်ဆင်ရေး”တွင် MNDAA နှင့် “ဝ” တပ်ဖွဲ့များက ၎င်းတို့ထိန်းချုပ်ဒေသရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို ထပ်မံဖမ်းဆီး၍ တရုတ်အစိုးရလက်သို့ အပ်နှံခဲ့ကြသည်။
ထိုသို့ ဖမ်းဆီးမှုများအတွင်း ထွက်ပြေးလွတ်မြောက်လာသည့် တရုတ်နိုင်ငံသားအများအပြားသည် တရုတ်နယ်စပ်နှင့် ဝေးကွာသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်း၊ မိုင်းရယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီး၊ မိုင်းနောင်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် အတွင်းပိုင်းကျသည့် ကျေးရွာများသို့ ရွှေ့ပြောင်းလာကာ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်နေကြသည်။
ထို့အပြင် ထိုင်း- မြန်မာနယ်စပ်၌လည်း အခြေပြုလုပ်ကိုင်ခဲ့ကြပြီး နိုင်ငံတကာဖိအားများကြောင့် ကျားဖြန့်လုပ်ငန်းများကို ပြီးခဲ့သည့်နှစ်များအတွင်း စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အချို့က ဖြိုခွင်းခဲ့ကြသဖြင့် ထိုသူများသည်လည်း နိုင်ငံတဝန်း ပျံ့နှံ့ရောက်ရှိသွားကြသည်။
စစ်တပ်က နှိမ်နင်းနေသည်ဟု ဆိုသော်လည်း ကျားဖြန့်လုပ်ငန်းများမှာ အမြစ်ပြတ်သွားခြင်းမရှိဘဲ နေရာ ရွှေ့ပြောင်း ဆက်လက်လုပ်ကိုင်နေကြကာ ရှင်သန်ကြီးထွားနေဆဲသာဖြစ်ကြောင်း ၎င်းတို့ အခြေစိုက်ရာ ဒေသများ၌ နေထိုင်သူများက Myanmar Now ကို ပြောထားကြသည်။
မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ ဆက်စပ်၍ ဖမ်းဆီးရမိခဲ့သော နိုင်ငံပေါင်း ၅၀ ကျော်မှ နိုင်ငံခြားသား ၇၂,၀၀၀ ကျော်ကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းခဲ့ကြောင်း စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက ယခုနှစ် ဩဂုတ်လ ၂၅ ရက်က နေပြည်တော်၌ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် ပြောထားသည်။





