ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ အလုပ်သမား ၁၀၀၀ ဝန်းကျင် ဖြင့် လည်ပတ်နေသော Sunrise (Myanmar) Fashion Co.,Ltd ကုမ္ပဏီ အထည်ချုပ်စက်ရုံသည် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်တွင် အပြီးပိတ်သိမ်းသွားမည်ဖြစ်ရာ ယခုကာလ ရန်ကုန်တိုင်းအတွင်း ၁၈ ခု မြောက် ပိတ်သိမ်းမည့် စက်ရုံဖြစ်လာသည်။
ယခုလကုန်တွင် ထန်းတပင်မြို့နယ်ရှိ အလုပ်သမား ၂၀၀၀ ဖြင့်လည်ပတ်နေသော Teng Hui အထည်ချုပ် စက်ရုံကပိတ်သိမ်းမည်ဖြစ်ပြီး တခြားပိတ်သိမ်းရန် ခွင့်ပြုချက်တင်ထားသော စက်ရုံ ၁၇ ခုလည်း ရှိရာ အဆိုပါ စက်ရုံများပိတ်သိမ်းမှုမှ အလုပ်သမား သောင်းနှင့်ချီ အလုပ်အကိုင်ဆုံးရှုံးပြီး မြန်မာ့စီးပွားရေး အပေါ်ကိုလည်း ဂယက်ကြီးကြီးမားမား ရိုက်ခတ်နိုင်ခြေ ရှိသည်။
အခြားစက်ရုံများမှ တဆင့်ခံချုပ်ခိုင်းသည့် အဝတ်အထည်များကို အဓိကချုပ်လုပ်ပေးသည့် စနစ်ဖြင့်လည်ပတ်နေသည့် Sunrise (Myanmar) Fashion တရုတ်အထည်ချုပ်စက်ရုံသည် အမှာလုံးဝမရှိတော့၍ ပိတ်သိမ်းရခြင်းဖြစ်ကြောင်း စက်ရုံ၏ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
“(အလုပ်သမားတွေကို ရသင့်ရထိုက်တဲ့ နစ်နာကြေးနှင့် လျော်ကြေး) အကုန်ပေးမှာပါ။ ကျွန်မတို့ ဌာနဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အကုန်လုံးဆက်သွယ်ပြီးပါပြီ” ဟု ၎င်းက ပြောသည်။
စက်ရုံပိတ်သိမ်းရန် တစ်လကြိုတင်အကြောင်းကြားမှုအဖြစ် ယခုလ စက်တင်ဘာလ ၂၂ ရက်မှ အောက်တိုဘာလ ၂၁ ရက် အထိသတ်မှတ်ကြောင်း အလုပ်သမားများကို စက်ရုံဘက်က အသိပေးထားကြောင်း အလုပ်သမားများ၏ ပြောဆိုချက်အား ကိုးကား၍ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM)က ၎င်းတို့၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
အလုပ်သမားထောင်ချီရှိသည့် ထိုစက်ရုံပိတ်သိမ်းခြင်းကြောင့် လုပ်သက်ခြောက်လမပြည့်သည့် အလုပ်သမားများ၊ ခွင့်ခံစားနေသည့်အလုပ်သမားများ၊ မီးဖွားခွင့်ဖြင့် ခံစားမည့်အလုပ်သမားများ၏ နစ်နာမှုများအတွက် တိကျရှင်းလင်းသည့်အသိပေးမှုမရှိသေးကြောင်း ဖော်ပြထားသည်။
အထည်ချုပ်အမှာများကျဆင်းလာခြင်း၊ အထည်ချုပ်လုပ်ငန်းနှင့်ဆက်စပ်သော စက်ပစ္စည်းများတင်သွင်းရန် ခက်ခဲခြင်း၊ အထည်ချုပ်တင်ပို့မှုမှရရှိသော နိုင်ငံခြားငွေကို ဈေးကွက်ပေါက်ဈေးထက်နည်းသော ငွေလဲနှုန်းထားဖြင့် ကျပ်ငွေလဲယူရခြင်းတို့ကြောင့် အထည်ချုပ်လုပ်ငန်းများရပ်တည်ရန် ခက်ခဲလာကြောင်း ၎င်းက ဆိုသည်။
စက်ရုံများရပ်တည်ရန်ခက်ခဲလာခြင်းကြောင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ခွင့်ပြုချက်ဖြင့် ရန်ကုန်တိုင်းအတွင်း လည်ပတ်နေသော စက်ရုံပေါင်း ၁၇ ရုံကလည်း ပိတ်သိမ်းရန်စီစဉ်နေကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် ထိပ်သီးအထည်ချုပ်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက စက်တင်ဘာလဆန်းပိုင်းတွင် Myanmar Now ကို ပြောထားသည်။
“စက်ရုံတွေကတော့ တဖြည်းဖြည်းတော့ အကုန်ပိတ်တော့မှာပဲ။ ဘာကြောင့်လဲဆိုတော့ မြတ်ဖို့ထက်စာရင် ရပ်တည်ဖို့က ခက်လာတယ်လေ။ ဒါပါပဲ။ အခုလာမယ် ဆက်တိုက်လာမယ်” ဟု သူက ပြောသည်။
ဆွီဒင်နိုင်ငံအခြေစိုက် နာမည်ကျော် H&M (Hennes & Mauritz) အမှတ်တံဆိပ် အဝတ်အထည်များကို လက်ခစားစနစ်ဖြင့် ချုပ်လုပ်ပေးနေသည့် အလုပ်သမား ၂၀၀၀ ကျော်ရှိသော ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် Teng Hui Myanmar အထည်ချုပ်စက်ရုံသည် အမှာအော်ဒါများ မပေးတော့၍ ယခုလ စက်တင်ဘာလကုန်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။
အခြားသော ပိတ်သိမ်းစက်ရုံအချို့မှာ တဆင့်ခံချုပ်လုပ်သော စက်ရုံများဖြစ်ကြောင်း အလုပ်သမားထောင်နှင့်ချီ အလုပ်ပြုတ်နိုင်ကြောင်း ၎င်းက ပြောသည်။
“Brand ကနေ မြန်မာပြည်ကို အော်ဒါချပေးတယ်။ ချပေးတော့ (တိုက်ရိုက်) မလုပ်ဘူး။ နောက်ထပ်သူဌေးတစ်ယောက်ကို တဆင့်ခံပြီးပေးတာပေါ့။ တစ်ထည်ကို နှစ်ကျပ်ပေးတယ်ဆိုရင် ဒီဘက်က ပြန်ယူတဲ့သူကို တစ်ကျပ်နဲ့ပြန်ပေးတာပေါ့။ အဲ့ဒီတော့ အကျိုးအမြတ်က ကြားထဲမှာ ဟနေတာပေါ့။ဟနေတော့ လက်တွေမှာလုပ်နေရတဲ့ စက်ရုံတာဝန်ရှိတဲ့သူက အကျိုးအမြတ်နည်းသွားတာပေါ့။ အကျိုးအမြတ်နည်းသွားတဲ့အခါမှာ လျှပ်စစ်မီးခတို့ဘာတို့ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲတွေဖြစ်တဲ့အခါမှာ ဆက်ပြီးမရပ်တည်နိုင်တော့တာ” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံရှိ လက်ခစား (CMP) စက်ရုံများတွင် အလုပ်သမား ခုနစ်သိန်းကျော်ရှိပြီး ဆက်စပ်လုပ်ငန်းများတွင် ထိုလုပ်သားများ၏ နှစ်ဆဝန်းကျင်ရှိကာ ၎င်းတို့ကို မှီခိုနေသည့် မိသားဝင်များမှာ လေးဆဝန်းကျင်ရှိကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။
အသင်းဝင် အထည်ချုပ်စက်ရုံများမှ ချုပ်လုပ်သည့် အထည်များကို ဥရောပဈေးကွက်သို့ ၆၀ ရာခိုင်နှုန်း၊ ဂျပန်ဈေးကွက်သို့ ၂၀ ရာခိုင်နှုန်းနှင့် အခြားနိုင်ငံများသို့ ၂၀ ရာခိုင်နှုန်းတင်ပို့သည်ဟု ဆိုသည်။ လက်ခစားလုပ်ငန်းများတွင် အထည်ချုပ်၊ အိတ်ချုပ်၊ ဖိနပ်ချုပ်နှင့်လျှပ်စစ်ပစ္စည်းတပ်ဆင်သည့် လုပ်ငန်း များပါဝင်သည်။



