ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့်အနီးဝန်းကျင် ကျေးရွာတို့ကို အာဏာသိမ်းစစ်တပ်က ယနေ့ (စက်တင်ဘာလ ၂၅ ရက်)၊ အရုဏ်မတက်ခင် နံနက်၂ နာရီခန့်တွင် ဗုံးကြဲခဲ့ရာ အရပ်သားရှစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
စစ်တပ်၏တိုက်ခိုက်မှုသည် မိနစ် ၄၀ ခန့်ကြာပြီး ဗုံးအလုံးရေ ၂၀ မှ ၃၀ အတွင်း ပေါက်ကွဲသံများကြားခဲ့ရသည်ဟု ဒေသခံများကဆိုသည်။
ဒဏ်ရာရသူများမှာ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ အရပ်သားနှစ်ဦး၊ ပီစိနှင့် နိဒင်ရွာတို့မှ အရပ်သားလေးဦးတို့ဖြစ်ကြောင်းသိရသည်။
စစ်တပ်၏ တိုက်လေယာဥ်များသည် ရခိုင်ပြည်နယ်၏ ကောင်းကင်ယံတွင် အမြဲတမ်းပျံဝဲနေပြီး မကြာခဏ ဗုံးကြဲချမှုကြောင့် ဒေသခံများ သေဆုံး၊ ဒဏ်ရာရရှိမှု မြင့်တက်နေကာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နေကြသည်ဟု ကျောက်တော်မြို့မှ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။
“အခုက လူတွေအိပ်နေတဲ့အချိန်မှာ ဗုံးချသွားတာ။ ဘယ်အချိန်မှာဘာဖြစ်သွားမလဲ မသိတော့ တော်တော်စိတ်ထိခိုက်ရတယ်။ အရပ်သားတွေနေထိုင်တဲ့နေရာတွေကို ဗုံးမကြဲစေချင်ဘူး”ဟု ၎င်းကဆိုသည်။
စက်တင်ဘာလ ၂၃ ရက်၊ နံနက်စောစော ၁ နာရီခန့်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျကျေးရွာကို စစ်တပ်က ဗုံးကြဲသောကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး ဝီရဌာနီ(ပေါက်တောမြို့နယ်) တောင်းဖူးရွာကိုလည်း စက်တင်ဘာလ ၂၁ ရက်၊ နံနက် ၁ နာရီကျော်ခန့်တွင် ဗုံးကြဲခဲ့သောကြောင့် တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရသွားသည်။
ထို့အပြင် ဂွမြို့နယ် ဆပ်သွားရွာကိုလည်း စက်တင်ဘာ ၂၁ ရက်၊ နံနက် ၁၁ နာရီကျော်ခန့်က ဗုံးကြဲခဲ့သောကြောင့် (၈)တန်းကျောင်းသား မောင်ဇွဲထက်အောင် (၁၄ နှစ်)နှင့် ဦးနေလင်းအောင်(၄၄ နှစ်)တို့ ဒဏ်ရာရရှိသွားကြသည်။
လက်ရှိတွင် စစ်တွေ- ပုဏ္ဏားကျွန်းအစပ် အမြင့်ကျွန်း တံတားအနီး၊ စစ်တွေမြို့နယ် ကျားမသောက် တောကန်ရွာအနီးနှင့် ရွှေမင်းဂံရေတပ်စခန်းအနီး ပတ်ဝန်းကျင်တို့တွင် နေ့စဥ်တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
AA သည် ထိုတိုက်ပွဲများအတွင်း စစ်သားများကို မကြာခဏ ဖမ်းဆီးရမိနေပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းပိုက်ရရှိထားသည်။
ထိုတိုက်ပွဲများတွင် တပ်စခန်းများကို စစ်တပ်က လက်လွှတ်ဆုတ်ခွာထွက်ပြေးနေရကြောင်း AA ၏ မီဒီယာဖြစ်သည့် Arakan Princess Media က ယနေ့ ရေးသားဖော်ပြထားသည်။
စစ်တပ်သည် စက်တင်ဘာလ ၄ ရက်မှ စတင်၍ “၄၉၂၆” စစ်ဆင်ရေးဟု ကြွေးကြော်ပြီး ပုဏ္ဏားကျွန်းမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ရန် အဆင့်မြင့်ဒရုန်း၊ လေကြောင်း၊ ရေကြောင်း၊ ကြည်းကြောင်းတို့ဖြင့် ကြိုးပမ်းခဲ့သော်လည်း လက်ရှိအချိန်ထိ AA စခန်းများကို သိမ်းပိုက်ရရှိခြင်းမရှိဟု သိရသည်။
တစ်ဖက်တွင် စစ်တပ်နှင့် AA တို့သည် ကျောက်ဖြူမြို့နယ်၊ ဧရာဝတီတိုင်း ရေကြည်မြို့နယ်၊ မကွေးတိုင်း မင်းတုန်းမြို့နယ် တို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်။



