အသက် ၅၀ အရွယ် စစ်သားသစ်
အနှေးယာဉ်လုပ်သား ဦးမြင့်ဆိုင်ကဲ့သို့ စစ်တပ်ထဲ ရုတ်တရက် ရောက်သွားပြီး နိုင်ငံသားစိစစ်ရေးကတ် အသစ် ရရှိနေသည်ဆိုသော ဖြစ်ရပ်မှာ စစ်တပ်ထဲတွင် အသစ်အဆန်း မဟုတ်ပေ။
စစ်တပ်က တပ်သားသစ်စုဆောင်းရာတွင် အသက်မပြည့်သေးသူများကိုပင် ပစ်မှတ်ထားလေ့ရှိရာ ထိုလူငယ်များ ကတ်အသစ်ရရန် စီစဉ်ပေးကြပြီး ကတ်အသစ်တွင် အသက်ကို ၁၈ နှစ်နှင့် အထက်သို့ ပြောင်းလဲဖော်ပြပေး တတ်ကြသည်။
စစ်သားသစ်အဖြစ် စုဆောင်းခံရသူအတွက် နိုင်ငံသားစိစစ်ရေးကတ်အသစ် ရရှိရေးမှာ လွယ်ကူနေဆဲ ဖြစ်သည်ဟု နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။
“အသက်က အရေးမကြီးဘူး၊ ကျန်းမာပြီး အရွယ်ကောင်းရင်ရပြီ။ မှတ်ပုံတင်နဲ့ လိုအပ်တာက ပြောင်းပေးလို့ ရတယ်ဆိုပြီးပြောလေ့ရှိကြတယ်” ဟု ၎င်းက ပြောပြသည်။
ဤသို့ဖြင့် အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား လူငယ်များ စစ်မှုထမ်းရမည်ဟု စစ်တပ်က အဓမ္မပြဋ္ဌာန်း ထားသည့်အပြင် တပ်သားသစ် လိုအပ်ချက်အရ အသက်ကျော်လွန်နေသူများသည်လည်း စစ်တပ်၏ပစ်မှတ် ဖြစ်လာသည်။
ရန်ကုန်တိုင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက သူ၏ ဦးလေးဖြစ်သူမှာ အသက် ၅၀ ရှိပြီဖြစ်ကြောင်း၊ ဘောလုံးပွဲရုပ်သံကြည့်ပြီး အိမ်အပြန်လမ်းတွင် ဖမ်းဆီးခံခဲ့ရပြီး စစ်တပ်ထဲ ရောက်သွားကြောင်း စက်တင်ဘာလဆန်းပိုင်းက ပြောသည်။
“ညဘက် ဘောပွဲကြည့်ပြီး ပြန်လာတော့ … ဖုန်းရသေးတယ်၊ နောက် ဆက်မရတော့ဘူး၊ ပျောက်သွားတယ်၊ ပျောက်ပြီး တစ်ပတ်ကျော်ကြာမှ သူ့အိမ်ကို ဖုန်းဆက်တယ်တဲ့။ သင်တန်းတက်နေပြီ၊ ပြန်လွှတ်လို့လည်း မရတော့ဘူး၊ ပြန်ရွေးလို့လည်း မရတော့ဘူး” ဟု သူက ပြောသည်။
အသက်မပြည့်သေးသူများ၊ အသက်ကျော်လွန်သူများအပါအဝင် တပ်သားသစ်အဖြစ် အဓမ္မ စုဆောင်းခံနေရ နေမှုနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်း ဗဟိုအဖွဲ့ကို ဇူလိုင်လအတွင်း Myanmar Now က ဆက်သွယ် မေးမြန်းခဲ့ရာ ထိုသို့ စုဆောင်းခံရသည့် မြို့နယ်များရှိ ရုံးခွဲများသို့ အချက်အလက်နှင့် တရားဝင် တိုင်ကြားပေးရန်သာ တုံ့ပြန်ဖြေကြားခဲ့သည်။
စက်တင်ဘာလ ၆ ရက်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ လေ့ကျင့်ရေးကျောင်းတွင် အမှတ်စဉ် (၂၈) စစ်သင်တန်းတက်ရန် တပ်သားသစ်အဖြစ် အတင်းအကျပ် စုဆောင်းခံရသူများ။ (ဓာတ်ပုံ- ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ)
“စစ်မှုထမ်း” စျေးကွက်
၂၀၂၄ ခုနှစ်မှ စတင်၍ အဓမ္မအသက်သွင်းခဲ့သည့် စစ်မှုထမ်းဥပဒေအရ စစ်တပ်က တပ်သားသစ် အတင်းအကျပ်စုဆောင်း၍ စစ်သင်တန်း ပြုလုပ်ခဲ့ရာ အပတ်စဉ် (၂၈) အထိ ရောက်လာပြီဖြစ်သည်။ သင်တန်း အပတ်စဉ်တစ်ခုလျှင် အရေအတွက် ၅၀၀၀ နှုန်းရှိသည်ဟု သတင်းထွက်နေရာ ထိုကိန်းဂဏန်းအတိုင်းသာ ဆိုလျှင် အတင်းအကျပ်စုဆောင်းခံရသည့် စစ်သားသစ် အရေအတွက်မှာ တစ်သိန်းခွဲနီးပါး ဖြစ်သည်။
စစ်သားသစ်စုဆောင်းရာတွင် အဓိက တာဝန်ယူဆောင်ရွက်ပေးရသည်မှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ ဖြစ်သည်။ စစ်တပ်ထဲဝင်လိုသူမရှိသဖြင့် အုပ်ချုပ်ရေးအဖွဲ့များက မဲစနစ်ဖြင့် ရွေးချယ်လေ့ရှိရာ မဲပေါက်သူများအနက် တိမ်းရှောင်ခြင်း မပြုနိုင်သူတို့က လာဘ်ငွေပေးခြင်းဖြင့် အခက်အခဲ ဖြေရှင်းကြသည်။
စစ်တပ်ထဲ ကိုယ်စားဝင်ပေးမည့်သူအတွက်ဟု ဆိုကာ ဒေသခံများထံမှ လစဉ်ကြေး အဓမ္မကောက်ခံသော အုပ်ချုပ်ရေးမှူးရုံး အများအပြားလည်း ရှိနေသည်။
ဤသို့ဖြင့် စစ်သားစုဆောင်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်တွင် မသမာသည့်နည်းလမ်းဖြင့် ငွေညှစ်ခြင်း၊ မတန်တဆ ငွေကြေးတောင်းခံခြင်းများ ပါဝင်လာသည်။
ဩဂုတ်လ ၃၀ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မယ်ဟုတ်ကျေးရွာ တံတားအနီး လူငယ်နှစ်ဦးကို လက်ထိတ်ခတ် ထိန်းသိမ်းခဲ့သော၊ စစ်သားစုဆောင်းရေးတာဝန်ရှိသူ ဟန်ဆောင်သည်ဟု ဆိုသော သုံးဦးကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ ထိုသူတို့မှာ မိုင်းဖြတ်မြို့နေထိုင်သူ ဇွဲညီညီခန့်၊ မသဲအိချိုနှင့် တာချီလိတ်မြို့နေထိုင်သူ ဉာဏ်လင်းထက်တို့ ဖြစ်သည်။ အဆိုပါ သုံးဦးသည် လူငယ်နှစ်ဦးကို စစ်သားသစ်စုဆောင်းသူများထံ ပြန်လည် ရောင်းချရန် စီစဉ်သူများ ဖြစ်ကြောင်း စစ်တပ်ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများက ရဲသတင်းရင်းမြစ်ကို ကိုးကားဖော်ပြကြသည်။
ယင်းအပြင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက်နေ အရန်မီးသတ် အရာရှိတစ်ဦး၏ နေအိမ်တွင်အချုပ်ခန်းဆောက်ကာ စစ်မှုထမ်းအတွက်ရောင်းချရန် လူငယ်လေးဦးကို ဖမ်းဆီးထားသည့် သတင်း သြဂုတ်လက ထွက်ပေါ်ခဲ့သည်။
ထိုဖြစ်ရပ်အတွက် အရန်မီးသတ်ဗိုလ်နှင့် ၎င်း၏သမက်ဖြစ်သူတို့ကို အမှုဖွင့်ထားကြောင်း စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်အချို့က ဩဂုတ်လ ၃၁ ရက်တွင် ဖော်ပြကြသည်။ ထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်နိုင်သည့် ပြန်ပေးဆွဲ၊ ဖမ်းဆီးခေါ်ဆောင်မှု ပုဒ်မ ၃၆၅ ဖြင့် အမှုဖွင့်ထားသည်ဟု ဆိုသည်။
အင်းစိန်မြို့နယ်တွင်နေထိုင်သူ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ထိုဖြစ်ရပ်က ၎င်းတို့မြို့နယ်အတွင်း ဂယက်ရိုက်ခတ်ခဲ့ကြောင်း ပြောသည်။
“လူငယ်လေးဦးကို ရဲစခန်းခေါ်ပြီး လိုအပ်တာ စစ်မေးပြန်လွှတ်လိုက်တယ်လို့တော့ကြားတယ်၊ အချုပ်စခန်း ဆောက်ပြီး လူငယ်တွေကိုဖမ်း ရောင်းစားတဲ့ မီးသတ်အရာရှိနဲ့ သမက်ကတော့ ဖမ်းသွားတာ။ အဲဒီကိစ္စက အင်းစိန်မှာ အတော်ဟော့သွားတာ၊ ပျောက်သွားတဲ့ လူငယ်တွေရဲ့ မိဘတွေလည်း ရဲစခန်းမှာ လာမေးမြန်းတာတွေ လုပ်ကြတယ်” ဟု ထိုသူက ပြောသည်။
တညင်းကုန်းရပ်ကွက်နေသူ အမျိုးသားတစ်ဦးကလည်း စစ်တပ်နှင့် ရဲက မီးသတ်အရာရှိ၏ နေအိမ်၌ ဖမ်းဆီးကာ စစ်မှုထမ်းအတွက် လူဖမ်းထည့်ထားသည်ဟု သိရကြောင်း ဆိုသည်။
“အရန်မီးသတ်သုံးပွင့်နဲ့အိမ်မှာ အချုပ်ခန်းလုပ်ပြီးတော့ သုံးလေးယောက်လောက်ထည့်ထားတာ၊ ဒီကောင်တွေ နောက်တော့ ဘယ်လိုမှ ဖုံးမရ ဖိမရတော့ ဝင်ဖမ်းတာလေ။ စစ်မှုထမ်းခေါ်ပြီဆိုရင် သူတို့ရပ်ကွက်ထဲကလူ မထည့်ချင်တော့ (အစားထိုးဖို့) လူဝယ်တာလေ။ လူ ဝယ်ကြတော့ ဖမ်းထားတဲ့သူရောင်းတာ၊ ရောင်းပြီး စစ်တပ်ထဲ ထည့်တာ” ဟု ထိုအမျိုးသားက ပြောသည်။
ထိုအခြေအနေများနှင့်ပတ်သက်၍ ပိုမိုသိရှိရေးအတွက် အင်းစိန်မြို့နယ်ရဲစခန်းကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် မီးသတ်ဗိုလ်အိမ်တွင် ဖမ်းဆီးခံထားရသည့် လူငယ်လေးဦး။ (ဓာတ်ပုံ- စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်)
မြန်မာစစ်တပ်က အရပ်သားများကို ရှေ့တန်းစစ်မြေပြင်တွင် အထမ်းသမား(ပေါ်တာ)အဖြစ် အသုံးချသည့် အစဉ်အလာ ရှိတတ်ပြီး ထိုသို့ခိုင်းစေရန် လိုက်လံဖမ်းဆီးခြင်းကို ပေါ်တာဆွဲခြင်းဟု အရပ်သားများက ခေါ်ဆိုကြသည်။
လတ်တလော စစ်သားသစ် အဓမ္မ စုဆောင်း ဖမ်းဆီးနေမှုကိုလည်း ပေါ်တာဆွဲသည်ဟုပင် အများက ခေါ်ဆိုကြသည်။
လိုအပ်သည့် စစ်သားသစ်အရေအတွက် ရရှိရန် ရန်ကုန်အပါအဝင် မြို့ကြီးများ၌ စစ်တပ်နှင့် အုပ်ချုပ်ရေးဌာနတို့ ပူးပေါင်း၍ ပေါ်တာဆွဲနေရသည်ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူး အမျိုးသားတစ်ဦးက ပြောသည်။
“စစ်မှုထမ်းဥပဒေရှိနေသမျှ၊ ဘယ်သူမှလိုလိုချင်ချင် စစ်ထဲဝင်ချင်တဲ့သူမရှိနေသရွေ့ကတော့ ဒီပြဿနာကြီးက ရှိနေမှာပဲ။ ခါးပိုက်နှိုက်၊ ခိုးဆိုးလုယက်တဲ့သူကလည်း စစ်ထဲမဝင်၊ ရှင်းရှင်းပြောရရင် အပြင်မှာ ခိုးစားမယ်၊ စစ်ထဲ ဘယ်သူမှ မဝင်ချင်ဘူး”ဟု အထက်ပါ အုပ်ချုပ်ရေးမှူးက ပြောသည်။
“လူလစ်တာနဲ့ ဆွဲတာ၊ လူရှင်းတဲ့နေရာ တစ်ယောက်တည်းသွားပြီဆိုရင် ဆွဲမှာပဲ“
လစဉ်ကြေးနှင့် ပေါက်စျေး
စစ်သားသစ် မှောင်ခိုဈေးကွက်တွင် လူစားထိုးမှုအတွက် တစ်ဦးလျှင် ကျပ် သိန်း ၇၀ မှ ၁၀၀ ကျော်အထိ ပေါက်ဈေးရှိလာသည်။ ကောက်ခံသည့် လစဉ်ကြေးသည်လည်း တစ်လလျှင် ကျပ်ငါးသောင်းမှ ရှစ်သောင်းထိ ဖြစ်လာကြောင်း နေပြည်တော်နှင့် ရန်ကုန်ရှိ အုပ်ချုပ်ရေးမှူးများထံက စုံစမ်းသိရှိရသည်။
နေပြည်တော် ပျဉ်းမနားမြို့နယ်မှ ဒေသခံတစ်ဦးက တက္ကသိုလ်တက်နေသော အသက် ၂၁ နှစ်အရွယ် သားဖြစ်သူအတွက် စစ်မှုထမ်းကြေး တစ်လလျှင် ကျပ်လေးသောင်းမှ ခြောက်သောင်းထိ ပြီးခဲ့သည့် ဇူလိုင်လတွင် တိုးမြှင့်ကောက်ခံခြင်းခံရကြောင်း ပြောသည်။
“စစ်မှုထမ်း တရားဝင်ဆင့်ခေါ်ရင် ကျောင်းသားဆိုပြီး ဖြေရှင်းရသေးတယ်။ လမ်းမှာများ ပေါ်တာ အဆွဲခံရရင် အုပ်ကြီး လိုက်ဖြေရှင်းပေးအောင်ဆိုပြီး လစဉ်ကြေး ထည့်ဝင်ထားရတာ”ဟု ၎င်းက ဆိုသည်။
ဩဂုတ်လ ၂၆ ရက် ညပိုင်းက မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တွင် သံပန်းလုပ်ငန်းလုပ်ကိုင်သော၊ ကလေးနှစ်ဦး၏ ဖခင်ဖြစ်သော အမျိုးသားတစ်ဦးကို ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဖမ်းဆီးသွားခဲ့ကြောင်း၊ ယခုအခါ စစ်တပ်စခန်းများရှိရာ မန္တလေးနန်းတွင်းသို့ ရောက်နေကြောင်း သိရသည်။
“သိန်း ၅၀၀နဲ့ ညှိနှိုင်းနေတယ် ကြားတယ်။ ရပ်ကွက်အုပ်ကြီး မော်ကြီးဆိုတဲ့လူက ဖမ်းပေးပြီး အခု နန်းတွင်းအထိ မိသားစုက လိုက်ညှိနေရတယ်။ တကယ်တမ်း အသက်က ၃၆ ပြည့်လို့ ၃၇ ထဲတောင် ရောက်နေပြီ”ဟု လမ်း ၆၀၊ Aလမ်း၊ (၁၁၆ လမ်းနှင့် ၁၁၇ လမ်းကြား) တွင် ဖမ်းဆီးခံရသည့် ထိုဖြစ်စဉ်အကြောင်း သိသူ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
ဇူလိုင်လအတွင်းကလည်း မဟာအောင်မြေမြို့နယ် မင်းသားစုရပ်တွင် နေထိုင်သူ အသက် ၄၂ နှစ်အရွယ် ကိုရဲလင်းသည် မန္တလေးနှင့် စစ်ကိုင်းမြို့အကြား ခရီးသွားစဉ် ယာဉ်ပေါ်မှ ဆွဲချဖမ်းဆီးခံလိုက်ရသည်။
ကလေးတစ်ဦး၏ဖခင်ဖြစ်သော ထိုအမျိုးသားသည် စစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)တွင် ရှိနေသည်ဟု မိသားစုနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောပြသည်။
“သူက မိသားစုကို သိန်း ၅၀ ယူပြီး လာရွေးလှည့်ပါ၊ ရွေးလို့ရပါတယ်လို့ အကြောင်းကြားတယ်။ မိသားစုက သိန်း ၅၀ ကို မတတ်နိုင်တော့ မရွေးနိုင်ရှာဘူး။ အခု သူ့မိန်းမက စစ်ကိုင်းတပ်ထဲအထိ အမြဲ သွားသွားတွေ့တယ်။ အဲဒီလိုတော့ တွေ့လို့ရတယ် ”ဟု ယင်းအမျိုးသမီးက ပြောသည်။
စစ်တပ်တွင် ရာထူးတက်လိုသူ၊ တပ်မှ ထွက်ခွင့်ရလိုသူ အရာရှိများ စစ်သားသစ် မဖြစ်မနေ စုဆောင်းပေးရတတ်သောကြောင့် စစ်မှုထမ်းဥပဒေကို အသက်မသွင်းမီကပင် စစ်သားသစ်အရောင်းအဝယ် ရှိနှင့်နေပြီး ဖြစ်သည်။
၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီး ဆန့်ကျင်ကန့်ကွက်သူများကို လမ်းပေါ်တွင် ပစ်ခတ် သတ်ဖြတ်ရာ နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင်ခုခံသူ အများအပြား ပေါ်ပေါက်လာသည်။ ထိုအခြေအနေတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း စစ်တပ်ကို ထိုးစစ်ဆင်ကြရာ စစ်တပ်သည် လက်နက်ကိုင်အင်အား အကြီးအကျယ် လိုအပ်လာသည်။
ကာလတိုသင်တန်းတက်ပြီးလျှင် သေဆုံးဒဏ်ရာရမှု များပြားသော တိုက်ပွဲဒေသအသီးသီးသို့ ပို့ဆောင်ခံရမည့် အခြေအနေတွင် လူငယ်အများအပြားက စစ်တပ်ထဲ ရောက်မည်ကို စိုးရိမ်ကြသည်။
ယခုအခါ စစ်တပ်မိသားစုဝင်များပါ စစ်သားသစ်အဖြစ် စုဆောင်းခံနေရသည်။ ထိုအထဲတွင် နေပြည်တော် လယ်ဝေးမြို့နယ်မှ ဒေါ်ခင်ဌေးမြင့်တို့ မိသားစုလည်း ပါဝင်သည်။ အသက် ၆၀ ဝန်းကျင်အရွယ် ဒေါ်ခင်ဌေးမြင့်တွင်ရှိသော သားသုံးဦးလုံးမှာ စစ်ထဲသို့ ရှေ့ဆင့်နောက်ဆင့် ရောက်သွားကြသည်။
ဒေါ်ခင်ဌေးမြင့်တို့ သားအမိသည် အညာဒေသမှ စစ်ဘေးတိမ်းရှောင်သည့်အနေဖြင့် အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများရုံးစိုက်ရာ နေပြည်တော်၌ နေထိုင်ပြီး ဈေးရောင်းနေခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က Myanmar Now ကို ပြောသည်။
ဒေါ်ခင်ဌေးမြင့်ကို ကျွေးမွေးစောင့်ရှောက်ပေးနေသည့် သားဖြစ်သူသည်လည်း တပ်သားသစ်အဖြစ် အတင်းအကျပ် စုဆောင်းခံရသည်။
“သားသုံးယောက် မွေးထားတာလေ။ သားနှစ်ယောက်က စစ်သား၊ သားတစ်ယောက်က လက်ရှိ ကျွန်မကို လုပ်ကျွေးနေတာပါ” ဟု ဒေါ်ခင်ဌေးမြင့်က ၅၉ စက္ကန့်ကြာ Tik Tok ရုပ်သံတွင် ပြောဆိုထားသည်။
“အဲဒီကလေးကို ၂၀၃၀ တပ်က ဗိုလ်မှူးအောင်မင်းကိုယ်တိုင် ခေါ်ပြီးတော့ ပြည်သူ့စစ်ထဲ ထည့်လိုက်ပါတယ်။ ပေါ်တာလည်း လာဆွဲသွားပါတယ်ရှင်။ ကျွန်မ ဘယ်လိုလုပ်ရမလဲ မသိလို့ပါရှင်။ ကျွန်မကို ကူညီကြပါဦးရှင်” ဟု ဒေါ်ခင်ဌေးမြင့်က ပြောလိုက်သည်။
(Myanmar Now သတင်းထောက်များ ဖြစ်သော ကိုလှိုင်း၊ အောင်ဇေ နှင့် တိမ်ဝါတို့ ပူးပေါင်း ရေးသားသည်။)