ယမန်နေ့ (စက်တင်ဘာလ ၂၄ ရက်) က မွန်ပြည်နယ်နှင့် ပဲခူးတိုင်း ထိစပ်ရာနယ်နိမိတ်ဝန်းကျင်တွင် ရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အထူးတိုင်းစစ်ဌာန လက်အောက်ခံ စစ်စခန်းတစ်ခု ဗုံးကြဲခံရပြီး လေတပ် CDM တပ်ကြပ်ကြီးတစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် အနည်းဆုံး ငါးဦးသေဆုံးကြောင်း စုံစမ်းသိရသည်။
စစ်လေယာဉ် နှစ်စီးသည် စက်တင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီ မိနစ် ၂၀ ဝန်းကျင်ခန့်တွင် ပဲခူးတိုင်းအတွင်း စစ်ဘက်ဆိုင်ရာသင်တန်းတစ်ခုပြုလုပ်နေသည့် NUG အထူးတိုင်းစစ်ဌာန၏ စစ်စခန်းတစ်ခုကိုဦးစွာ ဗုံးကြဲ တိုက်ခိုက်သည်။ ထို့နောက် Y-12 ခေါ် သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲသလို အနီးဝန်းကျင် စစ်တပ် အထိုင်စခန်းများကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အရာရှိ အမျိုးသားတစ်ဦးက ပြောသည်။
ဗုံးကြဲခြင်းအပါအဝင် လက်နက်ကြီးနှင့် တိုက်ခိုက်မှုကြောင့် အကြမ်းမဖက်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သည့် တပ်ကြပ်ကြီးနေဝင်းအောင်နှင့် PDF ငါးဦးခန့် သေဆုံးခဲ့သလို NUG အထူးတိုင်း စစ်ဌာန ကွပ်ကဲရေးမှူး ကိုအောင်စံရှားအပါအဝင် လေးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဒဏ်ရာရသူများကို ဆေးကုသမှုပေးနေပြီး ကိုအောင်စံရှား၏ ဦးခေါင်း ထိခိုက်ဒဏ်ရာမှာ မပြင်းထန်ကြောင်း၊ CDM ဗိုလ်မှူးတင်လင်းအောင်သည်လည်း ပြင်းထန်ဒဏ်ရာမရဘဲ ဘေးကင်းကြောင်း ဒဏ်ရာရသူအရေအတွက် အတိအကျကို အတည်မပြုနိုင်ကြောင်း အထက်ပါ NUG အရာရှိက ဆိုသည်။
“ကိုအောင်စံရှား အဆင်ပြေတယ်။ အတတ်နိုင်ဆုံးဘေးကင်းမယ့်နေရာ ပို့ထားတယ်။ ကျန်တဲ့ဒဏ်ရာရသူ တွေကိုလည်း ဆေးကုသမှုပေးနေပါတယ်”
လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် လေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တပ်ကြပ်ကြီး နေဝင်းအောင်သည် CDM ဗိုလ်မှူး တင်လင်းအောင်နှင့်အတူ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နေထိုင်ကာ စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများနှင့် တိုက်ပွဲများအကြောင်း အများသိစေရန် လူမှုကွန်ရက်၌ ဝေမျှနေသူများ ဖြစ်သည်။
၎င်းတို့သည် အခါအားလျော်စွာ ထိုင်းနိုင်ငံနှင့်နယ်မြေကပ်လျက် မြန်မာနိုင်ငံ တော်လှန်ရေးတပ်စိုးမိုးနယ်မြေများသို့ သွားရောက်တတ်သူများဖြစ်ကြပြီး လတ်တလော NUG အထူးတိုင်း စစ်ဌာနနယ်မြေသို့ ရောက်ရှိနေစဉ် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု ကြုံရခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အပါအဝင် ထိခိုက်မှုအခြေအနေကို ပိုမိုသိနိုင်ရန် NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ NUG အထူးတိုင်းစစ်ဌာနချုပ် ဒုကွပ်ကဲရေးမှူး ကိုအေးမင်းထွန်းထံ Myanmar Now က ယမန်နေ့ စက်တင်ဘာ ၂၄ ရက် ညနေပိုင်းကတည်းက ဆက်သွယ်ထားသော်လည်း ယခု သတင်းရေးသားနေသည့် မွန်းတည့်ချိန်အထိ အကြောင်းမပြန်ပေ။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက ထိုဖြစ်စဉ်ကို စိစစ်ပြီး အသေးစိတ်သတင်းထုတ်ပြန်ရန် ရှိကြောင်း Myanmar Now ကို ယနေ့ ပြောသည်။
စစ်တပ်ဘက်ကမူ အထက်ပါ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်ကို စက်တင်ဘာလ ၂၅ ရက်အထိ တရားဝင် သတင်းထုတ်ပြန်လာခြင်းမရှိသေးသလို စစ်ခေါင်းဆောင်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးအား Myanmar Now က ဖုန်း သုံးကြိမ်ခေါ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။
စစ်တပ်ကို ထောက်ခံရေးသားလေ့ရှိသူများ၏ တယ်လီဂရမ်ချန်နယ်များတွင်မူ ပဲခူးတိုင်း ရွှေကျင်မြို့နယ်နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အစပ်ရှိ အထူးတိုင်းစစ်ဌာန၊ ဌာနချုပ်နေရာကို စက်တင်ဘာလ ၂၄ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ PDF များ ထိခိုက်သေဆုံးမှုများရှိကြောင်း ရေးသားဖော်ပြကြသည်။
NUG အထူးတိုင်းစစ်ဌာနသည် ၂၀၂၅ ခုနှစ် ဧပြီလ ၃ ရက်တွင် ဖွဲ့စည်းခဲ့သည့် PDF စစ်ရုံးချုပ် လက်အောက်ခံ စစ်တိုင်းတစ်ခုဖြစ်ပြီး အထူးတိုင်းစစ်ဌာနအောက်တွင် တိုက်ခိုက်ရေးတပ်ရင်း ၁၄ ရင်းရှိပြီး ဒရုန်းလက်ရုံးတပ်ဖွဲ့ ငါးဖွဲ့ရှိသည်။
ပဲခူးတိုင်း ရွှေကျင်မြို့နယ်၊ မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်းနှင့် ရေးမြို့နယ် ၊ တနင်္သာရီတိုင်းတွင် ရေဖြူ မြို့နယ်တို့၌ NUG အထူးတိုင်းစစ်ဌာနက စစ်ရေးလှုပ်ရှားလေ့ရှိပြီး ထိုအထဲမှ မွန်ပြည်နယ် ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တို့သည် NUG ၏ စစ်ရေး ၊ နိုင်ငံရေး မဟာမိတ်ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၁) လှုပ်ရှားရာနယ်မြေလည်းဖြစ်သည်။
ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးထံ Myanmar Now က အွန်လိုင်းမှ တဆင့် စာပို့မေးမြန်းခဲ့ရာ “လိုင်းပေါ်ကပဲတွေ့ရပါတယ်” ဟု တုံ့ပြန်ဖြေဆိုသည်။

NUG အထူးတိုင်းစစ်ဌာန လှုပ်ရှားနယ်မြေများသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု မကြာခဏ ကြုံတွေ့ရလေ့ရှိပြီး မကြာသေးသည့် စက်တင်ဘာလ ၁၉ ရက်၊ ည ၁၁ နာရီ ဝန်းကျင်ကပင် ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ရွာကို စစ်တပ်က ဗုံး လေးလုံးကြဲခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်အရသိရသည်။
ဗုံးကြဲမှုကြောင့် ကြသောင်းဆိပ်ရွာအရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ စာသင်ကျောင်းတွင်းမှ စာသင်ဆောင်များ ပျက်စီးသွားသလို လူနေအိမ် ၃၆ လုံးပျက်စီးသွားကြောင်း KNU ဘက်က ဆိုထားသည်။ အလားတူ စက်တင်ဘာလ ၆ ရက် ညနေကလည်း ကျိုက်ထိုမြို့နယ် ညောင်ထောက်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၁၀ နှစ်အရွယ် နော်အိဖြိုးမြတ် လက်နက်ကြီးစထိမှန်သေဆုံးခဲ့သည်။
NUG အထူးတိုင်းစစ်ဌာန စစ်စခန်းလေကြောင်းတိုက်ခိုက်ခံရမှုသည် မြန်မာပြည်တောင်ပိုင်းတွင် ဒုတိယ အကြိမ်မြောက် PDF တပ်ဖွဲ့ဝင်များ ထိခိုက်သေကျေမှုများသည့် လေကြောင်းတိုက်ခိုက်ခံရမှုဟု ဆိုနိုင်သည်။
ပထမအကြိမ် တိုက်ခိုက်ခံရမှုမှာ ၂၀၂၆ ခုနှစ် မေလ ၂၇ ရက် နံနက် ၁ နာရီဝန်းကျင်တွင် မွန်ပြည်နယ် ရေးမြို့နယ်ရှိ “ ရေးဘီးလူးအဖွဲ့” တော်လှန်ရေးအဖွဲ့စခန်း ဗုံးကြဲခံရခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့သည်။
တော်လှန်ရေးတပ်ဖွဲ့စခန်းနေရာများ ပေါက်ကြားသဖြင့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယခုနှစ်အတွင်း စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းတို့တွင် အများဆုံး ဖြစ်ပေါ်ခဲ့ပြီး တော်လှန်ရေးအဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။
ယခုနှစ် ဇန်နဝါရီလအတွင်း စစ်ကိုင်းတိုင်း မော်လူးမြို့နယ် ပကဖရုံးတစ်ခု ၊ ကောလင်းမြို့နယ်အရှေ့ပိုင်းရှိ ပကဖစခန်းတစ်ခု၊ မေလအတွင်း အင်းတော်မြို့ (ပကဖ) ရုံးနေရာနှင့် အချုပ်ခန်း ဗုံးကြဲခံရမှု ဖြစ်ပေါ်ခဲ့သည် ။ ထို့အပြင် ဩဂုတ်လ ၂ ရက်ကလည်း ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်အတွင်း ပကဖ ယာယီစခန်းတစ်ခု ဗုံးကြဲခံရပြီး ရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့သည်။



