အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

အမေရိကန်တွေ ပြန်လာပြီတဲ့လား၊ သူတို့ ဘယ်တုန်းကမှ ထွက်မသွားခဲ့ပါ

ဗိုလ်မင်းအောင်လှိုင်က အနောက်နိုင်ငံတွေနဲ့ ဆက်ဆံနိုင်ဖို့ ကြိုးစားနေချိန်၊ စစ်အေးခေတ်ကနေ ဒီနေ့အထိ မြန်မာ့အရေးမှာ အမေရိကန်ရဲ့ မဟာဗျူဟာအကျိုးစီးပွား ဘယ်လို ဆက်ရှိနေခဲ့သလဲ။

မြန်မာပြည်အကြောင်း စာအုပ်ရေးဖူးတဲ့ အမေရိကန် စီးပွားရေးသမား Adam Castillo (အာဒမ် ကက်စတီလို) ကို စစ်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းထဲ ပြန်လွှတ်ပေးလိုက်ပါတယ်။ သူဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်း (AmCham) ရဲ့ ဥက္ကဋ္ဌဟောင်း ဖြစ်ပြီး၊ အမေရိကန်အတွက် မြန်မာ့ မြေရှားသတ္တု  ရယူပေးမယ့် အစီအစဉ်နဲ့ အပြန်အလှန် ပိတ်ဆို့အရေးယူမှုတွေ လျှော့ချပေးဖို့ လော်ဘီလုပ်ခဲ့သူ၊ လှုံ့ဆော်စည်းရုံးခဲ့သူ ဖြစ်ပါတယ်။

ဒီအချိန်မှာပဲ အမေရိကန် အခြေစိုက် နာမည်ကြီး Time မဂ္ဂဇင်း က သတင်းထောက် Charlie Campbell (ချာလီကမ့်ဘဲလ်) နဲ့ ဗိုလ်မင်းအောင်လှိုင်တို့ နေပြည်တော်မှာ အချိန်ကိုက် အင်တာဗျူး လုပ်ခဲ့ပါတယ်။ အင်တာဗျူးထဲမှာ သမ္မတ တဖြစ်လဲ အာဏာသိမ်း စစ်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်အပေါ်ကို သက်ညှာစွာ ဆက်ဆံထားတယ်၊ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့မှုတွေကို ပြန်လည်သုံးသပ်ပါလို့ ထည့်သွင်း တောင်းဆိုသွားပါတယ်။ ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း အနောက်တိုင်း သတင်းဌာနကြီးတခုနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် အင်တာဗျူးဖြစ်ပြီး၊ သူ့ရဲ့ ပြည်တွင်း ပြည်ပမှာ ကျဆင်းနေတဲ့ တရားဝင်မှု (Legitimacy) ကို အားကောင်းလာစေဖို့ အသည်းအသန် ကြိုးစားနေတာ ဖြစ်ပါတယ်။

Time က ဗိုလ်မင်းအောင်လှိုင်ကို စင်မြင့်တင်ပေးတာမျိုး သက်သက်တော့ မဟုတ်ပါဘူး။ သတင်းဆောင်းပါးပုံစံနဲ့ စစ်တပ် အာဏာရှင် စနစ်ရဲ့ သရုပ်သကန်ကို ပုံပေါ်စေတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါဟာ စစ်ခေါင်းဆောင်အတွက် သမ္မတအဖြစ်နဲ့ အမေရိကန်နဲ့ အနောက် နိုင်ငံတကာ မီဒီယာမှာ ပထမဆုံး ဖော်ပြခံရတာဖြစ်လို့ ပြည်တွင်းမှာရော ပြည်ပမှာရော တည်ဆောက်မရသေးတဲ့ ပုံရိပ်နဲ့ တရားဝင်မှုကို အသုံးချနိုင်မယ့် အခွင့်အရေးတခုတော့ ဖြစ်သွားပါတယ်။

ဒီနေရာမှာ ၂၀၂၅ ကတည်းက မြန်မာစစ်တပ်ဟာ ဝါရှင်တန်ဒီစီ အခြေစိုက် DCI လော်ဘီ အဖွဲ့နဲ့ ဒေါ်လာသုံးသန်း တန်စာချုပ်ထားတာကို လျစ်လျူရှုထားလို့ မရပါဘူး။ အဲဒီနောက်ဆက်တွဲ အဖြစ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နီးစပ်တဲ့ Roger Stone ကို တလ ဒေါ်လာ ငါးသောင်းနဲ့ လော်ဘီလုပ်ဖို့ အပါအဝင် ငှားရမ်းထားတာကိုလည်း သတိပြုရပါမယ်။

ဆိုချင်တာက လက်ရှိ ဖြစ်ပေါ်လာတဲ့ အခင်းအကျင်းတွေဟာ စစ်အုပ်စုရဲ့  စနစ်တကျ တည်ဆောက်ထားတဲ့ တန်ပြန် သံတမန်ရေး၊ နိုင်ငံရေး ကစားကွက်တွေ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံသားကို လွှတ်ပေးတာ၊ အမေရိကန် မီဒီယာနဲ့ အင်တာဗျူးထွက်ပေါ်လာတာမျိုးဟာ ဗိုလ်မင်းအောင်လှိုင်ဘက်က လော်ဘီ လုပ်ပေးသူတွေရဲ့ သေချာ တွက်ချက်ထားတဲ့ ဆောင်ရွက်ချက်တွေ ဖြစ်နိုင်လို့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ အလေးအနက်ထားရမယ့် လှုပ်နှိုးသံ Wake-up call တွေပဲ ဖြစ်ပါတယ်။

လော်ဘီ ကစားကွက်နဲ့ တိတ်တဆိတ် သံတမန်ရေး

၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်ရဲ့ မြန်မာ့မူဝါဒတွေဟာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ အတွက် အပြုသဘောဆောင်မှုတွေ ရှိခဲ့တာ မှန်ပါတယ်။ ပါတီကြီး နှစ်ခုလုံးရဲ့ ဘုံထောက်ခံမှုပေးတဲ့ ဥပဒေပြုမှုတွေ၊ ကူညီပေးမှုတွေ အတွက် ဒီမိုကရေစီ အရေးမှာ အားတက်စရာ မျှော်လင့်စရာ ဖြစ်ခဲ့ပေမယ့် တဖက်မှာလည်း တကယ် ထိရောက်မှုက မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။  လက်နက်မဟုတ်တဲ့ non-lethal နည်းပညာ အကူအညီ အထူးသဖြင့် လေကြောင်းရန် ကာကွယ်ရေး ကြိုတင် သတိပေးချက်စနစ်တွေလိုမျိုးတောင် မရခဲ့ပါဘူး။

သံတမန်ရေးမှာလည်း မြန်မာပြည် ပြည်တွင်းမှာ အဆင့်မြင့် သံအမတ်ကြီးအဆင့် ထားရှိတာမျိုးကို လျှော့ချပေမယ့် စီးပွားရေးမျက်နှာစာမှာတော့ တချို့ဆက်ရှိပါတယ်။ KFC၊ Coca-Cola၊ Caterpillar အစရှိသလို လူအများကြား ထင်သာ မြင်သာရှိတဲ့ အမေရိကန် အမှတ်တံဆိပ်တွေလည်း ပျောက်မသွားပါဘူး။ အစိုးရအချင်းချင်း ကုန်သွယ်ရေးဆိုင်ရာ သံတမန်ဆက်ဆံမှုကို ဝါရှင်တန်က ရပ်ထားဆဲဖြစ်ပေမယ့် ကုန်သွယ်ရေးတွေ လုံးဝရပ်သွားတာ မဟုတ်ပါဘူး။ ၂၀၂၅ ခုနှစ် တနှစ်တည်းမှာ အမေရိကန်- မြန်မာ ကုန်စည်နဲ့ ဝန်ဆောင်မှု ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ရှိခဲ့ပါတယ်။

အမေရိကန်ရဲ့ မိတ်ဖက် ဂျပန် နီပွန်ဖောင်ဒေးရှင်းနဲ့ ယိုဟေး ဆာဆာကာဝါ (Yohei Sasakawa) တို့ကလည်း မြန်မာပြည်ကို အသွားမပျက်ပါဘူး။ ဝါရှင်တန်အခြေစိုက် Carnegie Endowment ရဲ့ ၂၀၁၄  အစီရင်ခံစာ တခုက ထောက်ပြသလိုပဲ မြန်မာ့အရေးမှာ အမေရိကန်က “ဒီမိုကရေစီ ရှေ့တန်းတင်” တဲ့ မူဝါဒကို သုံးပြီး မိတ်ဖက် ဂျပန်ကတော့ “ကူးသန်းရောင်းဝယ်ရေး ရှေ့တန်းတင်” မူဝါဒကို တွဲသုံးခဲ့ပါတယ်။  လက်ရှိမှာ ဂျပန် အထူးကိုယ်စားလှယ် ယိုဟေ ဆာဆာကာဝါဟာ ရခိုင်ပြည်နယ်အရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ကြားဝင်စေ့စပ်ပေးဖို့ တိတ်ဆိတ်တဲ့ သံတမန်ရေး (Quiet Diplomacy) ဆိုပြီး မြန်မာပြည်ကို အကြိမ် ၁၅၀ ထက်မနည်း သွားရောက်လှုပ်ရှားနေတာဟာ ဒီမူဝါဒကို ထင်ရှားစေပါတယ်။

လတ်တလောမှာတင်  ဆာဆာကာဝါဟာ ဘင်္ဂလားဒေ့ရှ်ကို စက်တင်ဘာ လဆန်းမှာသွားတယ်၊ သြဂုတ်လတုန်းက နေပြည်တော်ကိုသွားတယ်။ ရိုဟင်ဂျာ အရေး အကြောင်းပြပြီး တဖက်မှာလည်း လက်ရှိ ပြည်တွင်းမှာ အင်အားကြီးထွားလာတဲ့ ရခိုင် တော်လှန်ရေး အင်အားစု အာရက္ခတပ်တော် နဲ့ စစ်အုပ်စုကို တွေ့ဆုံဆွေးနွေးရေး ညှိနှိုင်းနေတယ် ပြောပါတယ်။

ဒီလိုအခြေအနေက အမေရိကန်ရဲ့ ပဲပုတ်စေ့ အရောင်းအဝယ်၊ Ford ကား အရောင်းစျေးကွက်ကနေ အမေရိကန် မီဒီယာမှာ စစ်ခေါင်းဆောင် နေရာရလာတဲ့အထိက တိုက်ဆိုင်မှုတွေ မဟုတ်ပါဘူး။ စစ်တပ် အစိုးရလော်ဘီတွေနဲ့ ငွေကုန်ကြေးကျခံ စနစ်တကျတည်ဆောက်ယူနေတာကို သတိပြုရပါမယ်။ မြန်မာ့သမိုင်းမှာ ဂျပန်တွေဝင်ပြီးရင် အမေရိကန်တွေဝင်တာ ထုံးစံပါပဲ။ 

ဒီမိုကရေစီ စံနှုန်းလား၊ လုံခြုံရေး အကျိုးစီးပွားလား

မြန်မာ့အရေး ဆက်စပ် ပထဝီ နိုင်ငံရေးမှာ အင်အားကြီးအိမ်နီးချင်းလည်းဖြစ်၊ လူဦးရေအရ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးလည်း ဖြစ်တဲ့ အိန္ဒိယရဲ့ မြန်မာ့အရေး ဒီမိုကရေစီမဆန်တဲ့ မူဝါဒတွေနဲ့ နေပြည်တော် ဗဟိုပြုမှု အကြောင်းပြောရင် “China Factor” တရုတ် လွှမ်းမိုးမှုအပေါ်ကို တန်ပြန်ရေးကြောင့်လို့ အကြောင်းပြချက် ပေးလေ့ရှိပါတယ်။

တကယ်တမ်းတော့ အမေရိကန် မူဝါဒလည်း အလားတူပါပဲ။ တရုတ်နဲ့ ကပ်လျက် ရှိတဲ့ နိုင်ငံ၊ အရှေ့တောင်အာရှနဲ့ တောင်အာရှကို ချိတ်ဆက်ပေးတဲ့ နိုင်ငံ၊ အိန္ဒိယ သမုဒ္ဒရာ၊ ဘင်္ဂလားဒေ့ရှ်ပင်လယ်အော် ထွက်ပေါက်ရှိတဲ့ မြန်မာလို နိုင်ငံတနိုင်ငံကို အမေရိကန်ကလည်း ဘယ်တော့မှ မျက်နှာလွှဲခဲပစ် လုပ်လို့ မရပါဘူး။  လူ့အခွင့်အရေးအကြောင်း ကျယ်ကျယ်လောင်လောင် ပြောတတ်တဲ့ ဥရောပတိုင်းပြည်တချို့လို အမြဲ စံနှုန်းတွေ၊ ကျင့်ဝတ်တွေကို ကြည့်နေလို့ မရပါဘူး။ မြန်မာ့အရေးမှာ အနုတ်သဘောဆောင်တဲ့အမြင်နဲ့ ဆိုရရင်၊ တနည်းအားဖြင့် တရုတ်ဘက်က ရှုမြင်ချက်အရ ဆိုရင် အမေရိကန်က အမြဲခြေဝင်ရှုပ်ရပါတယ်။ 

အမေရိကန်ကို သမိုင်းနဲ့ချီ အားကိုးခဲ့တဲ့ မြန်မာ

တဖက်မှာလည်း မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ သမိုင်းအစဥ်အဆက် ဆက်နွှယ်ခဲ့ပါတယ်။ မြန်မာတွေရဲ့ နောက်ဆုံး ကုန်းဘောင် မင်းဆက်ရဲ့ ဒုတိယ နောက်ဆုံး မင်းဖြစ်တဲ့ မင်းတုန်းမင်း ခေတ်မှာ အင်္ဂလိပ်နဲ့ ပြင်သစ် အပြိုင် နယ်ချဲ့ရန်မူနေတဲ့ ဒဏ်ကို တွန်းလှန်နိုင်ဖို့၊ ခေတ်စကားနဲ့ ဆိုရင် မိတ်ဖက် နိုင်ငံတွေဆက်ဆံရေး ချဲ့ထွင် (Diversified) လုပ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။  စစ်ရေးနည်းပညာ အကူအညီကို အီတလီဆီက ရယူခဲ့တဲ့အပြင်  သံတမန်ရေးအတွက် အမေရိကန်နိုင်ငံဆီ ချဉ်းကပ်ခဲ့ပါတယ်။ ၁၈၅၆ မှာ မင်းတုန်းမင်းက အမေရိကန် အစိုးရဆီ ပေးပို့တဲ့စာမှာ ကုန်သွယ်ရေးနဲ့ ချစ်ကြည်ရင်းနှီးမှု ရှေးရှုသလို နှစ်နိုင်ငံ (Bilateral) နှစ်ဖက် သဘောတူ စာချွန်လွှာ အထိ မြန်မာ ဘုရင်က မျှော်လင့်ခဲ့တာပါ။

ဘာကြောင့်လဲဆို အမေရိကန်ဟာ အင်္ဂလိပ် ကိုလိုနီစနစ်ကို အောင်အောင်မြင်မြင်နဲ့ ဆန့်ကျင် အန်တုနိုင်ခဲ့တဲ့ လွတ်လပ်မှုကို မြတ်နိုးအားပေးတဲ့  နိုင်ငံကြီး အဖြစ် မြန်မာဘုရင်ကရှုမြင်ခဲ့လို့ အားကိုးခဲ့တာပါ။ အဲဒီစာ အမေရိကားကို ရောက်ချိန် ၁၈၅၇ မှာ သမ္မတ ဖြစ်နေတဲ့ James Buchanan ဘက်ကတော့ အဲ့ဒီခေတ်ကာလ အနေအထားအရ အရှ့တောင်အာရှက ကိုလိုနီ ဖြစ်စဥ်တွေမှာ အင်္ဂလိပ်နဲ့ ဘက်ပြိုင် ကဏ္ဋကောစ မလုပ်ချင်လို့ နှစ်နိုင်ငံ bilateral ထိုးဖို့ အထိ မလုပ်ခဲ့ဘဲ သံခင်း တမန်ခင်း ချစ်ကြည်ရေး စာချွန်လွှာသာ ပြန်ပို့ခဲ့ပြီး အမေရိကန်စာအုပ်တွေ လက်ဆောင်ပြန်ပေးခဲ့ရင်း ပြီးခဲ့တာပါ။

နောက်ပိုင်းသမိုင်းဖြစ်စဥ်တွေမှာတော့ ဒုတိယကမ္ဘာစစ်အပြီး ဗြိတိန် နယ်ချဲ့ ကိုလိုနီ စနစ်နဲ့ စူပါပါဝါ နိုင်ငံကြီး နေရာကို  အမေရိကန်ဝင်ယူလာပါတယ်။ သူ့ရဲ့ အကျိုးစီးပွားနဲ့ ရန်လိုတဲ့ နိုင်ငံတွေ၊ စစ်အေးကာလ ဆိုဗီယက်၊ တရုတ် စတဲ့ နိုင်ငံတွေရဲ့ အားပြိုင်မှု အပေါ်မူတည်ပြီး အမေရိကန်ဟာ ပထဝီနိုင်ငံရေး ခြေလှမ်းတွေက အလှမ်းကျယ်လာ၊ ပိုကစားလာရတာက လက်တွေ့နိုင်ငံခြားရေး မူဝါဒ၊  လက်တွေ့ နိုင်ငံရေး (Realpolitik) ဖြစ်လာပါတယ်။ ဒါကို မြန်မာ့ဒီမိုကရေစီ အင်အားစု၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အင်အားစုဘက်က မျက်ခြည်မပြတ်သင့်ပါဘူး။

အမေရိကန် အသိအမှတ်ပြုမှုရခဲ့တဲ့ ဗိုလ်နေဝင်း

အနီးသမိုင်းကိုလည်းပြန်ကြည့်ပါ။ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ စံတန်ဖိုးတွေအောက်မှာ အမြဲရှိမနေဘဲ သူတို့ရဲ့ ပထဝီနိုင်ငံရေးနဲ့ လုံခြုံရေး အကျိုးစီးပွား (Security Interests) အပေါ်မှာပဲ အခြေခံလေ့ရှိတာကို တွေ့ရပါမယ်။ ဒီအတွက်ကြောင့်ပဲ အမေရိကန်ဟာ ကမ္ဘာတလွှားက အာဏာရှင်နိုင်ငံ တော်တော်များများနဲ့ ပူးပေါင်းဆောင်ရွက်လေ့ရှိခဲ့တာပါ။

လွတ်လပ်ရေးရပြီး အရပ်သား ဒီမိုကရေစီ ဦးနုခေတ်မှာ ဆိုဗီယက် အုပ်စုနဲ့ အပြိုင် အမေရိကန်ရဲ့ အကူအညီတွေ မြန်မာနိုင်ငံမှာ ရှိခဲ့သလိုပဲ  ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ဗိုလ် နေဝင်း အစိုးရကို အမေရိကန်က ဆက်ဆံရေးမပြတ်ခဲ့ပါဘူး။ ကွန်မြူနစ်တစ္ဆေခြောက်ခံနေရတဲ့ အဲ့ဒီအချိန်က အမေရိကန် သမ္မတ Lyndon B. Johnson ဟာ ၁၉၆၆ မှာ ဗိုလ်နေဝင်းကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ 

စစ်အေးကာလမှာ နှစ်ဖက်ကြား လျှို့ဝှက်ထောက်လှမ်းရေး ဆက်သွယ်မှုတွေ ရှိခဲ့သလို၊ ၁၉၇၀ ဆယ်စုနှစ်လယ်တွေကစပြီးတော့ အမေရိကန်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် Bell 205 ရဟတ်ယာဉ်တွေကို တရားဝင် ထောက်ပံ့ခဲ့ပြီး ဒါဟာ ၁၉၈၈ မှာ ကျောင်းသား၊ ပြည်သူထောင်နဲ့ချီ စစ်တပ်ရဲ့ သတ်ဖြတ်ခြင်းခံရပြီးမှ ရပ်သွားခဲ့တာပါ။ နောက်တချက်က ဒီလို အကူအညီတွေကို မူးယစ်နှိမ်နင်းရေးအတွက် အဓိကသုံးမယ်လို့ သဘောတူထားပေမယ့် နောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်ပွဲတွေမှာပါ အသုံးချခဲ့ကြောင်း မှတ်တမ်းတွေ ရှိပါတယ်။ အမေရိကန် ဆက်ဆံရေးကနေ အာဏာရှင်ယန္တရား သက်ဆိုးရှည်ဖို့ အထောက်အပံ့ ဖြစ်သွားခဲ့ရတာ ဒီလို သမိုင်းတွေက သက်သေပြနေပါတယ်။

နဝတ- နအဖခေတ် အမေရိကန် ဆက်ဆံရေး 

၁၉၈၈ ဗိုလ်နေဝင်းရဲ့ တပါတီ အာဏာရှင်စနစ် ပြိုကျပြီး ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ တို့ရဲ့ နဝတ၊ နအဖ စစ်အစိုးရတက်လာချိန် ၉၀ ပြည့်လွန်နှစ်တွေမှာလည်း ဒီပုံစံက ဆက်ရှိနေခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်များ နှောင်းပိုင်းကတည်းက လူမွဲနိုင်ငံစာရင်းဝင်ခဲ့တာကြောင့် စစ်အစိုးရအသစ်ဟာ နိုင်ငံခြားငွေ လက်ကိုင်မရှိဘဲ ဘေးကျပ်နံကျပ်ဖြစ်နေချိန်မှာ ဒေါ်လာရအောင် ပြည်ပက မြန်မာသံရုံးမြေ ရောင်းစားဖို့ အခွင့်ရခဲ့တာကလည်း အမေရိကန်ရဲ့ မဟာဗျူဟာမြောက် မိတ်ဖက် ဂျပန်မှာ ဖြစ်ပါတယ်။

အမေရိကန်ကိုယ်တိုင်ကလည်း မျက်နှာစာ တဖက်မှာ ဒဏ်ခတ်ပိတ်ဆို့မှု တွေ ချမှတ်ထားပေမယ့်၊ တဖက်မှာတော့ DEA လို အေဂျင်စီတွေကနေတဆင့် ဗိုလ်ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေးနဲ့ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” ခေါင်းစဉ်တပ်ပြီး ဆက်ဆံရေး လမ်းကြောင်းတွေ ဖွင့်ထားဆဲ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေနဲ့ ထိုင်းနယ်စပ် အခြေပြု ၁၉၈၈ လူထု အရေးတော်ပုံမျိုးဆက် ကျောင်းသားတပ်မတော် လက်နက်ကိုင်တော်လှန်ရေးရဲ့ အလှည့်အပြောင်းတွေမှာလည်း အမေရိကန်နဲ့ ဆက်နွှယ်နေတာ ရှိခဲ့ပါတယ်။ 

ဟားဗတ်တက္ကသိုလ် နိုင်ငံတကာရေးရာစင်တာက အကြမ်းမဖက် လူထုအာဏာဖီဆန်ရေး မဟာဗျူဟာနဲ့ နာမည်ကြီးသူ သုတေသီ ဂျင်းရှပ် (Gene Sharp) က မြန်မာအာဏာရှင် ဖြုတ်ချရေး မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှု အတွက် ‘အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့’ စာအုပ်ကို ရေးသားခဲ့ပါတယ်။ ထိုင်း- မြန်မာ နယ်စပ်အထိ လူကိုယ်တိုင်လာပြီး ကျောင်းသားတွေကို သင်တန်းပို့ချခဲ့ပါတယ်။  သူရေးတဲ့ လမ်းညွှန်က ၂ဝဝဝ ပြည့်နှစ်မှာ ဆားဘီးယားက မီလိုဆီဗစ်ကို ဖြုတ်ချရာမှာ အောင်မြင် ခဲ့တာမျိုးလို အရှေ့ဥရောပ အရင် ကွန်မြူနစ် ဆိုဗီယက်အောက်က Color Revolution တွေမှာ တွန်းအားဖြစ်စေခဲ့ပါတယ်။ နောက်ဆုံး အာရပ်နွေဦးအထိ သြဇာကြီးခဲ့ပါတယ်။ ဒါပေမဲ့ သမိုင်း၊ ပထဝီ နိုင်ငံရေး နောက်ခံ ကွဲပြားတဲ့ မြန်မာ့ စစ်အာဏာရှင်စနစ်မှာတော့ အလုပ်မဖြစ်ခဲ့ပါဘူး။

၂၀၀၀ ခုနှစ်များ အလွန် NGO နိုင်ငံရေး

၂၀၀၀ ပြည့်နှစ် အလွန် ဆယ်စုနှစ်တွေမှာ အမေရိကန်နဲ့ အနောက်အုပ်စုက မြန်မာ ဒီမိုကရေစီအရေး ပံ့ပိုးမှုတွေကို ပုံစံပြောင်းလိုက်ပါတယ်။ လက်နက်ကိုင်လှုပ်ရှားမှုကို အားမပေးဘဲ လူသားချင်းစာနာမှု၊ လူမှု အခြေပြုလှုပ်ရှားမှုတွေ မူဝါဒနဲ့ အလှူရှင် (Donor) NGO နိုင်ငံရေးပုံစံ ပြောင်းသွားစေခဲ့ပါတယ်။ ဒါကို နယ်စပ် အခြေပြု တော်လှန်ရေးလုပ်ငန်းစဥ်ထဲ ထဲထဲဝင်ဝင်ပါဝင်ခဲ့သူတွေ သတိပြုမိခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီအခြေအနေက ၂၀၀၇ ရွှေဝါရောင်လို အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေကို အထောက်အပံ့ ဖြစ်စေခဲ့ပေမယ့် (အဲဒီအချိန်က) စစ်ရေးနဲ့ ပထဝီနိုင်ငံရေး အင်အားကောင်းနေတဲ့ စစ်အုပ်စုကို မပြိုလဲစေခဲ့ပါဘူး။

ဒီလိုနဲ့ နယ်စပ်အခြေပြု တော်လှန်ရေးဘက်ကကြည့်ရင် ၁၉၈၈ က အစပြုခဲ့တဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေဟာ ၂၀၀၀ ဝန်းကျင်ကစပြီး Donar နိုင်ငံရေးနဲ့အတူ “ဂျင်းရှပ်နဲ့ သင်းသတ်” ခံလိုက်ရသလို ဖြစ်ခဲ့ရတယ်လို့ သုံးသပ်နိုင်ပါတယ်။

၂၀၁၀ အလွန် စစ်တပ် အရေခွံလဲမှုအပေါ်ကို လောင်းကြေးထပ်ခြင်း

၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်လာတော့လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး (Democratization, Liberalization) ဆိုတဲ့ အသံတွေနဲ့အတူ အမေရိကန်နဲ့ ဥရောပ ခေါင်းဆောင်တွေ ရန်ကုန်နဲ့ နေပြည်တော်ကို ခြေချင်းလိမ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို စစ်ဖွဲ့စည်းပုံအောက်ထဲ ရောက်သွားစေတဲ့ စစ်လွှတ်တော်နိုင်ငံရေးကို အမေရိကန်နဲ့ အနောက်အုပ်စုက အားပေးခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၅  ရွေးကာက်ပွဲနိုင် NLD ဟာ အရပ်သား အစိုးရ အဖြစ် တပ်နဲ့ ပြည်ထဲရေး၊ နယ်စပ်ရေးရာကို စီမံခွင့်မရှိတဲ့ စစ်ကျွန်ဖွဲ့စည်းပုံအောက်မှာ စစ်တပ် ထင်တိုင်းကြဲ လူသတ်သမျှကို ရင်ကြားစေ့ရေး ခေါင်းစဉ်အောက်မှာ ခေါင်းခံ ဖြေရှင်းခဲ့ရပါတယ်။ ရိုဟင်ဂျာအရေး အိုင်စီဂျေ (ICJ) ရောက်တဲ့အခါကျမှ အမေရိကန်နဲ့ အနောက်အုပ်စုက Moral High Ground (ကိုယ်ကျင့်တရား အသာစီး) ပြန်ယူပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ  ဝေဖန်ပြစ်တင်တာတွေ လုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာမှာ သူ့ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပုံရိပ် အကြီးအကျယ်ပျက်စီးခဲ့ပါတယ်။ 

တကယ်တော့ ကမ္ဘာ့ပုလိပ်လုပ်လာပြီး ထောက်လှမ်းရေး ယန္တရားအားကောင်းကာ၊ နိုင်ငံတကာ အရေးတွေကို သုံးသပ်နိုင်တဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ စစ်တပ် အရေခွံလဲမှုအပေါ်  အရေးယူပိတ်ဆို့ရေးနဲ့အတူ ထိတွေ့ဆက်ဆံရေးလမ်းကြောင်းနဲ့ လောင်းကြေးထပ်ခဲ့တာဟာ မြန်မာ့နိုင်ငံရေးအတွက် ကြေးကြီးတဲ့ အလောင်းအစား ဖြစ်ခဲ့ရပါတယ်။ ဒါဟာ ပထဝီနိုင်ငံရေး အကျိုးစီးပွားကြောင့်လား ဆိုတာ ပြန်လည် မေးခွန်းထုတ်စရာဖြစ်ပါတယ်။

ဒီလို သမိုင်းကြောင်းလှန်နေတာဟာ အမေရိကန်ကို အပြစ်တင်ဖို့ မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ သူ့အလုပ် သူလုပ်ကြတဲ့ “မြင်းအလုပ် မြင်းလုပ်” ဆိုတဲ့ သဘောကို သတိပြုစေချင်တာပါ။ တရုတ်- မြန်မာ စီးပွားရေး စင်္ကြံ (CMEC) နဲ့ ရေနက်ဆိပ်ကမ်းတွေ ရှိနေတဲ့ မြန်မာပြည်ကို အမေရိကန်က ဘယ်တော့မှ မျက်နှာလွှဲခဲပစ်မလုပ်ခဲ့ပါဘူး။

Trump 2.0 နှင့် အပေးအယူ နိုင်ငံရေး (Transactional Politics)

အခု သမ္မတ ဒေါ်နယ်ထရမ့် ဒုတိယသက်တမ်း (Trump 2.0) မှာ အမေရိကန်ရဲ့ မူဝါဒဟာ ပိုပြီး အပေးအယူဆန်လာဖို့ ရှိနေပါတယ်။ မြေရှားသတ္တုလို မက်လုံးမျိုး ရှိနေလို့ အမေရိကန်ဟာ မြန်မာ့အရေးမှာ အရှုံးမခံဘဲ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို ဟန့်တားဖို့ ချဉ်းကပ်မှု အသစ်တွေ လုပ်လာနိုင်သလို၊ တဖက်မှာလည်း တရုတ်နဲ့ သဘောတူညီမှု ယူပြီး မြန်မာကို တရုတ်ရဲ့ ဩဇာခံ နယ်မြေအဖြစ် အသိအမှတ်ပြု ပစ်ပယ်ထားတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ရုရှား၊ တရုတ်တို့နဲ့ စစ်ရေး၊ စီးပွားရေးအရ မှီခိုနေရတဲ့ ဗိုလ်မင်းအောင်လှိုင်ကလည်း ဒီအချက်ကို ကောင်းကောင်းသိလို့ Time မဂ္ဂဇင်း ကနေတဆင့် အနောက်နိုင်ငံတွေကို မျက်နှာချိုသွေးနေတာ ဖြစ်ပါတယ်။

လက်ရှိအထိလည်း စစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်တပ်ထိန်းချုပ် ဘဏ်တွေနဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ MOGE လို ဝင်ငွေရင်းမြစ်တွေကို ပစ်မှတ်ထားတဲ့ ဘဏ္ဍာရေးပိတ်ဆို့မှုတွေ၊ လက်နက်နဲ့ အရေးကြီးနည်းပညာ တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်တွေ ဆက်ရှိနေပါတယ်။ အရပ်သား အစိုးရလက်ထက်က အမေရိကန်မှာ နိုင်ငံခြားအရန်ငွေအဖြစ် ထားခဲ့တဲ့ ဒေါ်လာ တဘီလီယံကို ထိန်းချုပ်ထားတာလို ဒီမိုကရေစီ အရေးအထောက်အကူပြုတဲ့   အမေရိကန်ရဲ့ မူဝါဒတွေ ခိုင်ခိုင်မာမာ ရှိနေဆဲပါ။ 

ဒီလို အရေးယူမှုတွေက တကယ်ထိရောက်လို့လည်း ဗိုလ်မင်းအောင်လှိုင်က သူ့ရဲ့ တိုင်းမ် မဂ္ဂဇင်းအင်တာဗျူးမှာ သူတို့ ငွေကြေး အခက်အခဲတွေ ရှိပါတယ်လို့ ငိုပြတာပါ။ ဒါဟာ ဗိုလ်မင်းအောင်လှိုင်ရဲ့ စစ်ယန္တရား တရပ်လုံးရဲ့ အရှိုက်ကို ထိနေဆဲ ဖြစ်လို့ ဒီလို အရေးယူမှုတွေ ဆက်ရှိနေဖို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ဆက်လက် နှစ်ဆတိုး၊ သုံးဆတိုး အားစိုက်နိုင်ဖို့ လိုပါတယ်။  

ဒါကြောင့် မြန်မာဒီမိုကရေစီ အင်အားစုတွေ၊ နွေဦးတော်လှန်ရေး အင်အားစုတွေအနေနဲ့ လက်ရှိ အမေရိကန် အစိုးရရဲ့ လုံခြုံရေးနဲ့ ပထဝီနိုင်ငံရေး အကျိုးစီးပွားကို သေချာနားလည်ပြီး ကိုယ့်ဘက်က အချိန်ကိုက် လော်ဘီ (Lobby) သေချာ ပြန်လုပ်ဖို့ လိုနေပါပြီ။  ဒီမိုကရေစီ အင်အားစုအတွက် မှန်ကန် ထိရောက်တဲ့ တရုတ်မူဝါဒ လိုသလို အမေရိကန်မူဝါဒလည်း လိုပါတယ်။  လူထုထောက်ခံမှုနဲ့ အတူ အမှန်တရားအတွက် ဒီမိုကရေစီစံနှုန်းတွေ၊ ကျင့်ဝတ်တွေနဲ့ အညီ တော်လှန်ရေး လုပ်နေတာပဲ၊ အမေရိကန်နဲ့ အနောက် ဒီမိုကရေစီ နိုင်ငံကြီးတွေက ထောက်ခံကြမှာပဲလို့ လှေနံဓားထစ် မှတ်ယူထားလို့ မရပါ။

ဗိုလ်မင်းအောင်လှိုင်ကို Time မဂ္ဂဇင်း စာမျက်နှာပေါ်မှာ မြင်လာရတာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ နေပြည်တော်ဘက်က ဝါရှင်တန်ဆီ လမ်းပေါက်မယ့် တံခါးတွေကို တပေါက်ပြီးတပေါက် လိုက်ခေါက်နေတဲ့သဘောပါ။ အမေရိကန်တွေ ပြန်လာနေပြီလားလို့ မေးစရာရှိလာပါတယ်။ တကယ်တော့ အမေရိကန်တွေဟာ မြန်မာ့ပထဝီနိုင်ငံရေး ဇာတ်ခုံပေါ်ကနေ ဘယ်တုန်းကမှ လုံးဝထွက်မသွားခဲ့ပါဘူး။

(ဆောင်းပါးရှင် ငြိမ်းချမ်းအေးသည် ဝါရှင်တန်ဒီစီ အခြေစိုက် သတင်းစာဆရာ တဦးဖြစ်ပြီး မြန်မာ၊ တရုတ်၊ အမေရိကန်နှင့် ဒေသတွင်းရေးရာများကို ရေးသားနေသူ ဖြစ်သည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။