အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

လေဖမ်းဒန်းစီး စစ်ခေါင်းဆောင်၏ AI စိုက်ပျိုးရေးနှင့် ရုန်းကန်နေရသည့် လယ်သမားများ

မြန်မာလယ်သမားအများစု ဖုန်းအားသွင်းရန်လျှပ်စစ်မီး၊ အင်တာနက်သုံးရန်ငွေကြေးနှင့် မပြတ်တောက်သော ဖုန်းလိုင်းဆက်သွယ်ရေးအတွက်ကိုပင် ရုန်းကန်နေကြရချိန်၊ တဖက်တွင် နယ်မြေမငြိမ်သက်ခြင်း၊ စိုက်ပျိုးစရိတ်မြင့်တက်ခြင်း၊ အထွက်နှုန်းနှင့် အမြတ်အစွန်းကျဆင်းခြင်း စသည့်အခက်အခဲများစွာကိုပါ ရင်ဆိုင်နေကြရသည်။


ပြီးခဲ့သည့်ရက်ပိုင်း နေပြည်တော်၌ ကျင်းပခဲ့သည့် “လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က Digital Agriculture (ဒီဂျစ်တယ်စိုက်ပျိုးရေး)၊ Precision Agriculture (တိကျစိုက်ပျိုးရေး)နှင့် Artificial Intelligence-AI (ဉာဏ်ရည်တုနည်းပညာ) စသည့် စကားလုံးများ လှိုင်လှိုင်ထည့်ပြောသွားခဲ့သည်။

‘ဒီဂျစ်တယ်’၊ ‘အေအိုင်’ စသည့် နောက်ဆုံးပေါ်နည်းပညာများကို လယ်ယာကဏ္ဍတွင် လက်တွေ့အသုံးပြုရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စကားလုံးအကြီးကြီးများသုံး၍ တနာရီကျော်ကြာ ပြောဆိုနေချိန် မြန်မာလယ်သမားအချို့မှာ ဖုန်းအားသွင်းရန်လျှပ်စစ်မီး၊ အင်တာနက်သုံးရန်ငွေကြေးနှင့် မပြတ်တောက်သော ဖုန်းလိုင်းဆက်သွယ်ရေးအတွက်ကိုပင် ရုန်းကန်နေကြရသည်။

မင်းအောင်လှိုင်သည် ထိုနည်းပညာများကို မိန့်ခွန်းတွင် ထည့်ပြောခဲ့သော်လည်း တောင်သူများ မည်သည့်နည်းဖြင့် အသုံးပြုနိုင်မည်၊ လိုအပ်သည့် အခြေခံအဆောက်အဦကို မည်သည့်အချိန်တွင် ဖြည့်ဆည်းမည်ဆိုသည်ကို ရှင်းလင်းမပြခဲ့ပေ။

အလွယ်ပြောရလျှင် ဒီဂျစ်တယ်စိုက်ပျိုးရေးဆိုသည်မှာ လယ်ယာလုပ်ငန်းတွင် ဖုန်း၊ အင်တာနက်၊ GPS၊ ဂြိုဟ်တုဓာတ်ပုံ၊ ဒရုန်း၊ အာရုံခံကိရိယာ (sensor)နှင့် စသည့် ဒီဂျစ်တယ် နည်းပညာများ အသုံးပြု၍ အချက်အလက်စုဆောင်းခြင်း၊ ခွဲခြမ်းခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ခြင်းကို ဆိုလိုသည်။ 

ထိုလုပ်ငန်းစဉ်များကို အသုံးပြုနိုင်ရန် အဓိက ကျောရိုးမှာ အင်တာနက်ဆက်သွယ်ရေးနှင့် လျှပ်စစ်မီးပင်ဖြစ်သည်။ ဖုန်းနှင့် အွန်လိုင်းဝန်ဆောင်မှုများမှ စိုက်ပျိုးရေးအချက်အလက်ကို ပုံမှန်ရယူရန် တည်ငြိမ်သည့် လျှပ်စစ်၊ ဆက်သွယ်ရေး၊ သင့်လျော်သည့်ဖုန်းနှင့် တတ်နိုင်သည့်အသုံးစရိတ်တို့ လိုအပ်သည်။ ဧရာဝတီတိုင်းမှ အသက် ၆၀ ကျော်အရွယ် လယ်သမားတဦးကမူ ရွာတွင် လျှပ်စစ်မီး မရသေး။ ဖုန်းကိုပင် ဆိုလာဖြင့် အားသွင်းရသည်ဟု Myanmar Now ကို ပြောသည်။

“လျှပ်စစ်မီးလည်း မရ၊ အင်တာနက်လည်းမကောင်း သူ(မင်းအောင်လှိုင်)က ထိုင်ခုံပေါ်မှာထိုင်ပြီးတော့ အဲဒီ တလွဲတွေ လျှောက်ပြောတဲ့ကိစ္စ ဟိုဟာ လုပ်မယ်၊ ဒီဟာ လုပ်မယ်၊ ဒီဟာ ဖြစ်မယ်၊ ဟိုဟာဖြစ်မယ် ဆိုပေမယ့် တကယ့်တကယ် ကိုယ့်လယ်သမားတွေကြား၊ တောင်သူတွေကြား အဲဒါကို သူ သိတာမဟုတ်ဘူးလေ” ဟုပြောသည်။

စိုက်ပျိုးရေးအတွက် ဒီဂျစ်တယ်နည်းပညာ၊ သို့မဟုတ် အခြားနည်းပညာများရှိနေရုံနှင့် ထိုနည်းပညာများကို တောင်သူလယ်သမားများ အသုံးပြုနိုင်လိမ့်မည်ဟု ယူဆ၍မရပေ။ Myanmar Now က ဆက်သွယ်ပြောဆိုခဲ့သည့် လယ်သမားများ၏ အတွေ့အကြုံများက လျှပ်စစ်မီး၊ အင်တာနက်သုံးစွဲခနှင့် ဆက်သွယ်ရေးအခက်အခဲကို ပြသနေပြီး အခြားသုတေသန အချက်အလက်များကလည်း ထိုကွာဟချက်ကို ထောက်ပြထားသည်။

Digital Agriculture၊ Precision Agriculture နှင့် Artificial Intelligence (AI) တို့၏အဓိပ္ပာယ်အတိုချုပ်ရှင်းလင်းချက်

(ကိုးကား- ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ အမေရိကန်နိုင်ငံ၏ Agricultural Research Service (ARS)
မိုဘိုင်းဖုန်း APP တခုမှ စိုက်ပျိုးရေး ဗဟုသုတရှာဖွေဖတ်နေသည့် တောင်သူတဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ- AFP)

AI မတိုင်မီ ဖုန်းအားသွင်းရန် လျှပ်စစ်ဓာတ်အားလိုသည်

ဧရာဝတီတိုင်းမှ လယ်သမား၏ ဆိုလာဖြင့် ဖုန်းအားသွင်းရသည့် အတွေ့အကြုံသည် အခြားကျေးလက် ဒေသရှိ တောင်သူအားလုံးကို ကိုယ်စားမပြုနိုင်ပါ။ သို့သော် တယ်လီဖုန်းကို အသုံးပြု၍ စိုက်ပျိုးရေး အကြံပေးဝန်ဆောင်မှုတခု အသုံးပြုရန်မှာမူ အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်နေကြောင်း ထိုတောင်သူ၏ အတွေ့အကြုံတခုဖြင့်ပင် လုံလောက်သည်။

Myanmar Now ကဆက်သွယ်မေးမြန်းထားသည့် ဧရာဝတီတိုင်းမှ အခြားလယ်သူမတဦးကလည်း မီးလာချိန် မမှန်ကြောင်း ပြောသည်။ ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှ လယ်သူမတဦး၏ အတွေ့အကြုံတွင်မူ မီးလာချိန်မမှန် မိုးရွာလျှင် မီးပြတ်တတ်သည်ဟု ဆိုသည်။

ကမ္ဘာ့ဘဏ်၏ ၂၀၂၃ ခုနှစ် မြန်မာ့လျှပ်စစ်ကဏ္ဍလေ့လာချက် အစီရင်ခံစာတွင် အိမ်ထောင်စု လေးသန်းကျော် လျှပ်စစ်မီး လက်လှမ်းမမီသေးကြောင်း ဖော်ပြထားသည်။ ထုတ်လုပ်ပေးနိုင်သည့် လျှပ်စစ်ပမာဏနှင့် လိုအပ်ချက်ကြား ကွာဟမှုသည် အချိန်ပြည့် မီးပေးနိုင်ရန် အဓိကအခက်အခဲ ဖြစ်နေသည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။

AI နည်းပညာဖြင့် သီးနှံရောဂါပုံတပုံကို စစ်ဆေးမည်ဆိုလျှင်ပင် ဖုန်းဖွင့်နိုင်ရန်၊ ဓာတ်ပုံရိုက်နိုင်ရန်နှင့် အဖြေပြန်ဖတ်နိုင်ရန် အင်တာနက်ကွန်ရက်၊ လျှပ်စစ်နှင့် သင့်လျော်သည့်ဖုန်း လိုသည်။ ဒေသအလိုက် လျှပ်စစ်ဓာတ်အားမရခြင်း သို့မဟုတ် လျှပ်စစ်မီးမမှန်ခြင်းကို ဖြေရှင်းမည့်အစီအစဉ်မပါဘဲ AI နည်းပညာကို စိုက်ပျိုးရေးတွင် သုံးရမည်ဆိုရုံဖြင့် ထိုနည်းပညာသည့် ကျေးလက်နေ မြန်မာ့လယ်သမားထံ မရောက်နိုင်ပေ။

ဖုန်းလိုင်းမိသော်လည်း အင်တာနက်ဖိုး ထည့်တွက်ရ

ပဲခူးတိုင်းမှ လယ်သူမတဦးက အင်တာနက်အတွက် ပုံမှန်တလ ကျပ်၁၀,၀၀၀ခန့် ကုန်ပြီး အသုံးများသည့်လတွင် ကျပ်၃၀,၀၀၀မှ၄၀,၀၀၀အထိ ကုန်နိုင်ကြောင်း ပြောသည်။ ဧရာဝတီတိုင်းမှ လယ်သူတဦးကလည်း ကြိုးမဲ့ဖိုင်ဘာအင်တာနက် (Wi-Fi) အတွက် တလ ကျပ်၃၀,၀၀၀ ပေးရသည်ဟု ဆိုသည်။ ထိုငွေပမာဏများမှာ အင်တာဗျူးဖြေသူနှစ်ဦး၏ အမှန်တကယ် အသုံးစရိတ်များဖြစ်သည်။ 

သို့သော် စိုက်ပျိုးရေးအတွက် ဓာတ်ပုံပို့ခြင်း၊ ရုပ်သံကြည့်ခြင်းနှင့် AI ဝန်ဆောင်မှုသုံးခြင်းတို့ကို အင်တာနက်ဒေတာဖိုး ချင့်တွက်သုံးနေရသည့် လယ်သမားတဦးသည် မည်မျှမကြာခဏ AI ဖြင့် စိုက်ပျိုးရေး နည်းပညာများကို လေ့လာနိုင်မည်နည်း။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ အခြေစိုက် ကုလသမဂ္ဂ၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အထူးပြုအဖွဲ့အစည်း ITU ကလည်း အင်တာနက်ချိတ်ဆက်မှုကို အဓိပ္ပာယ်ရှိစွာ အသုံးပြုနိုင်ခြင်းသည် အင်တာနက်လိုင်း ရရှိရုံတခုတည်း မလုံလောက်ဟု သတ်မှတ်ထားသည်။ 

အင်တာနက်ကို အဓိပ္ပာယ်ရှိစွာ အသုံးပြုနိုင်ရန် အမြန်နှုန်း၊ ဈေးနှုန်းတတ်နိုင်မှုတို့ကိုလည်း ITU က စံသတ်မှတ်ချက်များအဖြစ် ထည့်သွင်းထားရာ ထိုအချက်စံသတ်မှတ်ချက်များသည် မြန်မာတောင်သူ လယ်သမားများအတွက် အသုံးပြုနိုင်မှုကို ကန့်သတ်နိုင်သည့် အခြေခံအတားအဆီးများ ဖြစ်နေသည်။

စပါးစိုက်ခင်းတခုအတွင်း ပေါင်းမြက်ရှင်းလင်းနေသည့် တောင်သူတဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ- AFP)

လေထဲက ဒီဂျစ်တယ် စိုက်ပျိုးရေး

Myanmar Now က မေးမြန်းခဲ့သည့် အသက် ၅၀ ကျော် တောင်သူလယ်သမား ငါးဦးလုံးက Facebook၊ YouTube သို့မဟုတ် TikTok ကို သတင်းကြည့်ရန်နှင့် အပန်းဖြေရန် အသုံးပြုသော်လည်း AI ကို စိုက်ပျိုးရေးအတွက် သီးသန့်အသုံးမပြုဖူးဟု ဆိုကြသည်။

“ကြုံရာ သတင်းလေးတွေ ဘာလေးတွေ ကြည့်တယ်။ တခါတလေ Tik Tok လေး ဘာလေး ကြည့်တယ်။ တခါတလေ လိုင်းက မရ၊ လိုင်းက မကောင်းတဲ့ အခါကျတော့ အဲ့ဒီလိုပဲ သတင်းလေးတွေ လျှောက်ဖတ်ပေါ့။ အေအိုင်တွေ အေအက်တွေ ဘယ်လိုသိမလဲ၊ ကိုယ့်ဟာနဲ့ကိုယ် မီးရဖို့လောက်ပဲ ဆုတောင်းနေရတာ” ဟု ဧရာဝတီတိုင်းမှ အသက် ၅၀ ကျော်အရွယ် လယ်သူမကြီးတဦးက ပြောသည်။

ထိုသို့သော အခက်အခဲများကြားမှ မြန်မာ့တောင်သူလယ်သမားများသည် သီးနှံရောဂါအကြောင်း AI ကို မည်သို့မေးရမည်၊ ပေးလာသည့်အဖြေကို မိမိဒေသ၏ မြေ၊ ရာသီဥတုနှင့် သီးနှံအမျိုးအစားတို့နှင့် ကိုက်မကိုက် မည်သို့စိစစ်ရမည်ဆိုသည်ကို သိနိုင်မည်မဟုတ်ပေ။ AI က ပေးသည့် အကြံဉာဏ် တခုအပေါ်ကို အခြေခံ၍ ပိုးသတ်ဆေးသုံးစွဲမည် သို့မဟုတ် မြေဩဇာထပ်ထည့်မည်ဆိုလျှင်လည်း လယ်သမားများအတွက် ကုန်ကျစရိတ်ရှိသည်။ 

ထို့အပြင်စစ်ကောင်စီ၏အင်တာနက်ဖြတ်တောက်မှုများကြောင့်စိုက်ပျိုးရေးကို အားထားသည့်ဒေသများ၌ အင်တာနက်မရသည့် ပြဿနာလည်းရှိနေသည်။ နိုင်ငံတွင်း အင်တာနက် သုံးစွဲမှုအခွင့်အရေးအခြေအနေကို စောင့်ကြည့်လေ့လာနေသည့် Myanmar Internet Project အဖွဲ့၏ ၂၀၂၆ ခုနှစ် မေလမှ ဇူလိုင်အထိ အစီရင်ခံစာတွင် ရခိုင်၊ ကချင်၊ စစ်ကိုင်း၊ တနင်္သာရီစသည့် တိုင်းနှင့်ပြည်နယ်များတွင် ဖုန်းနှင့်အင်တာနက်လိုင်း ဖြတ်တောက်ခံရမှုများကို ဖော်ပြထားသည်။ 

အမေရိကန်နိုင်ငံနယူးယောက်အခြေစိုက်နိုင်ငံတကာဒီဂျစ်တယ်အခွင့်အရေးအဖွဲ့Access Nowအဖွဲ့၏ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ အင်တာနက်ဖြတ်တောက်မှု ၉၅ကြိမ် ရှိခဲ့သည်ဟုလည်း ဖော်ပြသည်။ 

ထိုအချက်အလက်များသည် ဒီဂျစ်တယ်စိုက်ပျိုးရေးအတွက် အခြေခံကျသော အတားအဆီးဖြစ်သည်။ လယ်သမားများသည်ဖုန်းနှင့် အင်တာနက်သုံးစွဲရန် ဒေတာဖိုးရှိသည်ဆိုလျှင်ပင် ဆက်သွယ်ရေး ဖြတ်တောက်ခံထားရသည့် ဒေသတွင် အွန်လိုင်းမှ ရာသီဥတု၊ ဈေးကွက် သို့မဟုတ် စိုက်ပျိုးရေးအကြံဉာဏ်ကို ရယူနိုင်မည် မဟုတ်ပေ။မြေပြင်အခြေအနေမှန်တွင် သတင်းအချက်အလက် စီးဆင်းမှုပင်ကန့်သတ်ခံနေရပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောသည့် ဒီဂျစ်တယ်စိုက်ပျိုးရေးသည် လေထဲတွင်သာဖြစ်နေပြီး လက်တွေ့နှင့် အလွန်ကွာခြားနေသည်ဟု Myanmar Internet Project မှ ဒီဂျစ်တယ်အခွင့်အရေးလေ့လာသူ ကိုသစ်ဉာဏ်က ပြောသည်။

“လက်တွေ့ရှုထောင့်က ပြောရင် လျှပ်စစ်မီးမမှန်ဘူး။ အင်တာနက်အပါအဝင် ဒီဂျစ်တယ် အခြေခံအဆောက်အဦတွေကို ဖျက်ဆီးနေတယ်။ စိုက်ပျိုးရေး အားထားတဲ့ဒေသတွေမှာ အင်တာနက်ရမနေဘူး။ သတင်းအချက်အလက်စီးဆင်းမှု ပျက်စီးနေတယ်။ ဒါတွေကို မျက်ကွယ်ပြုပြီး ပြောနေတာဟာ မြေပြင်လက်တွေ့အခြေအနေနဲ့ ကွာဟနေပါတယ်”

စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများမှ ရှောင်ရှားနိုင်ရေး စစ်ကိုင်းတိုင်းအတွင်းရှိ တောင်သူအချို့ စပါးစိုက်ပျိုးရန် ညအချိန် လယ်ကွင်းသို့ သွားရောက်နေသည်ကို ၂၀၂၅ ခုနှစ် သြဂုတ်လအတွင်းတွေ့ရစဉ်။ (ဓာတ်ပုံ- AFP) 

AI ရှိရုံဖြင့် လယ်သမားထံ မရောက်နိုင်

လျှပ်စစ်မီး၊ အင်တာနက်နှင့် ဆက်သွယ်ရေးအခက်အခဲများကို ကျော်လွှားနိုင်ခဲ့လျှင်ပင် AI နှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာများက မြန်မာ့လယ်ယာကဏ္ဍ ရင်ဆိုင်နေရသည့် လက်ရှိပြဿနာများကို ဖြေရှင်းပေးနိုင်မည်လားဆိုသည့် မေးခွန်းလည်း ရှိနေသေးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် စိုက်ပျိုးရေးနှင့်မွေးမြူရေး ဒုဝန်ကြီး ဖြစ်ခဲ့သူ စိုက်ပျိုးရေးပညာရှင်ဒေါက်တာထွန်းဝင်းက စိုက်ပျိုးရေးအပါအဝင် ကဏ္ဍအသီးသီးတွင် AI ကို အသုံးချခြင်းက အထောက်အကူဖြစ်စေနိုင်သည်ဟု ဆိုသည်။ သို့သော် နည်းပညာ တခုရှိနေခြင်းနှင့် ထိုနည်းပညာကို မြေပြင်တွင် လက်တွေ့အသုံးချနိုင်မှု မတူဟု သူက ဆိုသည်။

“AI ဟာ အကောင်းဆုံး ကိုးကားအားထားစရာတခု ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမဲ့ AI က အလွယ်တကူ မသိရှိ၊ မခံစားနိုင်တဲ့ အခက်အခဲဆုံးအရာကတော့ လက်ရှိနိုင်ငံရဲ့ မူဝါဒအခြေအနေ၊ မြေပြင်မှာ တကယ်ရှိနေတဲ့ အခြေခံအဆောက်အဦ အားနည်းမှုတွေနဲ့ လယ်သမားတွေရဲ့ အရင်းအမြစ်ချို့တဲ့မှုတွေပါ။ အာဏာနဲ့ ငွေကိုသာ မက်မောတဲ့ အဲဒီ စစ်အာဏာရှင်တွေက အရင်းအမြစ်တွေကို စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့တာကြောင့် ၁၉၆၂ ခုနှစ်ကတည်းက လယ်သမားတွေဟာ ဒီဒုက္ခတွေကို ခံစားလာခဲ့ရတာပါ” ဟု ဒေါက်တာထွန်းဝင်းက ပြောသည်။

မြန်မာ့လယ်ယာကဏ္ဍ၏ လတ်တလောအခြေအနေကို လေ့လာထားသည့် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီအခြေစိုက် နိုင်ငံတကာ စားနပ်ရိက္ခာမူဝါဒ သုတေသနအဖွဲ့ (IFPRI) ၏ အချက်အလက်များတွင်လည်း လယ်သမားများ ရင်ဆိုင်နေရသည့် အခက်အခဲများကို တွေ့ရသည်။

၂၀၂၆ ခုနှစ်အစောပိုင်းတွင် တိုင်းနှင့်ပြည်နယ်အားလုံးမှ သီးနှံစိုက်တောင်သူ ၄,၅၅၃ ဦးကို မေးမြန်းခဲ့သည့် IFPRI ၏ Myanmar Agriculture Performance Survey (စစ်တမ်း)တွင် ဖြေဆိုသူ ၂၃ ရာခိုင်နှုန်းက ယင်းတို့နေထိုင်ရာဒေသသည် လုံခြုံမှုမရှိဟု ဖြေဆိုခဲ့ကြသည်။

ပဋိပက္ခများကြောင့် လယ်ယာမြေအချို့ကို မစိုက်ပျိုးနိုင်ဟုပြောသူ ၇ ရာခိုင်နှုန်းရှိပြီး ၂၀၂၅ ခုနှစ်  မိုးရာသီကာလအတွင်း လယ်ယာထွက်ကုန်ရောင်းချမှုမှရသည့်ဝင်ငွေ လျော့နည်းသွားသည်ဟု ပြောသူ ၃၉ ရာခိုင်နှုန်းရှိသည်။

ရိတ်သိမ်းခါနီးစပါးများ ရေကြီးနစ်မြုပ်သွားခြင်းကြောင့် ရသမျှလိုက်လံဆယ်ယူနေသည့် တောင်သူများကိုတွေ့ရစဉ်။ (ဓာတ်ပုံ- AFP)

လယ်သမားတို့အတွက် ချေးငွေရရှိနိုင်မှုလည်း ကျဆင်းလာသည်ဟု ထိုစစ်တမ်းက ဖော်ပြသည်။ စိုက်ပျိုးရေးချေးငွေ အသုံးပြုခဲ့သည့် တောင်သူအချို့သည် ၂၀၂၁ ခုနှစ်တွင် ၄၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၃၈ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်ဟု IFPRI က ဖော်ပြထားသည်။

ထိုအခြေအနေတွင် မြန်မာ့လယ်ယာကဏ္ဍအတွက် ခေတ်မီနည်းပညာ အသုံးချရေးထက် လယ်သမားများ ဆက်လက်စိုက်ပျိုးပြီး ရှင်သန်နိုင်ရေးက ပိုအရေးကြီးနေသည်ဟု စိုက်ပျိုးရေးပညာရှင် နောက်တဦးဖြစ်သူ ဒေါက်တာစောဦးရယ်က ဆိုသည်။

“လက်ရှိအခြေအနေကတော့ survival (ရှင်သန်ရပ်တည်ဖို့) ပုံစံမျိုးလောက်နဲ့ပဲ အရင်သွားရမှာပေါ့။ ဒါက ဘယ်နှခုနှစ်အထိ၊ (ပဋိပက္ခ) ဘယ်နှနှစ်လောက်အထိ ကြာဦးမယ်ဆိုတာလည်း ကျွန်တော်တို့ သေချာပြောဖို့ ခက်တယ်။” 

စိုက်ပျိုးရေးသည် ချက်ချင်းအကျိုးအမြတ်ပြန်ရသည့် လုပ်ငန်းမဟုတ်ဘဲ သီးနှံတမျိုးစိုက်လျှင်ပင် သုံးလမှ ငါးလအထိ စောင့်ဆိုင်းရသဖြင့် နယ်မြေတည်ငြိမ်မှုနှင့် ရေရှည်တွက်ချက်လုပ်ကိုင်နိုင်သည့် အခြေအနေလည်း လိုအပ်သည်ဟု သူက ဆိုသည်။

စစ်ပွဲမဖြစ်သည့် ဒေသများတွင်ပင် ပဋိပက္ခ၏ သက်ရောက်မှုမကင်းလွတ်ဘဲ ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ သွားလာရေးခက်ခဲခြင်းနှင့် လိုအပ်သည့်ကုန်ပစ္စည်းများ ရရှိရန်ခက်ခဲခြင်းတို့ကို ကြုံနေရသည်ဟုလည်း ဒေါက်တာစောဦးရယ်က ထောက်ပြသည်။

“အဓိကကတော့ လောလောဆယ် ကျွန်တော်တို့ စားစရာရှိဖို့ပဲ အရင်ကြိုးစားရမယ်ဆိုတဲ့ ပုံစံမျိုးပဲလို့ ကျွန်တော်ကတော့ နားလည်တယ်” ဟု သူက ပြောသည်။

အထွက်ကျ၊စရိတ်တက်၊အမြတ်ကျ

ဒေါက်တာစောဦးရယ်ပြောသည့် လယ်သမားများ၏ ရပ်တည်ရေးအခက်အခဲကို IFPRI ၏ ၂၀၂၅ ခုနှစ် မိုးစပါးရာသီ လေ့လာချက်ကလည်း ကိန်းဂဏန်းများဖြင့် ပြသနေသည်။ စပါးစိုက်တောင်သူ ၂,၇၃၄ ဦး၏ လယ်ယာလုပ်ငန်းများကို လေ့လာထားသည့် IFPRI ၏ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် တနိုင်ငံလုံး၏ ပျမ်းမျှစပါးအထွက်နှုန်းသည် ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၈ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု ဆိုသည်။

တဖက်တွင်လည်း စိုက်ပျိုးစရိတ်များ မြင့်တက်လာသည်ကို IFPRI ကဖော်ပြထားသည်။။ ၂၀၂၃ ခုနှစ် မှ ၂၀၂၅ ခုနှစ်အတွင်း ယူရီးယားဓာတ်မြေဩဇာဈေး ၂၃ ရာခိုင်နှုန်း၊ လယ်ထွန်စက်စရိတ် ၅၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ လုပ်အားခမှာ ၈၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး တဧကအတွက် စုစုပေါင်း သွင်းအားစုအသုံးစရိတ်မှာ ၆၃ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ထို့ကြောင့် လယ်သမားများရရှိသည့် တဧကအတွက် အမြတ်ငွေမှာ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် အတွင်း ၄၀ ရာခိုင်နှုန်း ကျဆင်းကာ ခြောက်နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ခဲ့သည်ဟု IFPRI က ဆိုသည်။

၂၀၂၆ ခုနှစ် မိုးရာသီတွင်လည်း ထိုဖိအားများ လျော့ကျမသွားသေးပေ။
IFPRI ၏ ၂၀၂၆ ခုနှစ် ဇူလိုင်လ လေ့လာချက်တွင် ဇွန်လကုန်တွင် မြန်မာနိုင်ငံ၏ ဒီဇယ်ဈေးသည် ဖေဖော်ဝါရီလကုန်နှင့်နှိုင်းယှဉ်လျှင် ၃၄ ရာခိုင်နှုန်းနှင့် ဓာတ်ဆီဈေး ၅၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ လောင်စာဆီဈေးမြင့်တက်မှုကြောင့် တောင်သူအချို့သည် စိုက်ဧကလျှော့ချခြင်း သို့မဟုတ် လယ်ထွန်သည့်အကြိမ်ရေ လျှော့ချခြင်းတို့ လုပ်ခဲ့ရသည်ဟု IFPRI က ဆိုသည်။

သီးနှံစိုက်ပျိုးရန် လုပ်ငန်းခွင်ဝင်နေသည့် တောင်သူတဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ- AFP)

ဓာတ်မြေဩဇာဈေးနှုန်းများလည်း ယခင်နှစ်ထက် မြင့်နေပြီး သီးနှံရောင်းဈေးက အလားတူနှုန်းဖြင့် လိုက်မတက်သဖြင့် ဓာတ်မြေဩဇာအသုံးပြုခြင်းမှ လယ်သမားများ ရရှိနိုင်သည့် အကျိုးအမြတ်မှာလည်း လျော့နည်းနေသည်ဟု IFPRI က ထောက်ပြထားသည်။

အစားအစာတခု ဈေးကွက်တွင် ရှိနေခြင်းသည် လူတဦးက အစားအစာကို လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်သည်ဟု ယူဆ၍ ရနိုင်မည်မဟုတ်ပေ။ AI နည်းပညာကိုလည်း ထိုနည်းတူ ကြည့်ရမည်ဖြစ်သည်။

AI ရှိနေခြင်းက လယ်သမားများ AI သုံးနိုင်ပြီဟု မဆိုလိုပေ။ ဖုန်းနှင့် အင်တာနက်ရှိရန်၊ ဒေတာဖိုးနှင့် လိုအပ်သည့် စက်ကိရိယာများအတွက် ကုန်ကျစရိတ်တတ်နိုင်ရန်၊ နည်းပညာအသုံးပြုတတ်ရန်နှင့် AI က ပေးသည့်အကြံပြုချက်ကို လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်သည့် ငွေကြေးနှင့် စိုက်ပျိုးရေးသွင်းအားစုများ ရှိရန်လည်း လိုသည်။

ထိုအခြေအနေများကို မဖြေရှင်းဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က AI၊ Digital Agricultureနှင့် Precision Agriculture စသည့် အသုံးအနှုန်းများသုံးကာ ပြောဆိုသွားခြင်းမှာမည်မျှ လေထဲရွှေနန်းတော်ဆောက်ချင်နေမှန်း သိသာလှသည်။

ထို့အပြင် မြန်မာ့ဆန်များကို ပြည်ပတင်ပို့နိုင်ရမည်ဟုဆိုပြီး “မြန်မာ့ပေါ်ဆန်း တခေတ် ဆန်းရမည်” “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံထုတ်ကုန် တိုးတက်မှုသို့” စသည့် ရည်မှန်းချက်များ ထားရှိလုပ်ဆောင်နေသည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။

သို့သော် စိုက်ပျိုးစရိတ်မြင့်တက်ခြင်း၊ အထွက်နှုန်းနှင့် အမြတ်အစွန်းကျဆင်းခြင်း အပါအဝင် လယ်သမားများ လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများနှင့် နှိုင်းယှဉ်ပါက စစ်ခေါင်းဆောင်ပြောဆိုသည့် ထိုရည်မှန်းချက်များသည် စိတ်ကူးယဉ်ပြောဆိုမှုသာ ဖြစ်သည်ဟု အမည်မဖော်လိုသည့် စီးပွားရေးလေ့လာသုံးသပ်သူတဦးက ဝေဖန်သည်။

“ငယ်ငယ်တုန်းက လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေထိုင်ပြီး နိုင်ငံကို ဘယ်လိုလုပ်ရမယ်ဆိုတာ စိတ်ကူးယဉ်ပြောကြသလိုပဲ။ အခုက အဲဒီလိုဟာတွေကို နိုင်ငံတော်အဆင့် တက်ပြီးတော့ ပြောချင်တာပြောနေတဲ့ သဘောပေါ့။ သူ့ကိုကြည့်ရတာ စိတ်များကောင်းရဲ့လား၊ လွတ်များလွတ်နေသလားပဲ” ဟု ၎င်းက ပြောလိုက်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။