အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်မဲတွင် SSPP ပစ်ခတ်၍ TNLA ရဲဘော်၂ ဦး သေဆုံးမှု  နှစ်ဖက်တပ်များ ညှိနှိုင်းနေဟု ဆို 

နှစ်ဖက်တပ်များက ညှိနှိုင်းဖြေရှင်းနေသည်ဟု ဆိုသော်လည်း အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိသဖြင့် ပိုမိုပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးစေလိုကြောင်း သေဆုံးသွားသည့် တပ်သားများ၏ မိသားစုဝင်များက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ယခုလ ၂၆ ရက်ညပိုင်းက တအာင်းတပ် (TNLA) နှင့် ရှမ်းတပ် (SSPP) အကြား ပစ်ခတ်မှုဖြစ်ပြီး ၎င်းတို့တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့သည်နှင့်ပတ်သက်၍  ညှိနှိုင်း ဖြေရှင်းလျက်ရှိကြောင်း TNLA ထံက သိရသည်။ 

ကျောက်မဲမြို့နှင့် မိုင် ၃၀ ကျော်ခန့်အကွာ တော့ဆန်ကျေးရွာအုပ်စု မင်းကုန်းရွာတွင် TNLA နှင့် SSPP အောက်ခြေတပ်သားများအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မင်းကုန်းကျေးရွာလုံခြုံရေး တာဝန်ယူထားသည့် TNLA တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့သည်ဟု ကျောက်မဲဒေသခံများနှင့် သေဆုံးသူများ၏ မိသားစုဝင်အချို့ထံက သိရသည်။

“တော်သလင်းလပြည့်နေ့က ဖြစ်တာ။ မင်းကုန်းရွာဘုန်းကြီးကျောင်းမှာ ပွဲရှိလို့ (TNLA) တပ်သား နှစ်ယောက်က သွားတာ။ ယူနီဖောင်းဝတ်ထားလို့ဆိုပြီး SSPP ဘက်က ရွာထဲအဝင်မခံဘဲ တားတာကနေ စကားများပြီး ပစ်သတ်ခံလိုက်ရတာ” ဟု သေဆုံးသူ တပ်သားများနှင့် ဆွေမျိုးတော်စပ်သူ အမျိုးသား တစ်ဦးက ပြောသည်။

ပစ်သတ်ခံရသည့် TNLA တပ်သားနှစ်ဦးမှာ အသက် ၁၉ နှစ်အရွယ် မိုင်းဘဉာဏ်နှင့် အသက် ၃၉ နှစ် အရွယ် မိုင်းအမိုးတို့ ဖြစ်ကြသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါ တပ်သားနှစ်ဦး၏ ရုပ်အလောင်းများအား မင်းကုန်းရွာနှင့် တော့ဆန်ရွာအကြားရှိ သစ်ပင်အောက်တွင် စွန့်ပစ်ထားသည်ကို နောက်တစ်ရက်တွင် တွေ့ရှိခဲ့ရသည်ဟု မိသားစုဝင်အချို့၏ ပြောဆိုချက်အရ သိရသည်။

အခင်းဖြစ်ပွားသည့် မင်းကုန်းရွာသည် ဖုန်းနှင့် အင်တာနက်လိုင်းများ မရရှိသည့် ဒေသဖြစ်သဖြင့် ဖြစ်စဉ် ဖြစ်ပွားပြီးနောက် တစ်ရက်အကြာမှသာ အဆိုပါကိစ္စကို သိရှိခဲ့ကြရခြင်းဖြစ်ကြောင်း ဆိုသည်။

SSPP နှင့် နီးစပ်သူအချို့ကမူ မင်းကုန်းရွာသို့ လူထုစည်းရုံးရေးလာသည့် SSPP အရာရှိများကို TNLA တပ်သားများက ဗီဒီယိုရိုက်ကူးရာမှ နှစ်ဖက် အငြင်းပွားကာ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ကျောက်မဲမြို့နယ်ရှိ ရှမ်းတိုင်းရင်းသား အများစုနေထိုင်သည့် ကျေးရွာများသို့ SSPP ခေါင်းဆောင်များက ယခုရက်ပိုင်းအတွင်း လိုက်လံတွေ့ဆုံမှုများ ရှိနေပြီး အဆိုပါခရီးစဉ်များနှင့်ပတ်သက်၍ TNLA ထံ အသိပေးထားကြောင်း SSPP ဘက်က ဆိုသည်။

“တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း အခုလိုဖြစ်ရတဲ့အပေါ်မှာ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီကိစ္စအတွက် တပ်မှူးအချင်းချင်း ညှိနှိုင်းခဲ့ကြလို့ ပြေလည်သွားပါပြီ” ဟု SSPP မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ယခုဖြစ်စဉ်အတွက် နှစ်ဖက်တပ်ဖွဲ့ဝင်များကြား ညှိနှိုင်းဖြေရှင်းလျက်ရှိကြောင်း TNLA ပြောခွင့်ရသူ လွေးယေဦးကလည်း ပြောသည်။ 

မည်သို့ညှိနှိုင်း၍ ပြေလည်သွားခဲ့သည်ကိုမူ နှစ်ဖက်လုံးက ထုတ်ဖော်ပြောဆိုခြင်း မရှိသကဲ့သို့ ပစ်ခတ်မှု ကျူးလွန်သည့် SSPP တပ်ဖွဲ့ဝင်များကို မည်သို့ အရေးယူထားသည်ကို နှစ်ဖက်လုံးက ရှင်းရှင်းလင်းလင်း ပြောဆိုခြင်းမရှိပေ။

-ပစ်သတ်ခံရသည့် TNLA တပ်ဖွဲ့ဝင်နှစ်ဦး။ (ဓာတ်ပုံ-ပေးပို့) 

သေဆုံးသွားသည့် တပ်သားများ၏ မိသားစုဝင်များကမူ ယခုကိစ္စအတွက် ပိုမိုပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးစေလိုကြောင်း သိရသည်။

“ပစ်သတ်တဲ့သူတွေကို ဘယ်လိုအပြစ်ပေးလဲဆိုတာ သိချင်တယ်။ ပြီးတော့ ပြဿနာဖြစ်တယ် ဆိုရင်လည်း ခေါင်းဆောင်တွေကို အပ်ပြီးမှ ရှင်းဖို့လိုတာ။ သူတို့မှာ မိန်းမနဲ့ကလေးတွေ ရှိကြတယ်။ အခုလို လုပ်လိုက်တာတော့ မိသားစုဝင်တွေအတွက် နစ်နာတယ်။ ဘယ်လိုတရားမျှတမှု ရအောင်လုပ်ပေးမလဲလို့ သိချင်တယ်” ဟု သေဆုံးသွားသည့် တပ်သား မိုင်းဘဉာဏ်နှင့် ဆွေမျိုး တော်စပ်သူက ပြောသည်။

လတ်တလောတွင် SSPP က သေဆုံးသူ TNLA တပ်ဖွဲ့ဝင်နှစ်ဦးအတွက် ငွေကျပ် သိန်း ၄၀  (တစ်ဦးလျှင် ကျပ်သိန်း ၂၀) ပေးခဲ့ကြောင်း မိသားစုဝင်များထံက သိရသည်။

“ ၁၀၂၇ စစ်ဆင်ရေး” အတွင်း ကျောက်မဲမြို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး ယမန်နှစ်တွင် စစ်တပ်ထံ ပြန်လည်လက်လွှတ်ခဲ့ရသော်လည်း မိုးကုတ်- ကျောက်မဲ လမ်းပိုင်းကို TNLA တပ်ဖွဲ့က ဆက်လက်ထိန်းချုပ်ထား သည်။ အဆိုပါလမ်းပိုင်းရှိ ကျေးရွာများမှာ စစ်တပ် အာဏာမသိမ်းခင် ယခင်ကတည်းက SSPP တပ်ဖွဲ့များ လှုပ်ရှားရာဒေသလည်း ဖြစ်သည်။

ရှမ်းတိုင်းရင်းသား အများစုနေထိုင်သည့် မိုးကုတ်- ကျောက်မဲ လမ်းပေါ်ရှိ တော့ဆန်ကျေးရွာတွင် SSPP တပ်ဖွဲ့က လွန်ခဲ့သည့် ခြောက်လခန့်မှစ၍ ဂိတ်စခန်းဖွင့်လှစ် အခြေချခဲ့ကြောင်း သိရသည်။ အနီးရှိ ပစ်ခတ်မှုဖြစ်ပွားသည့် မင်းကုန်းရွာတွင် TNLA က အခြေချလှုပ်ရှားသည်။ 

SSPP နှင့် TNLA တပ်ဖွဲ့များသည် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင် မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသော်လည်း  “ ၁၀၂၇ စစ်ဆင်ရေး” ကာလနှင့် နှောင်းပိုင်းကာလ များတွင် SSPP နှင့် TNLA ကြား သဘောထားကွဲလွဲမှုများ ပိုမိုများပြားလာပြီး အချင်းချင်းပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလာခဲ့သည်။

၂၀၂၅ ခုနှစ် ဇွန်လအတွင်းက ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအနီး SSPP နှင့် TNLA တပ်သားများ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွား၍ TNLA တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် “ ၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း သီပေါမြို့နှင့် ကျောက်မဲမြို့ကြားရှိ ရေပူကျေးရွာအနီး TNLA တပ်ဖွဲ့ ယာဉ်တန်းကို SSPP တပ်ဖွဲ့က ပစ်ခတ်ခဲ့သဖြင့် မြို့နယ်မှူးအဆင့်ရှိသူတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာ ရရှိခဲ့သည်။

အလားတူ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် မူဆယ်မြို့နယ် စယ်လန့်ရွာရှိ SSPP တပ်ဖွဲ့ဝင်နှစ်ဦးကို TNLA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်အတွက် နှစ်ဖက်တပ်ဖွဲ့ကြား တင်းမာမှုများ ရှိခဲ့ဖူးသည်။ အဆိုပါ တင်းမာမှုများနှင့်ပတ်သက်၍ နှစ်ဖက်ခေါင်းဆောင်များအကြား အကြိမ်ကြိမ် ညှိနှိုင်းခဲ့ကြပြီး ပြေလည်မှု ရရှိခဲ့သည်။

TNLA သည် “၁၀၂၇ စစ်ဆင်ရေး” အတွင်း မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ်အတွင်းမှ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူ မြို့များကို သိမ်းပိုက်နိုင်ခဲ့သော်လည်း နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်မြို့တို့ကို စစ်တပ်ထံ ပြန်လည်လက် လွှတ်ခဲ့ရသည်။ ယခုနှစ်အတွင်း ကွတ်ခိုင်မြို့ကိုမူ မဟာမိတ် MNDAA ထံ ထပ်မံလက်လွှတ်ခဲ့ရသည်။

MNDAA သည် လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး၊ တာမိုးညဲ စသည့် မြို့များကို MNDAA တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုကို တရုတ်အစိုးရဖိအားကြောင့် လက်လွှတ်ခဲ့ရသည်။ MNDAA က ၎င်းတို့သိမ်းပိုက်ထားသည့် မြို့များကို လားရှိုးခရိုင်၊ သိန္နီခရိုင်၊ ကွတ်ခိုင်ခရိုင်၊ မုံးကိုးခရိုင်ဟူ၍ ခရိုင်လေးခုခွဲကာ အုပ်ချုပ်လျက်ရှိသည်။

အဆိုပါ မြို့များထဲတွင် ရှမ်းပြည်တောင်ပိုင်း ဝမ်ဟိုင်းရွာအခြေစိုက် SSPP တပ်ဖွဲ့ လှုပ်ရှားရာ မြို့များ ပါဝင်နေသဖြင့် TNLA၊ MNDAA နှင့် SSPP တပ်ဖွဲ့များကြား မကြာခဏဆိုသလို နယ်မြေ အငြင်းပွားမှုနှင့် ပစ်ခတ်မှုများ ဖြစ်လေ့ရှိသည်ဟု ဒေသခံများထံက သိရသည်။

စက်တင်ဘာလ ၂၄ ရက်က အခမ်းအနားတစ်ခုတွင် တွေ့ရသော SSPP တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- SSPP Info) 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles