အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နှစ် ၃၀ အတွင်း အဆိုးဆုံးသဘာဝဘေးဒဏ်ခံ ထားဝယ်ကို စစ်တပ်က စစ်ကြောင်းထိုးနေ၊ ကယ်ဆယ်ရေး လုပ်နေပါသည်ဟု စစ်တပ်ဝါဒဖြန့်

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ပြို၊ရေကြီးသည့် သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီး လူ ၁၃ ဦးထက် မနည်းသေဆုံးခဲ့သည့် တနင်္သာရီတိုင်း ထားဝယ်ခရိုင်ကို အာဏာသိမ်း စစ်တပ်က စစ်ကြောင်းထိုးနေသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ပြို၊ရေကြီးသည့် သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီး လူ ၁၃ ဦးထက် မနည်းသေဆုံးခဲ့သည့် တနင်္သာရီတိုင်း ထားဝယ်ခရိုင်ကို အာဏာသိမ်း စစ်တပ်က စစ်ကြောင်းထိုးနေသည်ဟု ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့များထံက သိရသည်။ 

လွန်ခဲ့သည့်နှစ်ရက်ကစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီတိုင်း ထားဝယ်ခရိုင် ထားဝယ်၊ လောင်းလုံးနှင့် သရက်ချောင်း မြို့နယ်တို့တွင် တောင်ပြို၊ ရေကြီးသည့် ဒဏ်ကြောင့်  လူ ၁၃ ဦး သေဆုံးကာ ကျေးရွာပေါင်း ၆၀ ကျော် သဘာဝဘေး အန္တရာယ်သင့်နေသည့်ကြားမှ ထိုဒေသကို စစ်တပ်က စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ 

မိုးလေဝသနှင့်ဇလဗေဒဌာနက ထားဝယ်တွင် ယနေ့ စက်တင်ဘာ ၂၈ ရက်နေ့ရွာသွန်းသော မိုးရေချိန်သည် ၁၃ ဒသမ ၆ လက်မဖြင့် စံချိန်သစ်ဖြစ်သည်ဟု ကြေညာသည်။

ယနေ့ (စက်တင်ဘာ ၂၈) နံနက်က ရေလွှမ်းမိုးသည့် သဘာဝဘေးဒဏ်ကြောင့် တောင်ပြိုပြီး နေအိမ် ၃၀ ကျော် မြေဖုံးလွှမ်းသည့်ဒဏ် ခံနေရသည့် ကရင်ကြီး ကျေးရွာကို မောင်းမကန် ရဲစခန်း၌ တပ်စွဲထားသည့် စစ်တပ်က စစ်ကြောင်းထိုးလာရာ ဒေသခံများမှာ သဘာဝဘေး ဒဏ်သာမကဘဲ စစ်တပ်စစ်ကြောင်း၏ ရန်ကိုပါ ရင်ဆိုင်နေရသည်ဟု တနင်္သာရီတိုင်း အခြေစိုက် ထားဝယ်အမျိုးသား အဖွဲ့ချုပ်/ထားဝယ် တပ်တော် ပြောရေးဆိုခွင့်ရှိသူ ကိုယောနသန်က Myanmar Now ကိုပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အဲဒီရွာဘက်ကိုမောင်းမကန်မှာရှိတဲ့ ရဲစခန်း ကနေပြီးတော့ စစ်ကြောင်းဝင်ရောက်လာတာရှိတယ်။ ပုံမှန် အနေအထားဆိုရင် အဲဒီကရင်ကြီး ကျေးရွာက စစ်အာဏာရှင်တပ်နဲ့ ကျွန်တော်တို့ တော်လှန်ရေး တပ်တွေနဲ့ အကြားက အမြဲတမ်း တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာဖြစ်တယ်” ဟု ၎င်းက ပြောသည်။ 

ထို့အပြင် မိုးသည်းထန်စွာရွာသွန်းပြီး သဘာဝဘေးဒဏ်ကို စတင်ခံစားနေရသည့် ယခုလ ၂၆ ရက်မှ စတင်၍ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ထားဝယ်ရေနက်ဆိပ်ကမ်း ဧရိယာ အတွင်းရှိ ဝမ်းဇွဲ၊ ပိန်းရှောင်၊ သစ်တိုထောင့် စသည့်ရွာတို့ကို  စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက် လာခဲ့ရာ ကျေးရွာငါးရွာထက်မနည်းမှ ဒေသခံ ထောင်နှင့်ချီ စစ်ဘေးရှောင်နေရသည်ဟု ၎င်းကဆက် ပြောသည်။ 

“တစ်ဖက်မှာ သဘာဝဘေးဒဏ် ခံနေရတဲ့ ကြားထဲကမှ စစ်တပ်က လွတ်တဲ့နေရာတစ်ခုကို စစ်ကြောင်းတွေထိုးပြီးတော့ စစ်ပူအောင်လုပ်နေတယ်။ မြွေပူရာကင်းမှောင့်လုပ်နေတဲ့ သဘောမျိုးပေါ့။ အဲဒီလို အခြေအနေမျိုးမှာ သဘာဝဘေးအန္တရာယ်တွေဖြစ်နေတဲ့ ဒေသတွေကို စစ်တပ်က ကူညီ ကယ်ဆယ်ရေးတွေ လုပ်မယ်ဆိုတာ မျှော်လင့်နေစရာမရှိဘူးလို့ မြင်တယ်” ဟု ၎င်းက ပြောသည်။ 

တောင်ပြို၊ ရေကြီးမှုကြောင့် ဒေသခံ ၁၃ ဦး သေဆုံး 

ထားဝယ်ဒေသ တစ်ခုလုံးရှိ ကျေးရွာပေါင်း ၆၀ ကျော်တွင် ရေကြီး ရေလျှံမှုများနှင့် တောင်ပြိုမှုများကြောင့် လောင်းလုံးမြို့နယ်တွင် ၁၀ ဦး ၊ ထားဝယ်မြို့နယ်တွင် နှစ်ဦးနှင့် သရက်ချောင်းမြို့နယ်တွင် တစ်ဦး သေဆုံးခဲသည်ဟု ထားဝယ်အမျိုးသား အဖွဲ့ချုပ်/ထားဝယ် တပ်တော်က ယနေ့ မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။ 

ထားဝယ်ဒေသတွင် ဖြစ်ပွားသည့် သဘာဝဘေးဒဏ်ကြောင့် ပျောက်ဆုံးနေသူ လူ ၃၀ အထက်ရှိ နေပြီး တောင်ပြိုမှုများကြောင့် နေအလုံး ၅၀ ကျော် မြေလွှမ်းခံထားရသလို တံတား ၁၀ စင်း ပျက်စီးခဲ့သည်။

ထားဝယ်နှင့် မြိတ်မြို့တို့ကို ဆက်သွယ်ထားသည့် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကညင်ချောင်းကျေးရွာတံတားလည်း ပျက်စီးခဲ့သည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။ 

မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ပြို၊ ရေကြီးသည့် ဒဏ်ကြောင့် အဓိက ကားလမ်းမများတွင် ၁၀ ပေအထက်မြင့်သည့် မြေကြီးများ ဖုံးလွှမ်းနေပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများလုပ်ကိုင်နိုင်ရန် မြေကြီးများကို စတင်ဖယ်ရှားနေရသည်ဟု မြေပြင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ထားဝယ်မြို့ အခြေစိုက် ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေး အဖွဲ့ တာဝန်ရှိသူက Myanmar Now ကိုပြောသည်။ 

“ကျွန်တော်တို့က အခုလောင်းလုံးမြို့ ညင်းမော်ရွာမှာပဲရှိပါသေးတယ်။ အခု လောလောဆယ် တော့ ဘက်ဟိုးနဲ့ ရှင်းဖို့တော့လုပ်နေပါတယ်။ မြေသယ်တဲ့ကားကြီးတွေလောက်ပဲ အဆင်ပြေတယ်။ လမ်းတအားကြမ်းနေတယ်။ တောင်ကျရေက တအားကြမ်းနေတော့ သွားလို့က အဆင်မပြေဘူး” ဟု ၎င်းက ပြောသည်။ 

လောင်းလုံးတောင်တန်း အနောက်ဘက်ရှိ လောင်းလုံး- ညင်းမော်လမ်းပိုင်းရှိ ကျေးရွာတို့တွင် တောင်ပြိုကျမှုကြောင့် လူသေဆုံးမှုများရှိနေသည်။ မင်းရပ်နှင့် သဗြာကျေးရွာတို့တွင် ရုပ်အလောင်း လေးလောင်းတွေ့ရှိထားပြီး မြေကြီးများကို ဖယ်ရှား၍ ဆက်သွားပါက ရုပ်အလောင်းများ ဆက်တွေ့နိုင်သည်ဟု ၎င်းက ဆက်ပြေသည်။ 

“လောင်းလုံးနဲ့ ညင်းမော် လမ်းပိုင်းမှာရှိနေကြတာပါ။ မြေကတော့ မိန်းလမ်းမပေါ်မှာ ဆယ်ပေလောက်ကိုရှိမယ်။ ဒီမြေတွေနဲ့ ပိတ်နေလို့ပဲ ကျွန်တော်တို့က အောက်ဘက်က ညင်းမော်တို့ ကဒတ်ငယ်တို့ ဘာတို့ကို ဆက်သွားလို့ မရဘူးဖြစ်နေတယ်။ ဒီနေ့တော့ ကျွန်တော်တို့ထဲက အဖွဲ့တစ်ဖွဲ့က ကုန်းကြောင်းကနေပြီးတော့ ကုန်းလမ်းကနေပြီးတော့ ဖြတ်ပြီးတော့ ရောက်သွားတာရှိတယ်” ဟု ၎င်းက ပြောသည်။ 

ရေဘေးနှင့် မြေပြိုသည့်ဒဏ်ခံရသည့် ဒေသခံများအတွက် လတ်တလောတွင် အစားအသောက်နှင့် အဝတ်အထည်များ အရေးပေါ်လိုအပ်နေပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်ယူ ဆောင်ရွက်ရမည်ဟု ၎င်းက ဆက်ပြောသည်။ 

“အခုလောလောဆယ်တော့ ရှာဖွေ ကယ်ဆယ်ရေးပဲ ဖိလုပ်ရဦးမယ်။ နောက်ကျရင်တော့ စားဖို့သောက်ဖို့နဲ့ စားနပ်ရိက္ခာပေါ့။ နောက်မှပဲ ပြန်လည်ထူထောင်ရေးကို လုပ်ရမယ်ထင်တယ်။ စားဖို့သောက်ဖို့နဲ့ ဝတ်ဖို့စားဖို့လည်း မရှိဘူးလေ” ဟု ၎င်းက ပြောသည်။ 

မြေမြှုပ်မိုင်း အန္တရာယ် 

လက်ရှိဖြစ်ပွားနေသည့်  တောင်ပြို၊ ရေကြီးသည့် သဘာဝဘေးဒဏ် ခံစားနေရသည့် ဒေသများမှာ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားရာဒေသများဖြစ်ပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ အန္တရာယ်ကို ဂရုစိုက်ကြရန် ထားဝယ်အမျိုးသား အဖွဲ့ချုပ်/ထားဝယ်အမျိုးသား တပ်တော်က ယနေ့ မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။ 

သံသယဖြစ်ဖွယ်ပစ္စည်းများနှင့် စစ်လက်နက်ပစ္စည်းများကို တွေ့ရှိပါက မိမိသဘောနှင့်မိမိ ထိတွေ့ကိုင်တွယ်ခြင်း၊ နေရာရွှေ့ပြောင်းခြင်းများမပြုလုပ်ဘဲ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များ၏ အကူအညီဖြင့်သာ ရှင်းလင်းဆောင်ရွက်ကြရန်၊ ရေဘေးနှင့် တောင်ပြိုမှုအန္တရာယ် ဆက်လက်ရှိနေသဖြင့် မိမိတို့၏ လုံခြုံရေးကို ဂရုပြုရန် ထိုထုတ်ပြန်ချက်က ဆိုသည်။ 

ထားဝယ်အမျိုးသား အဖွဲ့ချုပ်/ထားဝယ်တပ်တော် အနေဖြင့် လက်ရှိ သဘာဝဘေးဒဏ် ခံစားနေရသည့် နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး ၎င်းတို့တွင်ရှိသည့် ရိက္ခာနှင့် ဆေးဝါးများကို ထောက်ပံ့ပေးနေသည်၊ အချက်အလက်စုဆောင်း၍ အချိန်နှင့်တပြေးညီ ထပ်မံကူညီနိုင်ရန် ကြိုးပမ်းနေသည်ဟု ပြောရေးဆိုခွင့်ရှိသူ ကိုယောနသန်က ဆိုသည်။ 

“တော်လှန်ရေး အင်အားစုတွေ အနေနဲ့ကတော့ စစ်အာဏာရှင်တပ်မဟုတ်ဘဲနဲ့ သီးခြားလွတ်လပ်ခွင့်ရှိတဲ့ အဖွဲ့အစည်းတွေ ပရဟိတ အဖွဲ့အစည်းတွေကိုဆိုရင်တော့ ကျွန်တော်တို့ ဘက်က လမ်းဖွင့် ပေးထားပါတယ်။ သူတို့ အနေနဲ့က လွတ်လွတ်လပ်လပ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့က ကိုယ်ရောက်ရှိနေတဲ့ နေရာတွေမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ပူးပေါင်း ဆောင်ရွက်နေတာရှိပါတယ်” ဟု ၎င်းက ပြောသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles