အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

အောင်ဘာလေနှင့်လမ်းခွဲပြီးနောက် မြန်မာတို့မျက်စိကျနေသည့် ဘတ် ၆ သန်းချစ်သူ

အိမ်နီးချင်းနိုင်ငံတွင် ရုန်းကန်နေရသော မြန်မာလုပ်သားတို့အတွက် ထိုင်းထီ ဘတ်ခြောက်သန်းဆုသည် စိတ်ကူးယဉ်စရာ ထွက်ပေါက်ကြီးတခုဖြစ်သည်။ တဖက်တွင် စစ်တပ်၏ အောင်ဘာလေထီကို ကျောခိုင်းခဲ့ကြပြီဖြစ်ရာ ထီချစ်သူမြန်မာတို့အတွက် အားကိုးစရာမှာ ထိုင်းထီ ဖြစ်နေပြန်သည်။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဦးစီးအရာရှိ ဇနီးဖြစ်သူကို အကြောင်းပြု၍ ထိုင်းနိုင်ငံသို့ပြောင်းရွှေ့ရောက်ရှိ ခိုလှုံနေခဲ့သည့် ကိုစိုး အတွက် အကြီးမားဆုံး အိပ်မက်မှာ ထိုင်းထီ ဘတ်ခြောက်သန်းဆု ပေါက်ရေးပင် ဖြစ်သည်။

ပြည်တော်ပြန်ရန် မဖြစ်နိုင်သေးချိန်တွင် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် သမီးငယ်နှစ်ဦးအတွက် ပညာရေးစရိတ်များအတွက် ဖြေရှင်းရုန်းကန်ရသည့်ခဏ မွန်းကျပ်လာမိတိုင်း ခေါင်းထဲဝင်လာသော ထွက်ပေါက်မှာ တလ နှစ်ကြိမ် ထိုင်းထီကံစမ်းခြင်းပင်ဖြစ်သည်။

ကိုစိုးအတွက် ဘတ်ခြောက်သန်းအိပ်မက်မှာ စိတ်ကူးယဉ်ဆန်နေနိုင်သော်လည်း ရင်ဆိုင်နေရသော အခက်အခဲများကျော်လွှားရန်နှင့် မိသားစုဘဝရှေ့ရေးစိတ်အေးရရေးအတွက် သည်နည်းလမ်းသည်သာ အတောက်ပဆုံးအလင်းရောင် ဖြစ်နေသည်။

“ထီသည်တွေ့ရင်ကို မနေနိုင်ဘူးဖြစ်နေတယ်။ ထီထိုးထားတော့ အိပ်မက်မက်လို့ကောင်းတာပေါ့။ … ထီမထိုးထားရင် အိပ်မက်မက်စရာမရှိဘူးလေ။ စိတ်ကူးယဉ်စရာမရှိဘူး။ အဲဒီတော့ စိတ်ကူးယဉ်လို့ ကောင်းတယ်ကွာဆိုပြီးတော့ ချမယ်ဆိုပြီးတော့ ထိုးတာပေါ့” ဟု သူက ဆိုသည်။

သို့သော် ကိုစိုးမှာ မိမိဝင်ငွေနှင့်ချိန်ဆရသည့်အတွက် ထီအစောင်ရေများစွာ မထိုးနိုင်။ သူ အမြဲလိုလို ထိုးသည်က ဂဏန်း ၆ လုံးပါ ဂဏန်းတူ နှစ်စောင်တွဲဖြစ်သည်။ ထီအတွက် လစဉ် ဘတ် ၅၀၀ မှ ၁၀၀၀ အထိ အကုန်အကျခံပြီးလျှင် တလလျှင် ငါးစောင်မှ ရံဖန်ရံခါ၌ ၁၀ စောင်အထိထိုးဖူးကြောင်း သူက ပြောသည်။

ထိုင်းရောက်ပြီးနောက် သူသည် ထိုင်းထီနှစ်စောင်တွဲ ဘတ် ၂၀၀၀ ဆု လေးကြိမ်၊ ငါးစောင်တွဲ တကြိမ်ပေါက်ဖူးသည်။

“နောက်နှစ်လုံးတိုက်ပေါ့။ ဘတ် ၁၀,၀၀၀ ဆုအထိအမြင့်ဆုံးပေါက်ဖူးတယ်။ အဲဒီလို နီးစပ်တယ်ဆိုပြီး ထိုးရင်းထိုးရင်းနဲ့ ထီမြင်ရင် ထိုးချင်နေတော့တာ။ မပေါက်တုန်းက ပြဿနာမရှိဘူး” ဟု သူက ဆိုသည်။

ကိုစိုးအနေဖြင့် ထိုင်းထီနှစ်စောင်တွဲထိုးရခြင်းမှာ ဘတ်ခြောက်သန်းဆု ပေါက်လျှင် ၁၂ သန်းရမည့် မက်လုံးကြောင့် ဖြစ်သည်။ အမြင့်ဆုံးဆုသာ ပေါက်ခဲ့လျှင် ထိုင်းတွင် ရေရှည်နေရန် ကွန်ဒိုတိုက်ခန်း တခန်း ဝယ်မည်ဖြစ်ပြီး သမီးနှစ်ဦး၏ ပညာရေးအတွက် အသုံးပြုမည်ဟု တွေးကြောင်း ပြောသည်။


ထိုင်းထီလက်မှတ်များကိုတွေ့ရစဉ်။ (ဓာတ်ပုံ- AFP)

ရေသည်မောင်မောင်ဘတ်၆သန်းကြောင့်ရွှေချသလိုပြောင်နိုင်မလား

ထိုင်းဘတ်ခြောက်သန်းအိပ်မက်မက်သူများမှာ ကိုစိုးတယောက်တည်းမဟုတ်ပါ။ အာဏာသိမ်းပြီး နောက်ပိုင်းတွင်ဖြစ်စေ၊ မသိမ်းမီကတည်းကဖြစ်စေ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ လမ်းကြောင်းပေါင်းစုံဖြင့် ရောက်ရှိလာခဲ့ကြသည့် သန်းနှင့်ချီသော မြန်မာနိုင်ငံသားအများစုတွင် အလားတူ အိပ်မက်ရှိကြသည်။

ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ၏ ၂၀၂၅ ခုနှစ် နှစ်ဆန်း ထုတ်ပြန်ချက်များအရ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ၄ ဒသမ ၁ သန်းကျော်ရှိနေပြီး တရားဝင် မှတ်ပုံတင်ထားသော အလုပ်သမား ၂ ဒသမ ၂ သန်းကျော်ရှိသည်။ ထိုင်းရောက် မြန်မာအများစုမှာ အခြေခံလုပ်သားများဖြစ်သလို ငွေတတ်နိုင်သည့် လူလတ်တန်းစားများနှင့် စစ်ပွဲရှောင်ရန် ထိုင်းဘက်ခြမ်းသို့ နယ်စပ်ဖြတ်ကျော် ရောက်ရှိခိုလှုံနေရသူများလည်း ပါသည်။ 

စားဝတ်နေရေးအသုံးစရိတ်၊ မိသားစုထံ လွှဲပို့ငွေ၊ ပုံမှန်သက်တမ်းတိုးနေရသော ဗီဇာခနှင့် အထောက်အထား စရိတ်စက စသည်တို့ကြောင့် ထိုင်းရောက်မြန်မာလုပ်သားများအကြားတွင် စုမိဆောင်းမိရှိသူ နည်းပါးသည်။ သာမန်အလုပ်သမားတဦးသည် ထိုင်းတွင် အလုပ်အကိုင်တခု ရှိရုံမျှဖြင့် နေ့ချင်းညချင်း ကြီးပွားချမ်းသာနိုင်ရန် အလွန်ခက်ခဲလှသဖြင့် ဘဝပြောင်းနိုင်မည့် တခုတည်းသော မျှော်လင့်ချက်ဆိုသော အတွေးဖြင့် ထိုင်းထီထိုးခြင်း ဖြစ်ကြောင်း Myanmar Now က ဆက်သွယ် မေးမြန်းခွင့် ရရှိခဲ့သည့် ထိုင်းရောက် မြန်မာများက ပြောကြသည်။

မြန်မာနိုင်ငံတွင်ခေတ်စားသော နှစ်လုံးထီနှင့် ချဲထီလောင်းကစားများနှင့်မတူဘဲ ထိုင်းအစိုးရထီသည် ခိုင်မာမှုရှိခြင်းကြောင့် ၁၅ ရက်တပတ်လျှင် တစောင်မှ သုံးစောင်အထိ ပုံမှန်ကံစမ်းဖြစ်ကြောင်း၊ စီးပွားရေး လုပ်ကိုင်ရန်ထက် စစ်ဘေးရှောင်များကို ကျန်းမာရေးနှင့် အစားအသောက်များကို ကူညီလိုသဖြင့် ကံစမ်းခြင်းဖြစ်ကြောင်း မဲဆောက်မြို့အနီး မယ့်ကိုးကင်း ကျေးရွာမှ မြန်မာရွာသူကြီး ဦးစိုးပိုင်က Myanmar Now ကို ပြောသည်။

“(စစ်ဘေးရှောင်တွေရဲ့) ကျန်းမာရေးဘက် ကူညီချင်တယ်။ စားရေးသောက်ရေးဘက်ကို နိုင်တဲ့ဘက်က ကူညီချင်တယ်။ အဓိကက နာရေးကားပေါ့။ ဘက်စုံသုံးပေါ့။ ဆေးရုံဆေးခန်းသွားလည်း အခမဲ့ အရေးပေါ် လူနာတွေကို ပို့ပေးချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရေးပေါ်သွားတဲ့အခါ ထိုင်းမှာ အရေးပေါ် ကားရှိတာ မှန်တယ်။ ဒါပေမဲ့ (စစ်ဘေးရှောင်လာသူတွေက) ထိုင်းစကားမတတ်တော့ ခက်တယ်လေ” ဟု ဦးစိုးပိုင်က ပြောသည်။


မြန်မာအလုပ်သမား အများအပြားရှိသည့် ထိုင်းနိုင်ငံ မဟာချိုင်မြို့နယ် တနေရာကို ယခုနှစ် မေလအတွင်း တွေ့မြင်ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

ထိုင်းရောက်မြန်မာသန်းကြွယ်သူဌေး၆၀ကျော်

ဂဏန်းခြောက်လုံးပါ ထိုင်းထီလက်မှတ်တစောင်လျှင် တရားဝင်ဈေးမှာ ဘတ် ၈၀ ဖြစ်သော်လည်း လက်လီ ဈေးမှာမူ တစောင်လျှင် ဘတ် ၁၀၀ (ကျပ် ၁၃,၀၀၀) ဖြစ်သွားသည်။ အမြင့်ဆုံးထီဆုမှာ ဘတ်ခြောက်သန်း (ကျပ်သိန်းပေါင်း ၇,၈၀၀) ရရှိမည်ဖြစ်ပြီး အခြားသောထီဆုကြီး ဆုငယ်များစွာလည်းပါဝင်သည်။

ထီထွက်သည့် ရက်များတွင် ထိုင်းနိုင်ငံသားများသာမက ထိုင်းရောက် မြန်မာနိုင်ငံသားများကပါ ရင်ခုန်စွာမျှော်လင့်စောင့်စားကြပြီး ထီပေါက်စဉ်ကို Facebook ပေါ် ပြန်မျှဝေမှုများလည်း များလာသည်။ ဘတ်ခြောက်သန်းဆုပေါက်သူမှာ မြန်မာနိုင်ငံသားဖြစ်လျှင် မြန်မာသတင်းဌာနအချို့က တခုတ်တရဖော်ပြကြသည်။

တလနှစ်ကြိမ်ထုတ် ထိုင်းထီအတွက် တကြိမ်လျှင် လက်မှတ်အစောင်ရေ သန်း ၁၀၀ ထုတ်ဝေရောင်းချပြီး ၂၀၂၁ ခုနှစ်တွင် ထိုင်းထီလုပ်ငန်းတွင် လှည့်လှည်ငွေပမာဏစုစုပေါင်းမှာ ထိုင်းဘတ် ၁၃၉ ဘီလီယံကျော် ရှိခဲ့သည်ဟု Thai PBS World က ထိုင်းအစိုးရထီဌာနကို ကိုးကား၍ ၂၀၂၃ ဖေဖော်ဝါရီတွင် သတင်းဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံသား ၂၄ ဒသမ ၆၃ သန်း (လူဦးရေ၏ ၄၅ ရာခိုင်နှုန်း) က ထိုင်းအစိုးရထီကို ကံစမ်းကြသည်ဟု တွေ့ရသည်။ သို့သော်လည်း မြန်မာအပါအဝင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ ထီထိုးခြင်းဆိုင်ရာ အချက်လက်များကိုမူ အတိအကျမသိရပေ။

ထိုင်းထီဆုများပေါက်သော မြန်မာများအတွက် ထီဆုများထုတ်ယူနိုင်ရန် ကူညီပေးနေသည့် မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေး ကော်မတီ (AAC) ကို ဦးဆောင်သူ ဦးခိုင်ကြီးက မြန်မာလုပ်သားများ၏ ၇၀ ရာခိုင်နှုန်းသည် ထိုင်းထီကို ၁၅ ရက်တပတ်လျှင် အနည်းဆုံး သုံးစောင်မှ လေးစောင်၊ အများဆုံး ငါးစောင်မှ ၁၀ စောင်အထိ ထိုးနေနိုင်သည်ဟု ခန့်မှန်းသည်။ 

“မြန်မာပြည်သားတွေက တအားကြီးအခက်အခဲတွေများတော့ ဒါဖြစ်ရင် အဆင်ပြေပြီဆိုတဲ့စိတ်နဲ့ ထိုးတာ။ တစောင်ထိုးလို့မရရင် နှစ်စောင်ထိုးတယ်” ဟု သူက ပြောသည်။


ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် လုပ်ငန်းခွင်ဝင်ရန်လာသည့် မြန်မာအလုပ်သမားအချို့ကို ယခုနှစ် မေလအတွင်း တွေ့မြင်ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

၎င်းတို့အဖွဲ့က ထီဆုထုတ်ပေးခဲ့သူများအနက် ဘတ်ခြောက်သန်းဆုပေါက်သူသည် စစ်ကိုင်းတိုင်းကဲ့သို့ စစ်မက်ဖြစ်ပွားရာဒေသတခုခုမှ ထိုင်းသို့ရောက်ရှိခိုလှုံနေသူများထဲမှဖြစ်ပါက ဆုကြေးငွေကို ပြည်တွင်းသို့ သယ်ယူရန် ခက်ခဲသဖြင့် ဆုကြေးငွေထုတ်ပြီးနောက် မိမိတို့ထိုင်းဘဏ်စာရင်းတွင်သာ အပ်နှံသိမ်းဆည်းထားရလေ့ရှိသည်ဟု ဦးခိုင်ကြီးက ပြောသည်။

ထိုင်းတွင် နေသူဖြစ်စေ၊ မြန်မာပြည်တွင်းနေသူဖြစ်စေ မြန်မာနိုင်ငံ၏ လက်ရှိဥပဒေအရ အိမ်နီးချင်းနိုင်ငံများတွင် ရောင်းချသောထီထိုးလျှင် လောင်းကစားဥပဒေနှင့် ငြိစွန်းမှုရှိနေသည်။ အောင်ဘာလေမှတပါး တခြားသော ထီထိုးသူနှင့် ထီထိုးရန်တိုက်တွန်းသူကိုပါ ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်ခံရနိုင်ကြောင်း စစ်တပ်က ၎င်းတို့ ထိန်းချုပ်မီဒီယာများမှတဆင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ဆောင်းပါးရေးပြီးသတိပေးသည်။

သို့ရာတွင် ပြည်ပထီထိုးကံစမ်းခြင်းကို ကုစားရခက်ခဲကြောင်းလည်း ထိုဆောင်းပါးတွင် ဝန်ခံထားသည်။

လောင်းကစားဥပဒေတွင် ထီ သို့မဟုတ် ထီကဲ့သို့သော အခြားကံစမ်းကစားနည်းတခုခုကို ဖွင့်လှစ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ လောင်းကြေးလက်ခံခြင်း၊ ဒိုင်အဖြစ်ဆောင်ရွက်ခြင်း၊ ငွေကြေးအကျိုးအမြတ်ရယူခြင်း သို့မဟုတ် ထိုသို့ ဆောင်ရွက်ခြင်းကို တနည်းနည်းဖြင့် အားပေးကူညီခြင်းတို့ကို ဆောင်ရွက်လျှင် ထောင်ဒဏ်တနှစ်မှ သုံးနှစ်အထိ၊ ငွေဒဏ် ကျပ်တသိန်းမှ ငါးသိန်းအထိချမှတ်နိုင်သလို ဒဏ်နှစ်ရပ်လုံးလည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

ယခုနှစ် ဇူလိုင်လ ၂၆ ရက်က ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ထိုင်းထီလှည့်လည်ရောင်းချသည့် ထိုင်းနိုင်ငံသား လေးဦးကို မြန်မာအာဏာပိုင်များက ဖမ်းဆီး၍ တရားမဝင် လောင်းကစားပြုလုပ်မှု၊ စီစဉ်ပေးမှုဖြင့် တရားစွဲဆိုသည့်ဖြစ်စဉ်ရှိခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းများက ဖော်ပြသည်။

တဖက်တွင် ထိုင်းရောက်သန်းနှင့်ချီသောအလုပ်သမားများကို ထိုင်းအမျိုးသားရေးသမားများက ၎င်းတို့၏ အလုပ်အကိုင်များ လုယူနေသည်ဟု အစဉ်တစိုက်စွပ်စွဲတိုက်ခိုက်သလို အာဏာပိုင်တို့ကလည်း  နေထိုင်ခွင့်နှင့်ပတ်သက်၍ ပိုမိုတင်းကျပ်လျက်ရှိကြောင်း၊ သို့ရာတွင် မြန်မာအလုပ်သမားများ၏ ပြန်လည်အကျိုးပြုမှုအဖြစ် ထိုင်းထီတခုတည်းမှ ထိုင်းအစိုးရအနေဖြင့် ဘတ်သန်းချီ အခွန်ရနေသည်ကို မစဉ်းစားကြောင်း ဦးခိုင်ကြီးက ဆိုသည်။


ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ ထိုင်းအစိုးရ ထီရုံးချုပ်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။ (ဓာတ်ပုံ- GLO)

ထိုင်းရောက်မြန်မာ ၄ ဒသမ ၁ သန်း၏ ၇၀ ရာခိုင်နှုန်းက တဦးလျှင် တစောင်နှုန်းထိုးလျှင်ပင် ထီအစောင်ရေ ၂ ဒသမ ၈၇ သန်းရှိနိုင်သည်။  မူရင်းဈေးတစောင်ဘတ် ၈၀ နှင့် တွက်ချက်လျှင်ပင် ထိုင်းအစိုးရက ၁၅ ရက်တကြိမ် ဘတ် ၂၂၉ ဒသမ ၆  သန်းခန့် ရရှိနေနိုင်သည်။

“ထိုင်းက အဝတ်အစားကို ဝယ်ဝတ်ကြတယ်။ ထိုင်းက အစားအစာကိုဝယ်စားတာ။ ထိုင်းက ဆိုင်ကယ်၊ ထိုင်းက ကား၊ ထိုင်းက အစားသောက်ကို စားတာ။ မြန်မာပြည်က အလုပ်သမားတွေကို သူတို့က နားလည်မပေးနိုင်ဘူး။ တနေ့လုပ်အားခရဲ့ ၇၀ ရာခိုင်နှုန်းကို ထိုင်းဘက်မှာ ထားပစ်ခဲ့ရတာ။ နိုင်ငံရေးမကောင်းတာတွေကြောင့် ထီတွေထိုးနေကြရတာ” ဟု ဦးခိုင်ကြီးက ပြောသည်။

ထိုင်းရောက်မြန်မာများ၏ ထီထိုးအား ကောင်းလာ၍ ထီလက်မှတ်ရောင်းအား မြင့်တက်လာသည်ဟု ထိုင်းအစိုးရထီဌာနဝန်ထမ်းများ ကိုယ်တိုင်က ပြောသည်ကို ထီဆုများသွားရောက်ထုတ်ယူစဉ် ကြားခဲ့ရကြောင်း၊  ထီပေါက်သော ထိုင်းရောက်မြန်မာ အများအပြား ရှိလာကြောင်း ဦးခိုင်ကြီးက ဆိုသည်။

၂၀၁၆ ခုနှစ်မှစ၍ ထိုင်းထီပေါက်သော မြန်မာများအတွက် ထီဆုများထုတ်ပေးခဲ့ရာ AAC မဟာမိတ်အဖွဲ့က အမြင့်ဆုံးထီဆုဖြစ်သော ဘတ်ခြောက်သန်းဆု ၄၆ ကြိမ်အထိ ထုတ်ပေးထားပြီး ထိုအဖွဲ့မှ ခွဲထွက်ခဲ့သော ဦးရဲမင်း ဦးဆောင်သည့် Myanmar Humanitarian Action Centre (MHAC) အဖွဲ့က အကြိမ် ၂၀ ထုတ်ပေးထားကြောင်း ဦးခိုင်ကြီးက ပြောသည်။ ဘတ်ခြောက်သန်းဆု ကံထူးရှင် မြန်မာ ၆၆ ဦးလုံးမှာ ထိုင်းရောက်မြန်မာများထဲမှသာ ဖြစ်ပြီး ပြည်တွင်းမှထိုးသူများထဲမှ ထီဆုကြီး ကံထူးသူမရှိသေးဟု ဦးခိုင်ကြီးက ဆိုသည်။

သို့သော် သူများပေါက်လျှင် ကိုယ်ပေါက်နိုင်သည်ဟူသော အတွေးများဖြင့် ထီထိုးခြင်းမှာ မဖြစ်သင့်ကြောင်း သူက ဆက်ပြောသည်။

“တကယ်တမ်းကျရင် ကျွန်တော်တို့က အားမပေးဘူး။ အလုပ်သမားတွေအနေနဲ့ သူများထီပေါက်ရင် ကိုယ်ထီပေါက်မယ်ဆိုတဲ့အိပ်မက်တွေနဲ့ မထိုးစေချင်ဘူး။ ထီပေါက်တဲ့သူကို အများဆုံးထုတ်ပေးရတဲ့ သူတောင်မှ ကိုယ်ပေါက်ချင်မှ ပေါက်မယ်ဆိုတဲ့အသိရှိတယ်။ တခါတလေ ကံစမ်းလိုက်တာပေါ့။ တစောင်၊ နှစ်စောင် အဲ့ဒီလောက်ပဲ။ အပတ်တိုင်းတော့မထိုးဖြစ်ဘူး” ဟု ဦးခိုင်ကြီးက မှတ်ချက်ပြုသည်။  

အစိုးရထီသည် ပေါက်လျှင် ခိုင်မာမှုရှိသည်ဆိုသော်လည်း စင်စစ်အားဖြင့် လောင်းကစားပင်ဖြစ်ပြီး အမြင့်ဆုံးထီဆုပေါက်နိုင်ခြေမှာလည်းအလွန်နည်းပါးသည်ဟု တွက်ချက်မှုများရှိနေသည်။

သို့သော် ထီထိုးရသည်ကို ဝါသနာထုံသော မြန်မာများသည် အာဏာသိမ်းစစ်အုပ်စုကို မယုံကြည်မှု၊ ထိုင်းတွင် နေထိုင်စဉ် အခက်အခဲများအတွက် ထွက်ပေါက်ရှာလိုမှုတို့ကြောင့် ထိုင်းထီ၊ စင်ကာပူထီနှင့် အခြားနိုင်ငံထီများကို ပိုထိုးလာကြကြောင်း ထိုင်းနယ်စပ် မဲဆောက်မြို့ အခြေစိုက် စီးပွားရေးကျွမ်းကျင်သူ အမျိုးသားတဦးက ပြောသည်။


ထိုင်းနိုင်ငံ ဆမွတ်ဆခွန်ခရိုင်တွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများကို ၂၀၁၈ ခုနှစ် မတ်လ ၁၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- EPA)

ဘယ်ထီကိုရွေးမလဲ

မြန်မာနိုင်ငံသားများအကြား ထိုင်းထီကို စိတ်ဝင်စားမှုသည် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ကတည်းက စတင်မြင့်တက်ခဲ့ပြီး ထိုစဉ်ကတည်းက ထိုင်းထီလက်မှတ်စောင်ရေ ၁၀၀ ရောင်းချသည့် ကိုယ်စားလှယ်သည် အချိန်တိုအတွင်း ရောင်းကုန်သွားသည်မျိုး ရှိခဲ့သည်ဟု ကိုစိုးက ပြောသည်။

အောင်ဘာလေထီကို အများပြည်သူ အားပေးခဲ့ကြသော်လည်း အာဏာသိမ်းပြီးနောက် ထိုထီကို ဆက်ထိုးနေမည်ဆိုပါက လူသတ်နေသော စစ်အုပ်စုကို တနည်းတဖုံ ငွေကြေးပံ့ပိုးရာရောက်သဖြင့် စစ်တပ်ထိန်းချုပ်ထားသည့် ထီကို ဝိုင်းဝန်းသပိတ်မှောက်ခဲ့ကြသည်။

မဲဆောက်မြို့တွင် နေထိုင်ပြီး ထိုင်းထီကို တပိုင်တနိုင် ကိုယ်စားလှယ်ယူရောင်းချသည့် မဝါဝါမြင့်က စစ်တပ်ထိန်းချုပ်လိုက်သော အောင်ဘာလေထီကို သပိတ်မှောက်ကြပြီးသည့်နောက် မြန်မာများအကြား ထိုင်းထီကို စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်ဟု ပြောသည်။

“ထိုင်းထီက ဂဏန်းခြောက်လုံးတည်း၊ ရှင်းတယ်လေ။ မြန်မာထီက ဂဏန်းခြောက်လုံးအပြင် ‘က’၊ ‘ခ’ တွေ၊ ‘ကက’၊ ‘ခခ’ တွေ စုံနေတာဆိုတော့ ပေါက်ဖို့အခွင့်အရေးပိုနည်းသလိုဖြစ်နေတော့ ဝါသနာပါလို့သာ ထိုးလိုက်မယ်။ ပေါက်ဖို့အခွင့်အရေးနည်းပါးတယ်လို့ ခံစားကြရတာပဲလေ” ဟု သူက ပြောသည်။

ထို့ကြောင့်လည်း အာဏာမသိမ်းမီ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် အောင်ဘာလေထီရောင်းချမှုမှ အခွန်ငွေ ကျပ်ဘီလီယံ ၁၆၀ ရရှိခဲ့သော်လည်း ယခု ဘဏ္ဍာနှစ်တွင် ကျပ် ၃၃ ဘီလီယံကျော်သာ အခွန်ရနိုင်မည်ဟု စစ်တပ်လွှတ်တော်က ပြဋ္ဌာန်းထားသည့် ၂၀၂၆-၂၇ ဘဏ္ဍာနှစ်ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင် လျာထားသည်။ စစ်အုပ်စုအတွက် ထီမှရသည့် အခွန်ရငွေ ၈၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခြင်းဖြစ်သည်။

ယခုအခါ မြန်မာပြည်တွင်းမှပင် ထိုင်းထီကိုလှမ်းထိုးသူအများအပြားရှိလာသည်။ ၎င်းတို့သည် နီးစပ်ရာ ထီလက်မှတ်ကိုယ်စားလှယ်များထံမှ တဆင့် ထီကံစမ်းခြင်းဖြစ်သည်။ ထီဆုငယ်များ ပေါက်သူတို့က အဆိုပါ နီးစပ်ရာ ကိုယ်စားလှယ်များ၏ အစီအစဉ်ဖြင့်ပင် ဆုငွေကိုထုတ်ယူကြသည်။ ထီကိုယ်စားလှယ်အများအပြားမှာ CDM လှုပ်ရှားမှုတွင် ပါဝင်သူများဖြစ်သဖြင့် ပြည်တွင်းမှ ထီထိုးသူများသည် ၎င်းတို့ကို ကူညီသည့်သဘောဖြင့်လည်း ဝယ်ယူ အားပေးကြသည်။ ဆုအသေးပေါက်သူများက ဆုငွေကို ကျပ်ဖြင့်လဲကာ KPay စသည့် ဝန်ဆောင်မှုမှတဆင့် ယူကြပြီး ဆုကြီးပေါက်လျှင်မူ ကာယကံရှင်၏ ဆန္ဒ သဘောထားအတိုင်း ဆုငွေကို စီမံခန့်ခွဲကြသည်မျိုး ဖြစ်နိုင်သည်ဟု Myanmar Now က မေးမြန်းခဲ့သူများက ပြောသည်။ ထိုင်းနိုင်ငံတွင် ဆုငွေထုတ်မည်ဆိုလျှင် အရောင်းဆိုင်ကို ၂ ရာခိုင်နှုန်း ပေးရသော်လည်း မြန်မာပြည်တွင်းမှ ပေါက်လျှင်မူ ကိုယ်စားလှယ်ကို မည်မျှထပ်ဆောင်း ပေးရကြောင်း မသိရပါ။

မြန်မာ၊ ထိုင်းနှင့် လာအိုသုံးနိုင်ငံဆုံစည်းရာ ရွှေတြိဂံဒေသတွင်လည်း ထိုင်းထီလက်မှတ် ရောင်းအား သိန်းနှင့်ချီ ရှိသည်ဟု စုံစမ်းသိရသည်။ ထိုင်းထီကို တာချီလိတ်မြို့နှင့် လာအိုဘက်ခြမ်းတို့တွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများက အများအပြားဝယ်ယူ ကံစမ်းကြသည်။ မြဝတီမြို့ တဖက်ကမ်း မဲဆောက်မြို့ရှိ မြန်မာအသိုင်းအဝိုင်းတွင်လည်း ထိုင်းထီဝယ်ယူမှုအားကောင်းသည်။

သို့သော် ထိုင်းထီသည် ထိုင်းရောက်မြန်မာများကြားတွင် ရေပန်းစားသော်လည်း နယ်စပ်တကြောရှိ ဒုက္ခသည်စခန်းများတွင်မူ နယ်မြေကွာဝေးခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် စိတ်ဝင်စားမှု နည်းသည်ဟု နယ်စပ် တာ့ခ်ခရိုင် နို့ဖိုးဒုက္ခသည်စခန်းမှ အသက် ၅၀ အရွယ် ဦးဗညားဇင်က ပြောသည်။

“စခန်းထဲကတော့ မထိုးကြဘူးဆိုတာက လက်လှမ်းမမီတာပေါ့။ အပြင်မှာ လွယ်လင့်တကူထိုးရင် ဘတ် ၁၀၀ ပဲ ပေးရတယ်။ ဒီမှာက ထိုးရင် တစောင်ကို ၁၂၀ ပေးရတယ်” ဟု သူက ပြောသည်။

ထိုစခန်းသည် မြန်မာနယ်စပ်နှင့်နီး၍ နှစ်လုံးနှင့် ချဲထီကို ပိုထိုးကြသည်ဟု သူက ဆိုသည်။

တဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ‘နွေဦးထီ’၊ ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ ‘တူမီးထီ’၊ ကရင်အမျိုးသားအစည်းအရုံး၏ ‘သူးလေထီ’၊ တအာင်း/ပလောင်ဒေသ ပညာရေးအတွက် ‘တအာင်းထီ’ နှင့် အာရက္ခတပ်တော်၏ အာရက္ခထီ (လောင်ပေါ်) စသည့် တော်လှန်ရေးအင်အားစု အသီးသီးက ရန်ပုံငွေရှာဖွေရန် ထုတ်ဝေရောင်းချလာသော ထီများ ပေါ်ပေါက်လာသည့်နောက်တွင် ပြည်တွင်းရှိ ထိုင်းထီ တပိုင်တနိုင်ရောင်းချသူတို့ ရောင်းအားကျသွားသည်ဟု မဝါဝါမြင့်က ဆိုသည်။

မည်သို့ပင်ဖြစ်စေ ထိုင်းရောက် မြန်မာများကြားတွင် ထိုင်းထီထိုးရုံသာမက အသုံးစရိတ်ကာမိရန် ထီလက်မှတ် လက်လီရောင်းနေသူ များစွာရှိနေဆဲဖြစ်သည်။

စားစရာမရှိသည့်တိုင် နှစ်လုံးထီ၊ ချဲထီထိုးရန်ငွေ ဘယ်ကထွက်မှန်းမသိ ထွက်လာတတ်ကြသည့် မြန်မာများအနေဖြင့် ထိုင်းထီကို အပျော်သဘောဖြင့်သာကံစမ်းရန် ကိုယ်တိုင် ထီမထိုးသည့် မဝါဝါမြင့်က အကြံပြုသည်။


ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့မှ အွန်လိုင်းဈေးဝယ်လုပ်ငန်းအတွက် ကုန်ပစ္စည်းများထုပ်ပိုးသည့်အလုပ်လုပ်ရန်သွားရောက်မည့် အလုပ်သမားအချို့ကို ၂၀၂၆ခုနှစ်မေလလယ်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

“အပျော်တမ်းထိုးတာပဲကောင်းပါတယ်။ ထီတစောင် (ဘတ်) ၁၀၀ ပေါ့။ ၁၀၀ ဆိုရင်၊ ၂၀၀ ဆိုရင် ထိုးလိုက်။ တော်ပြီပေါ့။ ၅၀၀ ဟဲ့၊ ၁၀၀၀ ဟဲ့ဆိုရင် ဒီမှာက ဝင်ငွေက လှုပ်လီလှုပ်လဲ့တွေ ဖြစ်နေကြတဲ့အပေါ်မှာ အဲဒီလောက်ကြီးတော့ လော်မာပြီး မထိုးသင့်ဘူးပေါ့နော်” ဟု မဝါဝါမြင့်က ပြောသည်။

AAC အဖွဲ့မှ ဦးခိုင်ကြီးကမူ ထိုင်းထီပေါက်လျှင် တဦးတယောက် တမိသားစုသာကောင်းစားနိုင်သဖြင့် သန်းနှင့်ချီသော ထိုင်းရောက်မြန်မာများအနေဖြင့် ထီထိုးသည့်နည်းတူ လက်ရှိ နွေဦးတော်လှန်ရေးကို ရန်ပုံငွေ ပုံမှန်ထောက်ပံ့ရေး မမေ့ရန်လည်း တိုက်တွန်းသည်။

“အကုန်လုံး တက်ညီလက်ညီနဲ့ ထောက်ပို့လုပ်မယ်ဆိုရင် အခုလောင်းကစားလုပ် (ထီထိုး) တဲ့ အထဲက ဖဲ့ပြီးလုပ်မယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးကပြီးသွားပြီ” ဟု ဦးခိုင်ကြီးက ပြောလိုက်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။