ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို ယမန်နေ့ (စက်တင်ဘာလ ၂၈ ရက်) မွန်းတည့် ၁၂ နာရီကျော်တွင် လေယာဉ်ဖြင့် ဗုံးကြဲချမှုကြောင့် ကိုယ်ဝန်ဆောင်၊ ကလေးငယ်များ အပါအဝင် အရပ်သားသေဆုံးသူ ၄၉ ဦး ရှိခဲ့ပြီး ၆၀ နီးပါး ဒဏ်ရာရရှိသွားကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၏ ထုတ်ပြန်ချက်အရ သိရသည်။
ဈေးဝယ်သူများနှင့် စည်ကားနေသည့် ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအောက်တွင် ဖွင့်လှစ်ထားသည့် အရပ်အခေါ် အိန္ဒိယစျေးနှင့် တံတားအနီး ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲသောကြောင့် ထိုသို့ အထိအခိုက် များပြားခဲ့ခြင်းဖြစ်သည်။
ယမန်နေ့က ကနဦးအနေဖြင့် လူ ၃၃ ဦး သေဆုံးခဲ့ပြီး ၄၀ ဦးခန့် ဒဏ်ရာရရှိသွားရာမှ သေဆုံးသူ ပိုတိုးလာ ခြင်းဖြစ်ပြီး ထိုဖြစ်စဥ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက် ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးမှုအများဆုံးဖြစ်စဥ် ဖြစ်လာသည်။
အိန္ဒိယနိုင်ငံမှတင်သွင်းလာသည့် ကုန်စည်များကို ရောင်းချသောကြောင့် အိန္ဒိယစျေး ဟု ခေါ်ဆိုကြပြီး ကျောက်တော်ဒေသခံများအပြင် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း စသည့်မြို့များမှ စစ်ဘေးရှောင်များလည်း ကုန်ပစ္စည်းရောင်းချကြပြီး ရခိုင်ပြည်အနှံ့မှ လာရောက် စျေးဝယ်လာကြသော ကြောင့် စည်ကားသည်။
ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကားများ၊ တုတ်တုတ်(သုံးဘီးဆိုင်ကယ်)များ၊ ဆိုင်ကယ်များနှင့် လူစည်ကားသည့်နေရာကို ဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်။
စျေးအနီးရှိ ကစ္ဆပနဒီတံတားပေါ်ကိုလည်း ကျရောက်ပေါက်ကွဲခဲ့ပြီး လမ်းသွားလမ်းလာ ပြည်သူများ ထိခိုက်သေဆုံးကြသည်။ တံတားပေါ်တွင် လူ့သွေးကွက်များ တွေ့ရပြီး မီးလောင်ထားသည့် ကား ၊ဆိုင်ကယ်များလည်း တိမ်းမှောက်လျက်ရှိနေသည်ကို ဒေသခံတို့၏ မှတ်တမ်းများ၊ AA ထုတ်ပြန်ထားသည့် ဓာတ်ပုံများ၊ ရုပ်သံဖိုင်များတွင် တွေ့ရသည်။ စျေးဆိုင်ခန်းများသည်လည်း အများအပြားပျက်စီးနေကာ မီးလောင်သွားသည့် ရုပ်အလောင်းများကို ရှာဖွေရခက်ခဲနေသည်။
အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းမှာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး စစ်တပ်အနေဖြင့် တာဝန်ယူမှု၊တာဝန်ခံမှု ရှိရမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်(ULA /AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
“ကျွန်တော်တို့ ULA/AA အနေနဲ့ကတော့ ဒီဖြစ်စဥ်မှာ အသက်ပေးသွားခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ အပြစ်မဲ့ ပြည်သူတွေအတွက် တရားမျှတမှုရရှိဖို့၊ ဒီအကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်တဲ့ အကြမ်းဖက် မြန်မာ့တပ်မတော်နဲ့ ပါဝင်ပတ်သက်သူတစ်ယောက်ချင်းစီကို ဖော်ထုတ်ပြီးတော့ လက်တုံ့ပြန်တိုက်ခိုက်သွားမယ် “ဟု ၎င်းကဆိုသည်။
ထိုကြီးမားသည့် စစ်ရာဇဝတ်မှုမြောက်သည့် အစုလိုက် အပြုံလိုက် သေဆုံးစေသည့် လေကြောင်းမှ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဥ်အတွင်း အမိန့်ပေးသူ၊ အမိန့်လိုက်နာပြီး ပစ်ခတ်တိုက်ခိုက်သူများနှင့် ပါဝင် ပတ်သက်သူများ အားလုံးကို မှတ်တမ်းတင်ထားပြီး မနှေးမကြာအချိန်အတွင်း လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု ULA က ထုတ်ပြန်ထားသည်။

ထို့အပြင် စက်တင်ဘာလ ၂၈ ရက် နံနက် ၇ နာရီကျော်ကလည်း မင်းပြားမြို့နယ် (အဥ္ဇနပူရမြို့) စွန်ရဲရွာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး နှစ်ဦးအပါအဝင် ဒေသခံ ကိုးဦးဒဏ်ရာရရှိသွားသည်။
စစ်တပ်နှင့် AA တို့သည် စစ်မျက်နှာ ခုနစ်ခုတွင် နေ့စဥ်တိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီး စက်တင်ဘာလ ၄ ရက်တွင် စစ်တပ်သည် စစ်တွေ-ပုဏ္ဏားကျွန်းအစပ်ရှိ နေရာ လေးခုမှ AA ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းကို ထိုးစစ်ဆင်ခဲ့သော်လည်း မထိုးဖောက်နိုင်ခဲ့ကြောင်း AA က ဆိုထားသည်။
ရခိုင်စစ်မြေပြင်တွင် စစ်ရှုံးနေသည့် အာဏာသိမ်းစစ်တပ်သည် သူရဲဘောကြောင်စွာဖြင့် ပြည်သူလူထုကို သတ်ဖြတ်နေသည်ဟု စာရေးဆရာ ဝေဟင်အောင်က ဝေဖန်သည်။
“လက်နက်မဲ့ ပြည်သူကို သူရဲဘောကြောင်စွာ သတ်ပြမှ စစ်နိုင်တယ်လို့ ကြွေးကြော်တဲ့ မင်းတို့ စစ်တပ်ကတော့ ပြောဖို့ စကားလုံးတောင် မရှိတော့ဘူး”ဟု ၎င်းကဆိုသည်။
ယမန်နေ့က နိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း လေးမြို့နယ်ခန့်တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုကြောင့် လူသေဆုံးမှု၊ ရာနှင့်ချီ ပျောက်ဆုံးမှုများ ဖြစ်ပေါ်နေချိန်တွင် ရခိုင်ဒေသ လူစည်ကားနေသည့်ဈေးကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုနှင့် စစ်ကိုင်းတိုင်း ကန့်ဘလူနယ်တို့တွင်လည်း ယမန်နေ့တစ်ရက် အတွင်း ဗုံးကြဲခဲ့၍ သေဆုံး ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရသည်။
ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ရခိုင်ဒေသ အပါအဝင် အခြေအနေများအား စစ်တပ်က တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးဘဲ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်များက AA အခြေပြု နေရာများအား တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြနေကြသည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်ကတည်းက စစ်တပ်၏ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ- ၉) အပါအဝင် ကျောက်တော်မြို့ကို AA က အလုံးစုံထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
မကြာသေးခင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် အနီးဝန်းကျင်ကျေးရွာတို့ကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ ၂၅ ရက် အရုဏ်မတက်ခင် နံနက်၂ နာရီခန့်တွင် ဗုံးကြဲခဲ့ရာ အရပ်သားရှစ်ဦး ဒဏ်ရာရရှိ သွားသည်။
ထိုစဉ်ကတည်းက ကျောက်တော်မြို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေရာ အရပ်သား ထိခိုက် သေဆုံးမှုများ၊ စစ်သုံ့ပန်းသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
ယခုနှစ် ဇန်နဝါရီလအတွင်း ကျောက်တော်မြို့နယ်ရှိ AA အကျဥ်းစခန်းတစ်ခု လေကြောင်း ဗုံးကြဲခံရပြီး လသားကလေးအပါအဝင် စစ်တပ် မိသားစုဝင်များ၊ စစ်သုံ့ပန်း ၂၁ ဦး သေဆုံး၊ ၃၀ ဦး ဒဏ်ရာရရှိခဲ့သည်။
အလားတူ ယမန်နှစ် စက်တင်ဘာလက ကျောက်တော်မြို့နယ် သရက်တပင်ရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်စာသင်ကျောင်းကို နံနက် ၁ နာရီခန့်ကဗုံးကြဲခဲ့၍ အထက်တန်းကျောင်းသားအများစု အပါအဝင် ၁၈ ဦး သေဆုံး၊ ၂၀ ဦးခန့် ဒဏ်ရာရသွားခဲ့သည်။
စစ်တပ်က နယ်မြေ အများစု လက်လွှတ်ထားရသော ရခိုင်ဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုများ ယခုနှစ်ဆန်းမှစတင်၍ အရှိန်မြှင့်တိုက်ခိုက်လာပြီး လေယာဉ်အုပ်စုဖွဲ့တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ သံတွဲ၊ ရသေ့တောင်၊ ဂွ၊ ကျောက်တော်၊ မင်းပြားမြို့နယ်တို့ကို စက်တင်ဘာလ ၁၇ ရက်မှ စက်တင်ဘာလ ၂၇ ရက်အထိ စစ်တပ်၏လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံ ခြောက်ဦးသေဆုံး၊ ၁၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ပုဏ္ဏားကျွန်းနှင့် စစ်တွေနယ်၌ AA နှင့် စစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေသည်။
စစ်တပ်သည် စစ်တွေ၊ ကျောက်ဖြူ စစ်မျက်နှာပြင်၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ချင်းပြည်နယ် ပလက်ဝ၊ ရခိုင် စစ်မျက်နှာပြင်နှင့် ရခိုင်ကမ်းရိုးတန်းဘက်တို့တွင် လက်ရှိအသုံးပြုနေသည့် စစ်အင်အားထက် နှစ်ဆ၊ သုံးဆတိုး၍ ကြည်း၊ ရေ၊ လေ ထိုးစစ်ကြီးကို တပြိုင်နက်တည်းလုပ်လာနေသောကြောင့် ယခုနှစ် ဆောင်းဦးတွင် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်ကြောင်း AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် က ပြောထားသည်။





