Connect with us
close

Hi, what are you looking for?

LuduNwayOo

ဘာသာပြန် ဆောင်းပါး

“စစ်​ကောင်စီအတွက် အရင်းအနှီးကြီးတဲ့ အောင်ဇေယျ စစ်ဆင်ရေး”

အောင်ဇေယျ စစ်ဆင်ရေးရဲ့ ကံကြမ္မာဟာ အဲဒီလို နောက်ဆုံးရလဒ်တွေကို ပုံဖော်တဲ့ နေရာမှာ လွှမ်းမိုးမှု ကြီးကြီးမားမား ရှိလာနိုင်တာ အမှန်ပါပဲ။

"စစ်​ကောင်စီအတွက် အရင်းအနှီးကြီးတဲ့ အောင်ဇေယျ စစ်ဆင်ရေး"
"စစ်​ကောင်စီအတွက် အရင်းအနှီးကြီးတဲ့ အောင်ဇေယျ စစ်ဆင်ရေး"

(အပိုင်း-၂)

People’s Spring

နည်းပညာပိုင်း ပိုမိုခေတ်မီ ဆန်းသစ်တဲ့ စစ်တပ်မျိုး ဖြစ်စေဦးတော့၊ အဲဒီလိုမျိုး ရင်းမြစ်ပေါင်းစုံ ပူးပေါင်း အသုံးပြုပြီး ညက်ညက်ညောညော ချီတက်ဖို့ ဆိုတာဟာ အင်မတန် ရှုပ်ထွေးတဲ့ စိန်ခေါ်မှုမျိုး ဖြစ်ပါတယ်။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာမသိမ်းခင် ကာလတွေတုန်းက တပ်မတော် (မြန်မာစစ်တပ်)ကို ခေတ်မီ တပ်မတော်ကြီး တစ်ခုအဖြစ် ဖွဲ့စည်းတည်ထောင်သွားမယ်လို့ အကြိမ်ကြိမ် ကြွေးကြော်ခဲ့ဖူးပါတယ်။ လက်တွေ့မှာတော့ စစ်တပ်ဟာ ခေတ်သစ် စစ်ပွဲတွေကို ကိုင်တွယ် တုံ့ပြန် တိုက်ခိုက်နိုင်တဲ့ အဆင့်အတန်းမြင့် လက်နက်ကိုင် အင်အားစု တစ်ခုရဲ့ အရည်အသွေးမျိုးနဲ့ ဘယ်တုန်းကမှ မနီးစပ်ခဲ့ပါဘူး။

သမိုင်းကြောင်းကို ပြန်ကြည့်ရင် စစ်တပ်ဟာ အဓိက တိုက်ခိုက်ရေး တပ်တွေဖြစ်တဲ့ ခြေမြန်တပ်တွေကိုပဲ အားကိုးပြီး တိုင်းရင်းသား နယ်မြေတွေမှာ တော်လှန်ရေးကို အားပေးတဲ့ ပြည်သူတွေကို ပစ်မှတ်ထားတဲ့ နယ်မြေရှင်းလင်းမှု နာမည်ခံ အဖျက်လုပ်ငန်းတွေကိုပဲ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပါတယ်။ မော်တာလိုမျိုး အသေးစား တာဝေးပစ် စစ်လက်နက်တွေကို သယ်ယူဖို့အတွက် ရွာသားတွေကို ပေါ်တာဆွဲ ခိုင်းစေတာမျိုးတွေနဲ့ ချီတက်ပြီးရံဖန်ရံခါမှာတော့ လက်နက်ကြီးတပ်တွေက ပစ်ကူပေးပါတယ်။ ၂၀၁၂ နောက်ပိုင်းမှာ အသစ်ဝယ်ယူတဲ့ လေယာဉ်တွေကြောင့် လေကြောင်းပစ်ကူကလည်း ပိုအားကောင်းလာပေမယ့် လက်တွေ့ အသုံးချမှုကတော့ အတော်လေး နည်းပါးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ် အခြေစိုက် မြို့တစ်ခုလို့ သတ်မှတ်ရမယ့် မိတ္ထီလာ တဝိုက်မှာ အကြီးစား စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်တဲ့ အခါမှာ သံချပ်ကာ သယ်ယူပို့ဆောင်ရေး ယာဉ်တွေ၊ အသစ်ဝယ်ယူထားတဲ့ စစ်သုံး လက်နက် ယန္တရားတွေ၊ လက်နက်ကြီးတွေ၊ အနိမ့်ပျံသန်းတဲ့ တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကို ပူးပေါင်းပြီး စစ်ကစား လှုပ်ရှားတာတွေ လုပ်လေ့ရှိတယ်။ ဒါဟာ ခေတ်သစ် စစ်ပွဲတွေနဲ့ လျော်ညီတဲ့ ပူးပေါင်း စစ်ဆင်ရေးမျိုး အကောင်အထည် ဖော်နိုင်အောင် စစ်​ကောင်စီတပ်က အားထုတ်နေတယ် ဆိုတာကိုတော့ မြင်သာစေပါတယ်။

သရုပ်ပြ စစ်ရေးလေ့ကျင့်မှုတွေမှာတော့ အဲဒီ ပုံရိပ်တွေက အထင်ကြီးဖို့ ကောင်းနေတာ အမှန်ပါ။ ဒါပေမဲ့လည်း မြေပြန့် ဧရိယာတွေမှာ အချိတ်အဆက်မိပြီး အဆင်ပြေနေဟန် ရှိနေပေမယ့် ကရင်ပြည်နယ်က တောင်တန်းတွေမှာ ချီတက်ရင်း တိုက်ရည်ခိုက်ရည် ပြည့်ဝတဲ့ တော်လှန်ရေး တပ်တွေနဲ့ လက်တွေ့ စစ်ပွဲ ရင်ဆိုင်နွှဲရတဲ့ အခါမှာတော့ စစ်ကောင်စီ အာဘော် ရုပ်မြင်သံကြား ဌာနတွေမှာ ရွှန်းရွှန်းဝေအောင် ဘုံမြှောက် အမွှန်းတင်ထားတဲ့ ခေတ်မီ တပ်မတော်ကြီးလည်း ပါးပါးအလှီး ခံရပါတော့တယ်။

အောင်ဇေယျ စစ်ဆင်ရေးမှာ အမြင်သာဆုံး အားနည်းချက် တစ်ခုကတော့ ပင်မတိုက်ပွဲဝင် တင့်ကား (MBT)တွေကို စစ်ကောင်စီက ထုတ်မသုံးနိုင်တာပါပဲ။ လက်နက်ကြီး ပစ်အားနဲ့ လေကြောင်းပစ်ကူတွေကို ချိတ်ဆက် အသုံးပြုရင်း ခြေလျင်တပ်တွေကို ပံ့ပိုးပေးနေတယ် ဆိုပေမယ့်လည်း တင့်ကားတွေရဲ့ ပစ်အားနဲ့ မာဂုဏ်ဟာ ထိုးစစ်အတွက် ချီတက်နေတဲ့ စစ်ကြောင်းတွေရဲ့ တပ်ဦးကနေ မားမားရပ်တည်ရာမှာ အင်မတန် အသုံးဝင်ပါတယ်။ တင့်ကားတွေရဲ့ နောက်ကနေ သံချပ်ကာ ယာဉ်တွေနဲ့ ခြေလျင်တပ်သားတွေက အကာအကွယ်ယူပြီး ချီတက်တာဟာ နိုင်ငံတကာ စစ်တပ်တွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ ပုံသေနည်း တစ်ခုပါ။ အခုတော့ ယူကရိန်းလုပ် သံချပ်ကာ ယာဉ်တွေက ခြေလျင်စစ်ကြောင်းတွေကို အကာအကွယ်ပေးဖို့ ရှေ့ဆုံးကနေ ချီတက်ရပြီး အရေအတွက် အတိုင်းအတာ တစ်ခုထိ ပစ်ခတ် ဖျက်ဆီး ခံခဲ့ရပြီး ဖြစ်ပါတယ်။ အဲဒီ သံချပ်ကာယာဉ်တွေအစား စစ်ကြောင်းကို ဦးဆောင် ကာကွယ်ပေးဖို့ အစားထိုးမယ့် ပိုမာကျောတဲ့ တင့်ကားတွေလည်း မရှိပါဘူး။

စစ်ဆင်ရေး ဖော်ဆောင်မှုရဲ့ မြန်နှုန်းနဲ့ ဆက်စပ်နေမယ့် စစ်ကောင်စီအတွက် နောက်ထပ် စိန်ခေါ်မှု တစ်ခုလည်း ရှိနေပါတယ်။ အဲဒါကတော့ မိုးရာသီ မတိုင်ခင် စစ်ဆင်ရေး ရည်မှန်းချက်တွေ အောင်မြင်ဖို့ လိုအပ်တယ်ဆိုတဲ့ ဖိအားပါ။ မိုးရာသီက တရွေ့ရွေ့ နီးကပ်လာနေပါပြီ။ မေလကုန်လောက်ကျရင် တိမ်တွေက ပိုပြီး ခပ်နိမ့်နိမ့် ဖြစ်ထွန်းလာမယ်လို့ ယုံကြည်ရပါတယ်။ အဲဒီ အခြေအနေတွေက စစ်တပ်ရဲ့ ထောက်ပံ့၊ လေကြောင်းပစ်ကူကဏ္ဍတွေမှာ အရှုပ်အထွေးတွေ သေချာပေါက် ဖြစ်ပေါ်လာစေမှာပါ။ ဒါ့အပြင် လမ်းမပေါက်တဲ့ ဧရိယာတွေမှာ စစ်သုံးယာဉ်တွေနဲ့ ရွေ့လျား ချီတက်မှုကို ပိုပြီး ခက်ခဲလာစေပါလိမ့်မယ်။ လာမယ့် သီတင်းပတ် တချို့အတွင်း ဒေါနတောင်တန်း အရှေ့ဖက်ကို အောင်အောင်မြင်မြင် မရောက်နိုင်ဘူးဆိုတာ သေချာသွားရင် အောင်ဇေယျ စစ်ဆင်ရေး တစ်ခုလုံးကို ရပ်ပစ်လိုက်ရပြီး ရေစုန်မျောသွားနိုင်တဲ့ ခြိမ်းခြောက်မှုမျိုးလည်း ရှိနေပါတယ်။

လက်ရှိ အခြေအနေတွေကို ကြည့်မယ်ဆိုရင် စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်ဆင်ရေး ဘယ်လို အဆုံးသတ်မလဲ ဆိုတာဟာ မေလကုန်လောက်မှာ တိတိကျကျ အဖြေထွက်လာဖို့ သေချာသလောက်ပါပဲ။ အောက်မှာ ဖော်ပြမယ့်အခြေအနေသုံးခုထဲက တစ်ခုကို အဲဒီအချိန်လောက်မှာ တွေ့လာရဖွယ် ရှိပါတယ်။

ပထမဆုံး ဖြစ်နိုင်ခြေက ပစ်အား၊ တပ်အင်အားနဲ့ ဇွဲနဘဲသန်မှုတွေကြောင့် အဆုံးမှာတော့ စစ်ကောင်စီဟာ စစ်ဆင်ရေး ရည်မှန်းချက် အောင်မြင်သွားတယ် ဆိုတာပါ။ တော်လှန်ရေး တပ်တွေကို ဖောက်ထွက်ပြီး ဒေါနတောင်တန်း တစ်ဖက်စွန်းကို ရောက်သွားပြီး မတ်လတုန်းက KNU နဲ့ PDFတို့ သိမ်းပိုက်ထားရာ သင်္ကန်းညီနောင်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်း​တွေကို ပြန်ထိန်းချုပ်ပါလိမ့်မယ်။ အဲဒီနောက်မှာတော့ ၁၀ ကီလိုမီတာ အကွာက မြဝတီကို ဆက်ချီတက်တော့မှာပါ။

ဒုတိယ ဖြစ်နိုင်ခြေကတော့ ကရင်ပြည်နယ်ရဲ့ တောင်တန်းတွေမှာ အကျအဆုံးတွေ များလွန်းတာကြောင့် စစ်တပ်ဟာ ရှေ့တိုးချီတက်မယ့် အစီအစဉ်ကို မလွှဲမရှောင်သာ လက်လျှော့လိုက်ရပြီး ကော့ကရိတ် တဝိုက်ဆီ ပြန်ဆုတ်ရင်း မိုးရာသီမှာ ခိုလှုံနေခြင်းပါပဲ။

တတိယ ဖြစ်နိုင်ခြေကတော့ KNUရဲ့ တိုက်ခိုက်ရေး အစုအဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဟာ PDFနဲ့ ပူးပေါင်း တိုက်ခိုက်ရင်း စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်ဆင်ရေးကို အောင်အောင်မြင်မြင် ဦးချိုး တွန်းလှန်လိုက်ရုံသာ မကဘဲ ကော့ကရိတ်မှာ စစ်ဆင်ရေး ဌာနချုပ်အဖြစ် ရှိနေတဲ့ တပ်တွေကိုပါ တိုက်ထုတ်လိုက်နိုင်ခြင်းမျိုးပါ။ နောက်ပြီးရင် အနောက်ဖက် ၈၈ ကီလိုမီတာ အကွာမှာရှိတဲ့ ကရင်ပြည်နယ်ရဲ့ မြို့တော် ဘားအံဆီ ချီတက်ဖို့အထိ ရည်မှန်းလာနိုင်ပါတယ်။ မိုးတွင်းကာလ ရောက်ပြီဆိုရင်တော့ ဆုတ်ခွာရတဲ့ အခြေအနေတွေဟာ ပိုပြီး ရှုပ်ထွေးသွားနိုင်သလို ပိုလည်း နှေးကွေးနိုင်ပါတယ်။

ဖြစ်နိုင်ခြေ သုံးခုထဲက ပထမဆုံး တစ်ခုသာ အထမြောက်ခဲ့ရင်တော့ စစ်ကောင်စီအတွက် အပူတပြင်း လိုအပ်နေတဲ့ စိတ်ဓာတ်မြှင့်တင်ရေး ရည်မှန်းချက်မှာ အကြီးအကျယ် အောင်မြင်မှု ရသွားနိုင်ပါတယ်။ လက်ရှိ လမ်းကြောင်းအတိုင်း မိုက်တွင်းဆက်နိုင်နေရင် သေချာပေါက် ရှုံးနိမ့်တော့မယ်လို့ ထင်ကြေးပေး စောင့်ကြည့် ခံနေရတဲ့ စစ်ကောင်စီ ခေါင်းဆောင်တွေဟာလည်း နည်းနည်း အသက်ရှူပေါက် ရသွားပါလိမ့်မယ်။ ဒါတင် မကသေးပါဘူး၊ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းတို့လို အိမ်နီးချင်း နိုင်ငံတွေကပါ စစ်ကောင်စီရဲ့ အရည်အချင်းကို ပြန်ပြီး အသိအမှတ် ပြုလာနိုင်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အဲဒီ နိုင်ငံတွေရဲ့ စစ်ကောင်စီအပေါ် သံတမန်ရေးနဲ့ တခြား ထိတွေ့ဆက်ဆံမှုတွေဟာ ယိမ်းယိုင်လာနေတာကို တွေ့ရပါတယ်။ ဒါကလည်း စစ်ကောင်စီဟာ အာဏာလုထားတဲ့ နေရာမှာ ဆက်မြဲနေဖို့ အရည်အချင်းရှိပါ့မလား ဆိုတာကို သံသယ ဝင်လာတာကြောင့်ပါ။

ပြည်တွင်း အခြေအနေကို ကြည့်မယ်ဆိုရင်လည်း မြဝတီထိ စစ်ကြောင်းချီနိုင်မယ်ဆိုရင် စစ်ကောင်စီဟာ ကရင် စစ်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ စောချစ်သူနဲ့ ဆက်ဆံရာမှာ ပိုပြီး အားကောင်းတဲ့ အနေအထားကို ပြန်ယူပြီး ဒေသတွင်း ငြိမ်ဝပ်ပိပြားရေးအတွက် အာမခံချက် ရှိနိုင်မယ့် အနေအထားကို လက်ဝါးချင်းရိုက်ပြီး ညှိနှိုင်းယူနိုင်ပါလိမ့်မယ်။

လောလောဆယ်မှာ ဘက်မလိုက် ရပ်တည်ပါမယ်လို့ ပြောထားပေမယ့် စစ်တပ်ဟာ အင်အား ၅၀၀၀ လောက်ရှိတဲ့ KNA တဖြစ်လဲ BGFကို အကြောင်းသင့် ပေါင်းဖက်နေဖို့ အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် နယ်စပ်ဒေသတွေမှာ KNUရဲ့ ဩဇာလွှမ်းမိုးနိုင်စွမ်းကို တန်ပြန်ဖို့အတွက် စောချစ်သူရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို စစ်ကောင်စီက လိုအပ်ပါတယ်။ တစ်ဖက်မှာကျတော့ စစ်ကောင်စီဟာ ဆက်လက်ရှင်သန် ရပ်တည်ရေးအတွက် အရမ်းအရေးပါတဲ့ ကျောထောက်နောက်ခံ စူပါပါဝါ တရုတ်ဆီက ဖိအားပေးမှုတွေကိုလည်း ခံနေရပါတယ်။ တရုတ်ဟာ နယ်စပ်ဒေသက ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ ထူထောင်ထားရာ ဒုစရိုက် အင်ပါယာတွေကို အမြစ်လှန်ပစ်ချင်နေပါတယ်။ စောချစ်သူက အဲဒီ ဒုစရိုက်ဂိုဏ်းတွေကို သူ့ရဲ့ ထိန်းချုပ် နယ်မြေတွေမှာ လက်ခံပေးထားပြီး ဝင်ငွေလမ်းဖြောင့်နေတာ ဖြစ်ပါတယ်။

အဲဒီလို မပြတ်မသား အခြေအနေတွေကို ပြောင်းလဲပစ်နိုင်တဲ့၊ ဖြေရှင်းပေးနိုင်တဲ့ ဖြစ်တန်ခြေနှစ်ခု ရှိနေပြန်ပါတယ်။ ပထမ တစ်ခုကတော့ ထိုင်းအစိုးရက နယ်စပ်မှာ ရှိနေတဲ့ ငွေလိမ်ဂိုဏ်းတွေနဲ့ ဒုစရိုက် ဂိုဏ်းတွေကို ကိုယ်တိုင်ကိုယ်ကျ ဖြိုခွင်းဖို့ပါ။ အဲဒီ ဂိုဏ်းတွေ အခြေစိုက်တဲ့ နယ်မြေတွေကို ဆောက်လုပ်ရေး ပစ္စည်းတွေ၊ လျှပ်စစ်ဓာတ်အား၊ အင်တာနက် ချိတ်ဆက်မှုတွေကို ဖြတ်တောက်တာတွေ၊ အဓမ္မ ခိုင်းစေခံနေရတဲ့ လုပ်သားတွေအရေး ဖြေရှင်းပေးတာတွေကို ထိုင်းကိုယ်တိုင်က ဆောင်ရွက်တာမျိုး ဖြစ်ပါတယ်။ တကယ်လို့ ထိုင်းဖက်ကသာ စောချစ်သူရဲ့ ဒုစရိုက် အဝန်းအဝိုင်းကို စိတ်လိုလက်ရ ဖြေရှင်းမယ်ဆိုရင် နေပြည်တော်မှာ ရှိနေတဲ့ စစ်ဗိုလ်ချုပ်တွေအတွက် အတော်လေး ဝန်ပေါ့သွားမယ့် သဘောပါပဲ။

ဒုတိယ ကိစ္စကတော့ စောချစ်သူ လုပ်ကြံခံလိုက်ရတယ်ဆိုတဲ့ အခြေအနေပါ။ ဒီကိစ္စကလည်း ထည့်တွက်ထားသင့်တဲ့ အကြောင်းအရာ တစ်ခုပါ။သူဟာ မတစ်ထောင်သား ဒုစရိုက် ခေါင်းဆောင်တွေနဲ့ ဆက်ဆံနေရသလို ဒုစရိုက်မှုတွေ ထူပြောတဲ့ ကိုယ်ပိုင်နယ်မြေ တစ်ခုကို အုပ်ချုပ်နေတာပါ။ သူ့မှာ အင်မတန် ဩဇာကြီးမားတဲ့ ရန်သူတွေနဲ့ ပြိုင်ဘက်တွေလည်း ရှိနေပါတယ်။

ကော့ကရိတ်ဆီ ပြန်လည် ဆုတ်ခွာပေးလိုက်ရမယ် ဆိုရင်တော့ ဆက်တိုက် နောက်ကောက်ချ ခံနေရတဲ့ စစ်ကောင်စီအတွက် နောက်ထပ် အရှိုက်ထိုး ခံရမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ စစ်တပ်ဟာ ထိုင်းနယ်စပ်ကနေတဆင့် ကုန်စည် စီးဆင်းမှုတွေ ချောချောမောမော ဆက်လက် တည်ရှိနေအောင် တာဝန်ယူနိုင်ပါတယ် ဆိုတာကို ပြသဖို့အတွက် ကော့ကရိတ်နဲ့ ဘားအံကြား ဆက်သွယ်ထားတဲ့ လမ်းကြောင်းကို တော်လှန်ရေး အင်အားစုတွေရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်ပေးထားဖို့ လိုပါတယ်။

အဆုံးသတ် အနေနဲ့ အောင်ဇေယျ စစ်ဆင်ရေးမှာ တတိယမြောက် အာရုံစိုက်သင့်တဲ့ ရှုထောင့်အကြောင်းကို ပြောပါမယ်။ တကယ်လို့သာ စစ်ကောင်စီ တပ်တွေဟာ ပြုန်းတီးအင်အား အမြောက်အမြား ကြုံတွေ့ရပြီး ကော့ကရိတ်ကနေပါ ကန်ထုတ်ခံလိုက်ရပြီ ဆိုရင်တော့ အင်မတန် ချောက်ချားစရာ နောက်ဆက်တွဲ အကျိုးဆက်တွေက စောင့်ကြိုနေနိုင်တယ် ဆိုတာပါပဲ။

ချက်ချင်းလက်ငင်း မြင်လာမယ့် အကျိုးဆက်ကတော့ စစ်ကောင်စီက ထိန်းချုပ်ထားဆဲ အနောက်ပိုင်းက မြို့သုံးခုဟာ အကြီးအကျယ် ခြိမ်းခြောက် ခံလာရပါလိမ့်မယ်။ အဲဒါတွေကတော့ ရန်ကုန်ကို အဝေးပြေးလမ်း တိုက်ရိုက်ပေါက်ရာ ဘားအံမြို့၊ အဲဒီ အဝေးပြေးလမ်းရဲ့ တောင်ပိုင်းမှာ ရှိနေတဲ့ ကော့ဘိန်း နဲ့ မြောက်ပိုင်းမှာ ရှိနေတဲ့ လှိုင်းဘွဲ့တို့ပါပဲ။ မကြာသေးခင်က ကော့ဘိန်းဟာ တော်လှန်ရေး အင်အားစုတွေ လက်ထဲကို ကျရောက်ခဲ့ပါသေးတယ်။

အဲဒီလို အဆုံးအရှုံး ကြီးကြီးမားမားတွေက မြေကြီးလက်ခတ်မလွဲ ဖြစ်ပေါ်လာတဲ့ အဆင့်တော့ မရောက်သေးပါဘူး။ ဒါပေမဲ့ မော်လမြိုင်နဲ့ ရန်ကုန်တို့လို မြို့ကြီးတွေကိုပါ ရထားလမ်း၊ ကားလမ်း ဆက်သွယ်မှုတွေ ထိန်းချုပ်ထားနိုင်တာကို လက်လွှတ်လိုက်ရရင် မဟာဗျူဟာရှုထောင့်မှာဘယ်လောက်ထိ သက်ရောက်မှုတွေ ကြီးသွားနိုင်မလဲ ဆိုတာကို အလွယ်တကူ မှန်းဆလို့ ရပါတယ်။

စစ်ကောင်စီဟာ တအိအိ ပြိုဆင်းသွားမလား၊ ဗဟိုချက်ကနေ ချက်ချင်းပဲ လဲပြိုသွားမလား၊ ဒါမှမဟုတ် ၂၀၂၅ ခုနှစ်ထဲထိ ခေါင်းမာမာ ဆက်လက်တည်တံ့နေရင်း ကြမ်းကြုတ်ရက်စက်မှုတွေ ကျူးလွန်နေဦးမလား ဆိုတာကို မှန်းဆဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ လာမယ့် သီတင်းပတ်တွေအတွင်း အဖြေထွက်လာမယ့် အောင်ဇေယျ စစ်ဆင်ရေးရဲ့ ကံကြမ္မာဟာ အဲဒီလို နောက်ဆုံးရလဒ်တွေကို ပုံဖော်တဲ့ နေရာမှာ လွှမ်းမိုးမှု ကြီးကြီးမားမား ရှိလာနိုင်တာ အမှန်ပါပဲ။ ။

(Asia Times သတင်းဌာနမှာ ​ဆောင်းပါးရှင် အန်​သိုနီ ​ဒေးဗစ်ရဲ့ “Myanmar’s faltering junta in a do-or-die offensive “ဆောင်းပါးကို ဘာသာပြန်ဆို​ဖော်ပြထားတာဖြစ်ပါတယ် ။​ဆောင်းပါး ပါ အာ​ဘော်က ​ဆောင်းပါးရှင်ရဲ့ အာ​ဘော်သာဖြစ်ပါတယ်)

ဆက်စပ်သတင်းများ

သတင်း

မိုးမောက်မြို့အနီးရှိ ခမရ(၄၃၇)တပ်ရင်းကို KIAက မေလ ၉ရက်ကတည်းက ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေးခုခံနေသကဲ့သို့ မံစီ၌ ကျန်နေသည့် ခမရ(၆၀၁)တပ်ရင်းနှင့် ခမရ(၃၁၉) တပ်ရင်းတို့အား ဆက်လက်ထိုးစစ်ဆင်နေသည်ဟု ဆိုသည်။

သတင်း

ဂျာမန်ကုမ္ပဏီ Traton SE၏ လက်အောက်ခံကုမ္ပဏီ MAN SEသည် Sinotruk ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ Sinotruk (Hongkong)တွင် ရှယ်ယာ ၂၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။

သတင်း

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၇ရက်ခန့်တွင် မော်လမြိုင်မြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ဧပြီ ၁၁ရက်တွင် ကော့ကရိတ်မြို့သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ လမ်းပိုင်းတလျှောက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြသည်။

သတင်း

အများပြည်သူသုံးနေရာများသည် GPS (တည်နေရာ) အလွယ်တကူရှာဖွေနိုင်ပြီး လေကြောင်းက အတိအကျတိုက်ခိုက်နိုင်ခြင်းကြောင့် ယခုလို သတိပေးရခြင်းဖြစ်သည်ဟု အဆိုပါဝါရင့်တော်လှန်ရေးခေါင်းဆောင်အချို့ သတိပေးလိုက်ခြင်းဖြစ်သည်။