▪︎BGF ကစစ်ကောင်စီတပ်ကိုခေါ်လာပြီး ခလရ ၂၇၅ တွင်အလံတင်ပေးခဲ့ခြင်းဖြစ်
▪︎အောင်ဇယျ စစ်ကူစစ်ကြောင်းအားပူးပေါင်းတပ်ကဖြတ်တောက်ချေမှုန်းမည်ဟုအသိပေး
ရန်သူဆင်ထားထောင်ချောက်အတွင်းမကျရောက်စေရန်KNLA ဦးဆောင်သော ပူးပေါင်းတပ်များမှာ မြဝတီမြို့မှ ယာယီဆုတ်ခွာပေးထားသော်လည်း စစ်ကူလာနေသော စစ်ကောင်စီတပ်များကိုပြတ်ပြတ်သားသားတိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU)ပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးကပြောကြားလိုက်သည်။
” မြ၀တီမြို့မှာ ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး အနည်းငယ်ရှင်းပြချင်ပါတယ်။ အမှန်မှာက BGF နယ်ခြားစောင့်တပ်ကနေပြီး စစ်ကောင်စီတွေကို ခေါ်လာပြီးတော့ အဲဒီ ၂၇၅ မှာပဲ စစ်ကောင်စီ အလံကို လာတင်ပေးတာဖြစ်ပါတယ်။ ဒီလိုဖြစ်သွားခဲ့တဲ့အပေါ်မှာတော့ အထူးသဖြင့် ဒီလို အင်မတန်မှကို အရေးကြီးတဲ့အခါမျိုးမှာ ရန်သူဆင်ထားတဲ့အကွက်ထဲ မကျရောက်စေဖို့အတွက် ကျနော်တို့ KNLA ပူးပေါင်းတပ်တွေ မြ၀တီမြို့ကနေ ယာယီဆုတ်ခွာပေးလိုက်ရတာဖြစ်တယ်”ဟု KNU ပြောရေးဆိုခွင့်ရှိသူကပြောသည်။
KNLA ၊KNDO ၊ PDF ပူးပေါင်းတပ်တို့ကဧပြီ ၁၁ ရက်က သိမ်းယူထားသော မြဝတီမြို့စောင့်တပ် ခလရ (၂၇၅)တွင် ဧပြီ ၂၃ ရက်က စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်နှစ်ဦးကို ကရင်နယ်ခြားစောင့်တပ် (BGF)ကခေါ်ဆောင်လာပေးပြီး စစ်ကောင်စီက အလံလွှင့်တင်ခဲ့သောဖြစ်ရပ်အပေါ် KNU ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်သောပဒို စောတောနီးကရှင်းပြသည်။ BGF ဘက်ကမူ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးက ခလရ ၂၇၅ညသို့သွား၍ အလံတင်ပြီး ဓါတ်ပုံ၊ဗီဒီယိုသာရိုက်ခဲ့ပြီးတပ်မစွဲဘဲ အမှတ် (၂ ) တံတားအနီးမှာပင်တပ်စွဲထားသည်ဟုဖေဖော်ဝါရီ ၂၃ ကဆိုသည်။
ထိုကြောင့် KNLA ပူးပေါင်းတပ်များ မြဝတီမှယာယီဆုတ်သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာနေသော စစ်တပ်စစ်ကူစစ်ကြောင်းကိုမူ ဖြတ်တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိပေးသည်။
“အခြားတစ်ဖက်မှာတော့ မြ၀တီမြို့ကို နိုင်ငံအဆင့် အောင်ဇေယျ စစ်ဆင်ရေးနဲ့ မရ ၊အရ ပြန်သိမ်းမယ်လို့ ကြုံးဝါးပြီး ဒရောသောပါး ထိုးစစ်ဆင်လာတဲ့ နယ်ချဲ့ စစ်မိစ္ဆာ စစ်ခွေးနဲ့ အပေါင်းအပါ အားလုံးကိုတော့ တွေ့ရာ သင်္ချိုင်းဓားမဆိုင်းဘဲကျွန်တော်တို့ KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေအားလုံးကနေ ဒီ စစ်ကူတပ်တွေကို ပြတ်ပြတ်သားသား ရိုက်ချိုး ဖြတ်တောက်ပြီး တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တယ်”ဟု ပဒိုစောတောနီးက ဆက်ပြောသည်။
အဆိုပါစစ်ကောင်စီ စစ်ကူစစ်ကြောင်းမှာ ဧပြီ ဒုတိယပါတ်ကတည်းက ထွက်ခွာလာပြီး ကော့ကရိတ် မြို့အကျော် ရောက်လာသော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏တိုက်ခိုက်မှုကြောင့် ဒေါနတောင်ခြေမှာပင် သေဆုံးထိခိုက်မှုများပြီး ရှေ့မတိုးနိုင်ဘဲဖြစ်နေသည်မှာတစ်ပါ်ကျော်ရှိပြီဖြစ်သည်။
“ကျနော်တို့ တိုင်းပြည် တစ်ပြည်လုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်စနစ်နဲ့ မည်သည့် အာဏာရှင် စနစ်ကို မဆို ကျနော်တို့ ရဲ ဦးတည်ချက်က ဒီမြ၀တီမြို့ ကွက်ကွက်လေးကိုပဲ ကြည့်နေတာမဟုတ်ဘူး ။ ဘယ်လောက်အခက်အခဲအကျပ်အတည်းတွေရှိနေပါစေ ကျနော်တို့ အားလုံး ပြန်လည်ရုန်းထပြီးတော့ ဒီမပြီးသေးတဲ့ ဒီခရီးလမ်းကို ဆုံးခန်းတိုင်အောင် ငါတို့ ပြည်သူလူထုနဲ့အတူ တိုက်ပွဲဝင်သွားမယ်။ ဒီတိုင်းပြည်ကို အုပ်ချုပ် သူပြောင်းလဲရေး Regime Change တစ်ခုတည်းနဲ့ တိုက်ပွဲဝင်နေတာမဟုတ်ဘဲ အဘက်ဘက်က ပျက်စီးယိုယွင်းနေတဲ့ စနစ်အားလုံး ပြောင်းလဲပစ်ရေးဆိုတဲ့ System Change ဖြစ်ပေါ်လာရေးအတွက် အင် တိုက်အား တိုက်နဲ့ တစ်စိုက်စိုက် မတ်မတ် ဦးတည်တိုက်ပွဲ ဝင်သွားမယ်ဆိုတာ ဒီနေရာကနေ ရှင်းလင်းတင်ပြချင်ပါတယ်”ဟု KNU ဗဟိုအလုပ်အမှုဆောင်ပဒိုစောတောနီးက ရှင်းလင်းပြောကြားသည်။
KNU/ KNLA ဦးဆောင်သော ပူးပေါင်းတပ်များက မတ်လ ၇ ရက်မှစ၍ မြဝတီ နှင့် သဃ်န်းညီနောင်ရှိ ခလရ ၃၅၅ ၊ ခလရ ၃၅၆ ၊ ခလရ ၃၅၇ ၊ သဃ်န်းညီနောင်ဗျူဟာ ၊ ကျိုက်ဒုံဗျူဟာ ၊ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တို့ကို ဆက်တိုက် ထိုးစစ်ဆင်သိမ်းယူခဲ့သည်။ ခလရ ၂၇၅ ကို တိုက်ခိုက်သိမ်းပိုက်ပြီးသော်လည်း မြဝတီမြို့ပေါ်တွင် တပ်စွဲခြင်းမရှိဘဲ BGF ကမြို့လုံခြုံရေးဆောင်ရွက်ခဲ့သည်။
ခလရ( ၂၇၅) မှ စစ်ကောင်စီတပ်များမှ စခန်းတိုက်ခိုက်ခံရပြီး ဧပြီ ၁၀ ရက်ညကတည်းက မြဝတီ အမှတ် ၂ တံတားအနီးသို့ထွက်ပြေး ဆုတ်ခွာခဲ့သည်။ထိုစစ်ကောင်စီတပ်ကို ပူးပေါင်းတပ်က ဧပြီ ၁၉ ညနှင့် ဧပြီ ၂၀ ရက်တွင် အမှတ် ၂ တံတားအနီးထပ်မံတိုက်ခိုက်ခဲ့သည်။ထိုနောက် ပူပေါင်းတပ်မှာ အမှတ် (၂)တံတားအနီးမှစစ်ကောင်စီတပ်အား ထိုးစစ်ဆင်တိုက်ခိုက်မှုကိုဧပြီ ၂၁ ရက်နံနက်တွင် ခေတ္တရပ်နားပြီး ဆုတ်ခွာခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃၀ ထက်မနည်းသေဆုံးပြီး၊ တပ်မ ၄၄ ဗျူဟာမှူးအပါအဝင် ၃၀ ထက်မနည်းဒဏ်ရာရရှိကြောင်း KNU ကထုတ်ပြန်ထားသည်။
(KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး /ခလရ (၂၇၅)အတွင်းပူးပေါင်းတပ်များနယ်မြေရှင်းလင်းစဥ်/ ဒေါနတောင်ခြေတွင် စစ်တပ်ယာဥ်တန်းသံချပ်ကာနှင့်စစ်ကားတို့ကို KNLA ဦးဆောင်သော ပူးပေါင်းတပ်ကဧပြီ ၂၁ ရပ်တွင် သိမ်းဆည်းခဲ့စဥ်။ဓါတ်ပုံ-The Reporters ၊ KNU)