Connect with us
close

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

လက်အောက် ငယ်သားသုံးရာကျော်အသက်ကယ်တင်ပေးခဲ့သည့် ​ခေါင်း​ဆောင်ကို ပြည်သူချီးကျူး

လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များမှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦးပါဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁၇ ဦး လက်နက်ချအလင်းဝင်ခဲ့သည့်သတင်းကို MNDAA က ဇူလိုင် ၂၃ ရက်တွင်ထုတ်ပြန်ခဲ့သည်။

တော်လှန်ရေးတပ်များထံလက်နက်ချ အလင်းဝင်ခဲ့သော ဒုတိယဗိုလ်မှူးကြီးဝင်းနိုင်မိုး အပါအဝင် အရာရှိနှင့်တပ်ဖွဲ့ဝင် ၃၀၀ ကျော်ကိုတွေ့ရစဥ်။ ဓါတ်ပုံ-The Ko Kang

မိထက်/People’s Spring

လားရှိုးမြို့တိုက်ပွဲ၌ တပ်ဖွဲ့ဝင်သုံးရာကျော်၏ အသက်ကိုငဲ့ညှာပြီး သူကိုယ်တိုင်ဦးဆောင်ကာ MNDAAထံ လက်နက်ချအလင်းဝင်သွားခဲ့သည့် ဒုတိယဗိုလ်မှူးကြီးကို တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုက ချီးကျူးကြသည်။

လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များမှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦးပါဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁၇ ဦး လက်နက်ချအလင်းဝင်ခဲ့သည့်သတင်းကို MNDAA က ဇူလိုင် ၂၃ ရက်တွင်ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

လက်အောက်ငယ်သား ၃၀၀ ကျော်ကို ဉီးဆောင်ခဲ့သူသည် စစ်တက္ကသိုလ်အပတ်စဉ် (၄၀)ဆင်း ဒုတိယဗိုလ်မှူးကြီးဝင်းနိုင်မိုးဖြစ်ကြောင်း People’s Spring က စုံစမ်းသိရှိရသည်။

ဒုတိယဗိုလ်မှူးကြီးဝင်းနိုင်မိုးသည် ပြည်သူလူထုဘက်သို့မျက်နှာမူ ၍ အလင်းဝင်လိုက်ခြင်းကြောင့် ၎င်းအား ပြည်သူများ နှင့် တော်လှန်ရေးအင်အားစုများကချီးကျူးဂုဏ်ပြုခဲ့ကြခြင်းဖြစ်သည်။

“စုံးစုံးမြုပ်လာနေတဲ့ သင်္ဘောပျက်ကြီးပေါ်က အမြန်ဆုံး ခုန်ချနိုင်တဲ့သူဟာ အသက် ချမ်းသာရမှာ ဖြစ်ပါတယ်။ပြည်သူများကလည်း အမှန်တရားဘက်ကို ရပ်တည်လာသူ၊ ပြည်သူ့ရင်ခွင် ခိုလှုံလာသူအပေါင်းကို နွေးထွေး၊ လှိုက်လှဲပျူငှာစွာ စောင့်ကြိုလျက်ပါ”ဟု လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ဇူလိုင် ၂၃ရက် နေ့ညနေပိုင်း၌ ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“ဒုဗိုလ်မှုးကြီးဆိုသူတယောက်က လူ့အသက်သုံးရာကျော်ကိုကယ်တင်သွားယုံသာမက အဲ့ဒီသုံးရာကျော်ရဲ့သမိုင်းကိုလှအောင်ပုံဖော်ပေးလိုက်တာပဲ။အရှည်တွေးကြည့်ရင် ထိုသုံးရာရဲ့မယားတွေလည်း မုဆိုးမ မဖြစ်တော့ဘူး သူတို့သားသမီးတွေလည်း ဖခင်မဲ့မဖြစ်တော့ဘူး။ဘယ်လောက်တော်တဲ့ခေါင်းဆောင်လဲ”ဟု လက်အောက်ငယ်သားများ၏အသက်ကို ငဲ့ကွက်ပြီး လက်နက်ချ အလင်းဝင်ရန်ဆုံးဖြတ်ခဲ့သော ဒုဗိုလ်မှူးကြီးကို ပြည်သူတစ်ဦးကချီးကျူးသည်။

အခြားပြည်သူတစ်ဦးကလည်း “ရခိုင်မှာဗျူဟာမှူးအမှာကြောင့်အများကြီးသေရတာကိုသူတို့လည်း ကြားရသိရတော့အမြင်မှန်ရကြပြီပေါ့။ ဆုံးဖြတ်ချက်အမှန်က ​ ကျေနပ်စရာပါ”ဟုပြောသည်။

MNDAA ထံလက်နက်ချ အလင်းဝင်​သော စစ်​ကောင်စီတပ်မှ အရာရှိနှင့် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ- MNDAA

လားရှိုးမြို့တိုက်ပွဲအတွင် ရက်အတန်ကြာပိတ်မိခဲ့သည့် ဒေသခံတစ်ဦးက တိုက်ပွဲများအမြန်ဆုံးရပ်တန့်နိုင်ရေးနှင့် စစ်အာဏာရှင်ပြုတ်ကျပြီး တော်လှန်ရေးအင်အားစုများ၏ အောင်ပွဲများကို အမြန်ဆုံးရရှိရေးအတွက် ယခုကဲ့သို့ စစ် ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအလင်းဝင်ခြင်းအတွက် ကျေးဇူးတင်သည်ဟု ဆိုသည်။

“ကျမတို့ ဘဝတွေက ရှမ်းပြည်နယ်မှာ ၅ ရက်တခါဖွင့်တဲ့ ဈေးလို ပေါပေါသောသောမဟုတ်ဘူး။ အိုးပစ်အိမ်ပစ်ပြေးကြရတာ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အသိတရားအမြန်ရရင် ပွဲအမြန်ပြီးမယ်။ တပြုံတမကြီးအလင်းဝင်တဲ့သတင်းကြားရတာ အရမ်းဝမ်းသာပါတယ်”ဟု ဖွင့်ဟထားသည်။

ဒုတိယဗိုလ်မှူးကြီးဝင်းနိုင်မိုးဦးဆောင်သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်သံမှတ်တမ်းကို MNDAA က ထုတ်ဖော်ပြသရာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး၏ မျက်နှာများ ကြည်ကြည်လင်လင်ရှိနေသည်ကိုတွေ့ရသည်။ ဒုတိယဗိုလ်မှူးကြီးဝင်းနိုင်မိုးကိုယ်တိုင်လည်း သက်တောင့်သက်သာဟန်ဖြင့် MNDAAအရာရှိကို လက်စွဲနှုတ်ဆက်နေသည်။

” တိုက်ပွဲမှာ မိတဲ့သူတွေ၊ သေတဲ့သူတွေရဲ့ ရုပ်တွေကိုကြည့်။ လူရုပ်မပေါ်ဘူး။ ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ ပြည်သူဆီ အလင်းဝင်လာတဲ့သူတွေက ကြည်လင်နေတာပဲ”ဟု ၁၀၂၇ စစ်ဆင်ရေးနှင့်နီးစပ်သည့် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

သို့သော်စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များကမူ လက်နက်ချစစ်သားများသည် လားရှိုးမှမဟုတ်ဘဲ ၁၀၂၇ ပထမလှိုင်း လောက်ကိုင် တွင်လက်နက်ချခဲ့သူများဖြစ်သည်ဟုဝါဒဖြန့်ခဲ့သည်။

ဒုတိယဗိုလ်မှူးကြီးဝင်းနိုင်မိုးတို့က၎င်းတို့အနေဖြင့် စစ်ကောင်စီအားပြန်လည်တိုက်ခိုက်သည့်တိုက်ပွဲများ၌ ပါဝင်လိုသည်ဟုအသိပေးထားကြောင်း MNDAAက ထုတ်ပြန်ထားသည်။ မည်သည့်တပ်ရင်းမှ အလင်းဝင်လာသည်ကို MNDAAက ထုတ်ပြန်ထားခြင်းမရှိသော်လည်း လားရှိုးမြို့ အမှတ်(၁၁) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ အလင်းဝင်လာခြင်းဟု စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

MNDAA ထံလက်နက်ချ အလင်းဝင်​သော စစ်​ကောင်စီတပ်မှ အရာရှိနှင့် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ- MNDAA

အမှတ်(၁၁) စစ်အခြေခံလေ့ကျင့်ရေးတပ် MNDAAက ဇူလိုင်လ ၁၂ ရက်တွင် တိုက်ခိုက်စဉ် စစ်သုံ့ပန်းများဖမ်းမိထားကြောင်းနှင့် စစ်ကောင်စီမိသားစုဝင်များကို ဘေးကင်းရာသို့ပို့ဆောင်ခဲ့ကြောင်း MNDAAကသတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြာသည် MNDAA ၏ ရှေ့တန်းတပ်ဖွဲ့ သို့လာရောက်လက်နက်ချကြပြီး ကိုယ့်ဆန္ဒအလျောက် လက်နက်ချပြီး အလင်းဝင်လာသူများအတွက် လူသားချင်းစာနာမှုများ ပေးပြီးအသက်ကိုအာမခံချက်အပြည့်ဝပေးမည်ဟု MNDAAက စစ်မြေပြင်မှစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုကမ်းလှမ်းထားသည်။

ရဟတ်ယာဉ်၊ ပို့ဆောင်ရေးလေယာဉ်စသည်ဖြင့်လေယာဉ်များဖြင့် အလင်းဝင်လာပါက ဆုငွေ ကျပ် ၁၀၀၀ဝ သိန်း ချီးမြှင့်မည့်အချက်အပါအဝင် တပ်သားအဆင့်မှ အရာရှိအဆင့်ဆင့်ထိ အလင်းဝင်လာမည့်သူများအား ဆုငွေချီးမြင့်မည့် ကြေညာချက်ကို MNDAAက ထုတ်ပြန်သည်။

အလင်းဝင်လိုသူများအနေဖြင့်

ကိုအောင်

Telegram – +၉၄ (၇၇) ၆၃၈၁၃၈၉

Wechat – zhangjun12208

ဇော်နိုင်

ဝ၉၈၈၄၃၆ဝ၅၄၇ သို့

ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

ခလရ (၄၁) ၊ ခလရ(၆၈)၊ ခမရ (၅၀၇ )တို့သာမက MNDAA ဦးဆောင်သော ပူးပေါင်းတပ်သည် ဇူလိုင် ၂၅ ရက်မနက်အစောပိုင်းတွင် လားရှိုး အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ခမရ )ကိုယ်ပင်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းကြေညာသည်။ ဇူလိုင် ၃ မှစတင်သော MNDAA ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင် ရက်ပေါင်း ၂၃ ရက်အကြာတွင် လားရှိုးမြို့ လုံးဝ လွတ်မြောက်ကြောင်း MNDAA ၏ ရှေ့တန်းစစ် ဌာနချုပ်ကကြေညာလိုက်သည်။

လားရှိုးမြို့သိမ်းတိုက်ပွဲတွင်ပါဝင်တိုက်ခိုက်နေသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ ကွပ်ကဲရေးမှူး မောင်ဆောင်းခက “လက်ကျန််နေရာတချို့ကို အပြီးသတ်သိမ်းပိုက်ဖို့နဲ့ ထွက်ပြေးနေတဲ့ရန်သူတွေကို ဖမ်းဆီးဖို့သာ အဓိက ကျန်ပါတယ်” ဟု ဇူလိုင်လ ၂၅ရက်နံနက်ပိုင်းတွင် လူမှုကွန်ရက်မှာတစ်ဆင့် အသိပေးထားသည်။ BPLA တပ်ဖွဲ့ဝင်များ လားရှိုးမြို့အဝင် ဆိုင်းဘုတ် အနီး BPLA တပ်တော်အလံဖြင့်အောင်ပွဲခံနေပုံကိုပါ ပိုစ်တွင် ဖော်ပြထားသည်။

တော်လှန်ရေးတပ်များထံလက်နက်ချ အလင်းဝင်ခဲ့သော ဒုတိယဗိုလ်မှူးကြီးဝင်းနိုင်မိုး အပါအဝင် အရာရှိနှင့်တပ်ဖွဲ့ဝင် ၃၀၀ ကျော်ကိုတွေ့ရစဥ်။ ဓါတ်ပုံ-The Ko Kang

စစ်ကောင်စီကမူ လားရှိုးမြို့မကျသေးကြောင်းငြင်းဆိုသည်။ ဒေသခံများက မြို့တွင်း တိုက်ပွဲများ ပြင်းထန်းစွာဖြစ်ပွားနေပြီ နေရာအများစုကို MNDAA ဦးဆောင်သောပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီဖြစ်ကြောင်းပြောသည်။ ထိုကြောင့် လားရှိုးမြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သော်လည်း တိုက်ပွဲများမှာမူဆက်လက်ဖြစ်နေဆဲဖြစ်သည်။

လားရှိုးမြို့ခံအများအပြားသည် မြို့ကိုစွန့်ခွာထွက်ပြေးနေကြရပြီး ကိုယ့်အိမ်ကိုယ့်ယာသို့ အမြန်ဆုံးပြန်လာချင်နေကြသည်။ မြို့၌ကျန်ရှိနေသူများကလည်း တိုက်ပွဲအမြန်အဆုံးသတ်စေလိုကြသည်။ နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင်လည်း အာဏာလု စစ်ကောင်စီတပ်သည် ရှုံးပွဲဆက်ကာ စစ်ဦးကျိုးနေပြီဖြစ်သည်။ထိုကြောင့် နိုင်ငံတစ်ဝန်းတော်လှန်ရေးတပ်များက မြို့ပေါ် ၇၀ ကျော်ကို သိမ်းပိုက်ထားကာ ယခုနောက်ပိုင်းထိုးစစ်အရှိန်မှာပိုမြင့်လာနေပြီဖြစ်၏ ။

ထို့ ကြောင့် စစ်သားများအနေဖြင့် ၎င်းတို့အသက် ၊ မိသားစုဝင်များ ဘဝ နှင့်လက်အောက်ငယ်သားများ၏ အသက်ကို တန်ဖိုးထားလျင် စစ်သား၃၀၀ ကျော်အသက်ကိုကယ်တင်ပေးခဲ့သော ဒုတိယဗိုလ်မှူးကြီးဝင်းနိုင်မိုးကဲ့သို့လက်နက်ချရန် ပြည်သူများကတိုက်တွန်းနေကြသည်။

“အာဏာရူးရဲ့ အမိန့်ကို့ မနာခံဘဲ အမြန်ဆုံးအလင်းဝင်ပေးစေချင်ပါတယ်” ဟု မန္တလေးမြို့တွင်လာရောက်စစ်ဘေးရှောင်နေရသည့် လားရှိုးမြို့ခံတစ်ဦးကပြောပါသည်။ ။

ဆက်စပ်သတင်းများ

သတင်း

ဇူလိုင် ၂၅ရက် ညနေပိုင်းတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် အဆောက်အအုံထိခိုက် ပျက်စီးမှုများ ရှိခဲ့ပြီး လူထိခိုက်သေဆုံးရှိ၊မရှိ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

သတင်း

လားရှိုးက စစ်ဆင်ရေးတွေရပ်ဖို့ MNDAAကို Asia World ကုမ္ပဏီက စာရေးသားတောင်းဆိုပြီး နှစ်ရက်အကြာမှာပဲ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ် ဌာနချုပ် (ရမခ)ကို သိမ်းပိုက်ပြီး လားရှိုးမြို့ လုံးဝလွတ်မြောက်ပြီလို့ MNDAA ကကြေညာလိုက်ပါတယ်။

Fact-Check

စစ်ကောင်စီရဲ့ ဝါဒဖြန့်လူမှုကွန်ယက်စာမျက်နှာတွေမှာ MNDAA တပ်ဖွဲ့ဝင်တွေ လေကြောင်းက တိုက်ခိုက် ခံရလို့ အများအပြားသေဆုံးနေတယ်ဆိုပြီး သေဆုံးနေတဲ့ အလောင်းပုံပါ ရုပ်သံဖိုင်တခု ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

သတင်း

တိုင်းစစ်ဌာနချုပ်အား ပထမဆုံးသိမ်းပိုက်နိုင်ခြင်းဖြစ်