မက်ကစံ၊ သတိုး/People’s Spring
ဂျပန်စက်ဘီးအဟောင်းလေးတွင် ပီနံအိတ်အဖြူ ကိုဖြတ်၍လုပ်ထားသည့် အလံဖြူနှစ်ခုတပ် ကြိုးဖြင့် ချီလိုက်သည်။ စက်ဘီးလက်ကိုင်တစ်ဘက်စီတွင် သေနတ်တစ်လက်စီ ချိတ်ထား၏။ နောက်ရှိ ထိုင်ခုံတွင်တော့ ပစ္စည်းများထည့်ထားသော ကျောပိုးအိတ်တစ်တစ်လုံး တင်ထားသည်။ ကျန် သေနတ်နှစ်လက်ကိုတော့ တစ်ဦးစီယူဆောင်ပြီး ရှေ့တည့်တည့် မျက်နှာမူရာအရပ်ဆီ ခရီးဆက်ရန် ပြင်လိုက်ပါသည်။ အမှန်တော့ ဂျပန်စက်ဘီးလေးမှာသူတို့ စက်ဘီးမဟုတ်ပါ။လမ်းတွင်တွေ့သောရွာရှိအိမ်တစ်အိမ်မှယူဆောင်ခဲ့ကြခြင်းဖြစ်သည်။
၂၀၂၄ မေလ ၁၅ရက်က ဖြစ်၏။ ပူပြင်းလှသော နေရောင်အောက်တွင် အလံဖြူတလွှင့်လွှင့်ဖြင့် ကရင်ပြည်နယ်ရှိ အာရှလမ်းမကြီးထက် မြဝတီမြို့သွားရာလမ်းအတိုင်း ဦးတည်နေခြင်းဖြစ်ပါသည်။ စက်ဘီးမှာလည်း ရှေ့ဘီး၊နောက်ဘီး လေမပါသဖြင့် တွန်းလာရသည်မှာ ခရီးပို၍ လေးလံနေသည်။ သို့သော် ရှေ့တွင်တော့ ဦးတည်ရာရှိနေပြီး ရောက်တော့မည်လည်းဖြစ်သည်။
မေလ၏ ပူပြင်းသော အပူချိန်အောက်တွင် ၂ နာရီကြာလမ်းလျှောက်ပြီးနောက် ညနေ ၃နာရီခန့်တွင် အာရှလမ်းမကြီးဘေးတစ်နေရာ၌ သေနတ်များကိုင်ဆောင်ထားသော လူငယ် ငါးဦးခန့်နှင့် စတွေ့ပါတော့သည်။ ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား တားဆီးတိုက်ခိုက်နေသော နာမည်ကျော် ကော်ဘရာစစ်ကြောင်း နှင့်ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်များ ဖြစ်သည်။ အဆိုပါ လူငယ်ငါးဦးအနက် တစ်ဦး အနီးရောက်လာချိန်တွင်တော့ ဦးစွာစကားပြောဆို လိုက်ပါသည်။

Public Service Announcement
“အကိုတို့ရေ ကျနော်တို့ အလင်းဝင်ဖို့လာတာပါ”ဟု ကိုနိုင်အေးနှင့် ကိုတင်မိုးအောင်က ပြောလိုက်သည်။
အသက်(၂၀)နှစ်အရွယ် ကိုနိုင်အေးနှင့် အသက်(၂၄)နှစ်အရွယ် ကိုတင်မိုးအောင်တို့သည် ၄ ရက်ခရီးဖြင့် မြဝတီမြို့သို့အရောက်ချီတက်မည်ဆိုသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း တပ်မ(၅၅)၏ လက်အောက်ခံ ခမရ (၁၁၂ )တပ်ရင်းမှ တပ်သားနှစ်ဦး ဖြစ်သည်။
ကိုနိုင်အေးသည် ဧရာဝတီတိုင်း၊ လပ္ပတ္တာမြို့ဇာတိဖြစ်ပြီး၊ ကိုတင်မိုးအောင်က နေပြည်တော်မြို့ ဇာတိဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် ၂၀၂၃ ဇွန်လက စစ်ကောင်စီ၏ စစ်သားစုဆောင်းရေးတွင် ပါသွားခဲ့ပြီးနောက် တပ်မ(၅၅)သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ရှမ်းမြောက်၌ ညီနောင်သုံးဖွဲ့၏ ၁၀၂၇စစ်ဆင်ရေးအတွင်း လောက်ကိုင်မြို့၌ တပ်မ(၅၅)နှင့်အတူ သွားရောက်ခဲ့ရပြီး လက်နက်ချအညံ့ခံပြီးအပြန် ခဏသာနားခဲ့ရသည်။ စစ်ဆင်ရေးတစ်ခုသွားရမည်ဆိုကာ ဧပြီလဆန်းတွင် ကရင်ပြည်နယ်သို့ စစ်ကောင်စီ ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် ကွပ်ကဲသည်ဆိုသော နိုင်ငံတော်အဆင့်စစ်ဆင်ရေး အောင်ဇေယျ စစ်ကြောင်း သို့ ပို့ဆောင်ခံရသူ နှစ်ဦးဖြစ်ပါသည်။
ကရင်ပြည်နယ်ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းအား တော်လှန်ရေးပူးပေါင်းအဖွဲ့များကဘ၂၀၂၄ မတ်လနှင့် ဧပြီလတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ထို့နောက် တပ်မ ၅၅ အောက်ရှိတပ်ရင်း များစွာပါဝင်သော အောင်ဇေယျစစ်ကြောင်း ကိုမော်လမြို့င်မြို့မှ မြဝတီမြို့ လေးရက်ဖြင့်အရောက်သွားရမည်ဆိုကာ ဧပြီ ၉ရက်က စတင်စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
တပ်မ(၅၅)ဦးဆောင်သော အင်အား ၁၂၀၀ ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးလေဆိပ်မှတဆင့် မော်လမြိုင်မြို့မှ ချီတက်လာခြင်းဟု အဆိုပါ စစ်ကြောင်းမှ အလင်းဝင်လာသူ ကိုတင်မိုးအောင်က ဖွင့်ဟသည်။ မောင်လမြိုင်မြို့မှ စတင်ထွက်ခွာလာပြီး ကရင်ပြည်နယ်သို့ ရောက်ရှိချိန်မှာပင် တော်လှန်ရေးတပ်အသီးသီး၏ တားဆီးတိုက်ခိုက်မှုကြုံခဲ့ရပြီး ဒေါနတောင်ခြေအရောက်တွင်တော့ တပ်မ(၅၅)၏ ဖွဲ့စည်းပုံပျက်သွားသည်အထိ တိုက်ခိုက်ခံရမှုကြုံတွေ့ခဲ့ရသည်ဟု ကိုတင်မိုးအောင်နှင့်အတူ အလင်းဝင်လာသူ ကိုနိုင်အေးက ပြောသည်။
ကိုနိုင်အေးက တိုက်ခိုက်ရေးအဖြစ် စစ်ကြောင်းတွင် ရှေ့မှ ချီတက်ရသူဖြစ်ပြီး ကိုတင်မိုးအောင်က နောက်တန်း၌သာ နေရသူဖြစ်သည်။ တစ်ပတ်ကျော်ကြာ တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုခံရချိန်မှာတော့ အောင်ဇေယျစစ်ကြောင်းရှိ နောက်တန်းမှ ကိုတင်မိုးအောင်အပါအဝင် လူငယ်စစ်သား ၁၈ဦးမှာ ထွက်ပြေးခဲ့ကြသည်။ နယ်မြေမကျွမ်းကျင်ခြင်းကြောင့် ၎င်းတို့မှာ စစ်ကောင်စီ၏ ပြန်ဖမ်းဆီးမှုခံခဲ့ရပြီး ငါးရက်ကြာ ချုပ်နှောင်ခံခဲ့ရသည်ဟု ကိုတင်မိုးအောင်က ဖွင့်ဟသည်။
အောင်ဇေယျစစ်ကြောင်းရှိ လူငယ်စစ်သားအချို့မှာ ထွက်ပြေးရန်စဥ်းစားနေကြသော်လည်း အဆက်အသွယ်နှင့် ဖုန်းသုံး၍ မရခြင်းကြောင့် အခက်တွေ့နေရသည်ဟု အလင်းဝင်လာသူ နှစ်ဦးက ဆိုသည်။
“ တပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နာမည်ကြီးပဲ ခေါ်နေတဲ့သူတွေ ရှိတယ်။ အမေစုမှအမေစုဆိုပြီး ရှိတဲ့သူတွေ အများကြီးပါတယ်။ အခုနောက်ပိုင်း အဆွဲခံရတဲ့လူငယ်တော်တော်များများ တိုက်ချင်တဲ့သူမရှိဘူး။ အဲဒါကြောင့် တောင်ကုန်းကို မတက်နိုင်တာ”ဟု ကိုနိုင်အေးက ဖွင့်ဟသည်။
ထို့နောက် ဧပြီ ၃ရက် တိုက်ပွဲတွင် အောင်ဇေယျစစ်ကြောင်း၏ ခလရ(၉၄)၏ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဝင်း အပါအဝင် အောင်ဇေယျစစ်ကြောင်းမှာ သေဆုံးမှုများခဲ့သည်။ အလင်းဝင်လာသူ ကိုနိုင်အေးနှင့် ကိုတင်မိုးအောင် ပြောပြချက်အရ အောင်ဇေယျစစ်ကြောင်းမှာ ခလရ(၉၄)၏ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဝင်း အပါအဝင် ဗိုလ်ကြီး၊ဗိုလ် ၊တပ်သား စုစုပေါင်း ၁၈၀ခန့် သေဆုံးပြီး ၄၀၀ကျော် ဒဏ်ရာရရှိထားသည်ဟု ဆိုသည်။ ၄ရက်ဖြင့် မြဝတီအရောက်ချီတက်မည်ဟု ကြွေးကြော်ခဲ့သော်လည်း နှစ်လခွဲကျော်သည်အထိ ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော် ဘုရားကုန်းတွင် ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိနေခြင်းဖြစ်သည်။
အဆိုပါ အခြေအနေများကြောင့် ကိုနိုင်အေးနှင့် ကိုတင်မိုးအောင်တို့မှာ ထွက်ပြေးရန်နှင့် တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းရန် အမြဲစဥ်းစားတိုင်ပင်နေတော့သည်။
မေလ ၆ရက်တွင်တော့ ကိုနိုင်အေးက သေနတ် သုံးလက်ယူဆောင်ပြီး သူငယ်ချင်းဖြစ်သူ ကိုတင်မိုးအောင်အား ခေါ်ဆောင်ခဲ့သည်။ ကိုတင်မိုးအောင်က သေနတ်တစ်လက်ယူဆောင်ခဲ့သည်။ထို့အပြင် မားမားခေါက်ဆွဲအထုပ် ၄၀၀ ခန့်ယူဆောင်ပြီးနောက် အာရှလမ်းမဆီသို့ ဦးတည်လာခဲ့သည်။
စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းတပ်စွဲရောက်ရှိနေသော ဘုရားကုန်းနေရာနှင့် တော်လှန်ရေး ပူးပေါင်းတပ်ရှိနေသော နေရာနှစ်ခုကြားအလယ် အာရှလမ်းမကြီးဘေးတွင် “အာရှလမ်း လမ်းပျက်စီးသည့်နေရာ” ၌ ကားရေဆေးနှင့် စိုက်ပျိုးရေးခြံလုပ်သည့် နေအိမ်တစ်လုံး တွေ့ခဲ့သည်။ အဆိုပါနေအိမ်မှ အိမ်ရှင်များမှာ စစ်ဘေးရှောင်နေရ၍ လူရှိမနေပေ။ ထို့ကြောင့် ကိုနိုင်အေးနှင့် ကိုတင်မိုးအောင်တို့မှာ အဆိုပါနေအိမ်၌ ခတ္တနေထိုင်ခဲ့သည်။ ထိုစဥ်က အဆိုပါနေအိမ်သည် အောင်ဇေယျစစ်ကြောင်းသို့ နောက်ပြန် လမ်းလျှောက်သွားပါက မိနစ်၃၀ခန့်သာကြာပြီး ရှေ့သို့ဆက်သွားပါက တော်လှန်ရေးပူးပေါင်းတပ်ရှိရာလည်း မိနစ် ၃၀ ခန့်သာကြာသည်ဟု ဆိုသည်။
“ ကျနော်တို့က ကြားလယ်ခေါင်မှာနေတာ။ သူတို့အဖွဲ့တွေက ကြားထဲမလာဘူးလေ။ အိမ်မှာက မီးသွေးရော၊ ကြက်တွေရော ဆီ၊ဆားကြက်သွန်အကုန်ရှိတယ်”ဟု ကိုနိုင်အေးက ပြောသည်။ အဆိုပါနေအိမ်၌ ၈ရက်နှင့် ၉ ညကြာနေထိုင်ခဲ့သည်ဟု ဆိုသည်။ ထိုသို့နေထိုင်စဥ်ကာလအတွင်း စိတ်လွတ်လပ်မှုအကောင်းဆုံးဖြစ်နေ၍ စစ်ကြောင်းရှိ သူငယ်များအား လာရောက်ရန် နေ့စဥ်အော်ခေါ်ခဲ့သည်ဟု ကိုတင်မိုးအောင်က ပြောသည်။
မေလဆန်းပိုင်းတွင် အောင်ဇေယျစစ်ကြောင်းက စစ်ကြောင်းထိုးရှေ့တိုးနေ၍ “အာရှလမ်း လမ်းပျက်စီးသည့်နေရာ”သို့ ရောက်ရှိလာမည်ကို ကြိုတင်ခန့်မှန်းမိ၍ မေလ ၁၅ရက်တွင် ဆုံးဖြတ်ချက်တစ်ခု မဖြစ်မနေချရမည်ကို ကြိုတင်တွေးထားခဲ့သည်။ ထို့ကြောင့် မေလ ၁၅ရက်နံနက်တွင် ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပါသည်။
“ အချိန်ကရှစ်ရက်ကြာတယ်။ ရှစ်ညနဲ့ ကိုးရက်ပေါ့ ။ သူငယ်ချင်းတွေကလည်း သေတာအရမ်းများတယ်။ ကျွန်တော်တို့ ဆရာတွေရော၊ ဗိုလ်တွေရော သေတာအရမ်းများတယ်။ သေချာစဉ်းစား ကြည့်လိုက်တော့ ကျွန်တော်တို့ လူငယ်တွေကရှေ့မှာ ထွက်တိုက်နေရတယ်။ အသက်တွေသာ သေသွားတယ်။ ဘာအဓိပ္ပာယ်မှရှိမလာဘူး။ လောက်ကိုင်တို့ဘာတို့ လာရှိုးတို့ ။စစ်တပ်ဘက်မှာနေပြီးတိုက်နေရင် သေသာ သေသွားမယ်။ သေတာ၊ ရှင်တာက တစ်ကဏ္ဍ။ ဒီလိုအခြေအနေဆိုတော့ ငါလုပ်တဲ့အလုပ်သည် ကောင်းနေတာလား ဆိုးနေတာလား ကိုယ့်ကိုယ်ကိုယ် ဝေဖန်တယ် ။ သုံးသပ်တယ်။ အဓိပ္ပာယ်မရှိပဲ အသက်ကို အသေမခံနိုင်တော့ဘူး။ ကိုယ်သေမယ်ဆိုရင်တောင် အဓိပ္ပာယ်ရှိရှိသေချင်တယ်။ အဲဒါကြောင့် လမ်းခွဲလိုက်တာ”ဟု ကိုနိုင်အေးက ပြောသည်။
ထို့သို့ ဆုံးဖြတ်ချက်ရမည်ကို အတော်လေးလံကြာနေ၍ သူငယ်ချင်းဖြစ်သူက ကွမ်းသီးတစ်ခိုင်ခုတ်ပေး၍ စားရင်းစဥ်းစားဟု ပြောဆိုခဲ့ကြောင်း ကိုနိုင်အေးက ဆိုသည်။ ၎င်းကိုယ်တိုင်လည်း ထိုင်းဘတ် အကြွေစေ့တစ်ဘတ်အား ခေါင်း၊ပန်းလှည့်၍ စဥ်းစားဆုံးဖြတ်ခဲ့ရသည်ဟု ဆိုသည်။ ထိုသို့ စဥ်းစားရသည်မှာ အကြောင်းရှိပါသည်ဟု ၎င်းတို့က ဆိုသည်။ တော်လှန်ရေးအဖွဲ့များထံ သွားရောက်အလင်းဝင်ပါက သတ်ပစ်သည်ဟု စစ်တပ်တွင်အရာရှိများက ခြိမ်းခြောက်ဝါဒဖြန့်ပြောဆိုထား၍ အသတ်ခံရမလားဟုစိုးရိမ်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
“ဖုန်းလည်း မသုံးရဘူး။ လိုင်းလည်းမမိဘူး။ သူတို့ပြောသမျှပဲ ယုံနေရတာ”ဟု ကိုတင်မိုးအောင်ကရှေ့တန်းတွင် စစ်သားများ၏ အခြေအနေကို ပြောသည်။
သို့သော် ဦးတည်လာသည့် တော်လှန်ရေးတပ်ရှိရာ ရဲဘော် ငါးဦးနှင့် စတင်တွေ့ဆုံချိန်တွင်တော့ ၎င်းတို့၏ မျက်လုံးအား သေချာကြည့်ဆုံးဖြတ်ရာ ထိုသို့အပြုအမှုမျိုးမတွေ့ရဘဲ နွေးထွေးစွာကြိုဆိုခဲ့သည်ဟု ကိုနိုင်အေးက ဖွင့်ဟသည်။ ထို့နောက် ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူးဗိုလ်ဒါဘောနှင့် တွေ့ဆုံခဲ့ရကြောင်း ဆိုသည်။ ဖုန်းလိုင်းမသုံးရ၍ ကော်ဘရာစစ်ကြောင်းဟူ၍ ကြားဖူးခြင်းမရှိဘဲ တော်လှန်ရေးတပ်ဖွဲ့များဟုသာ သိထားသည်ဟု ဆိုသည်။
“ဟိုဘက်မှာပြောထားတာက စစ်မေတွေရဲမေတွေကို ဘယ်လိုပြောလဲဆိုတော့ မီးရှို့ပြီးသတ်မှာ။ အဲလိုမျိုးတွေ ပြောပြတာဟိုဘက်သွားရင် အသတ်ခံရမှာ၊ အပစ်ခံရမှာ။ အဲလိုပြောထားတော့ ကျနော်တို့ကလည်း လာတုန်းက အဲဒါကြောင့် တော်တော်လေးဆုံးဖြတ်ခဲ့ရတာ”ဟုကိုနိုင်အေးကပြောသည်။
တော်လှန်ရေးအဖွဲ့များနှင့် နဖူးတွေ့ ဒူးတွေ့ တွေ့ချိန်တွင်တော့ စစ်တပ်က လိမ်ညာဝါဒဖြန့်သည်နှင့် ကွဲလွဲနေကြောင်းအလင်းဝင်လာသူ နှစ်ဦးက ဆိုသည်။
“ကိုဒါဘောက ရောက်လာပြီး တွေ့တာနဲ့လက်ဆွဲနှုတ်ဆက်တယ်။ မင်းတို့ ထမင်းစား၊ ဘာတွေလုပ်ချင်လဲ၊ အေးဆေးနေပေါ့။ မင်းတို့ဘက်မှာလိုတော့ မဟုတ်ဘူး။ လွတ်လွတ်လပ်လပ်ပေါ့လို့ ပြောတယ်”ဟု ကိုနိုင်လင်းက ပြောပါသည်။
သေနက်လေးလက်ဖြင့် အလင်းဝင်လာသောသူတို့ နှစ်ဦးကို နမည်ကျော်ကိုဘရာစစ်ကြောင်း စစ်ဆင်ရေးမှူးဗိုလ်ဒါဘောကတစ်ဦးလျင် ထိုင်းဘတ်ငွေ ခုနှစ်သောင်း ( ကျပ်သိန်း ၈၀) ကျော်စီပေးအပ်ဂုဏ်ပြုခဲ့ပါသည်။
ယခုအခါ ကိုနိုင်အေး နှင့် ကိုတင်မိုးအောင်တို့သည် တော်လှန်ရေးအဖွဲ့များ၏ စီစဥ်ပေးမှုဖြင့် ဘေးကင်းလုံခြုံရာသို့ရောက်ရှိနေကြပြီဖြစ်ပါသည်။ ပြည်သူ့ရင်ခွင်ခိုလှုံကြပြီဖြစ်၍ စစ်တပ်မှာလို မတရားသော အမိန့်များ ဖိနှိပ်မှုများအောက်မှ လွတ်မြောက်ခဲ့ပြီဖြစ်၍ စိတ်ရော ကိုယ်ပါ လွတ်လပ်ပေါ့ပါးကာ ဥပဒေနှင့်အညီ ကိုယ်ဝါသနာလုပ်နိုင်ကြပြီဟုသူတို့ကပြောသည်။
အောင်ဇေယျစစ်ကြောင်းမှ ကျန်ရှိသောစစ်သားများအနေနှင့်လည်း အထက်မှ လိမ်လည်ခြိမ်းခြောက်မှုများကို မယုံကြည်ဘဲ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်း၀င်ရန် သူတို့နှစ်ဦးက တိုက်တွန်းလေသည်။
